
၂၄-၇-၂၀၂၁ (နေပြည်တော်)
၁။ တွဲဆွဲရေယာဉ် TUG BRANTAS 1301 မှ ဆွဲလာသော တွဲရေယာဉ် BARGE SINGAA BESAR 2801 သည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ တွင် မလေးရှားနိုင်ငံ၊ လူမွတ် (Lumut) ဆိပ်ကမ်းမှ ကွန်ကရစ် ပိုင်တိုင် (Spun Concrete Piles) ၄၆၆ တိုင် (မက်ထရစ်တန် ၂၆၈၁ တန်ခန့်)ကို တင်ဆောင်၍ ထွက်ခွာခဲ့ရာ ရန်ကုန်ဆိပ်ကမ်း၊ သီလဝါတံတားသို့ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်ဆိုက်ကပ်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း ရာသီဥတုဆိုးဝါးမှုကြောင့် တွဲဆွဲ ရေယာဉ်နှင့် တွဲရေယာဉ် (TUG & BARGE) သည် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ၏ အနောက်ဘက် (၄) မိုင်ခန့် အကွာရှိ ပင်လယ်ကမ်းစပ်၊ ခန့်မှန်း (အယ်တီ- ၆၀၈၅၆၀) ၌ ရာသီဥတုဒဏ် ခိုလှုံနေစဉ် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရာသီဥတု ပိုမိုဆိုးဝါးလာသဖြင့် တွဲဆွဲကြိုး (၂) ချောင်းလုံးပြတ်ကာ တွဲရေယာဉ် BARGE SINGAA BESAR 2801 မှာ မျောပါသောင်တင်မှု ဖြစ်ပွားခဲ့ပါသည်။
၂။ သောင်တင်သွားသည့် တွဲရေယာဉ် BARGE SINGAA BESAR 2801 ၏ လက်ရှိတည်နေရာသည် သံဖြူဇရပ်မြို့နယ်၊ ပင ကျေးရွာ၏ အနောက်တောင်ဘက် (၂ ဒသမ ၅) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၂.၅ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၁.၈ မိနစ် နေရာဖြစ်ပြီး တွဲဆွဲရေယာဉ် TUG BRANTAS 1301 မှာ ၎င်း၏ တောင်ဘက် (၁)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၅၂.၁၉ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၇ ဒီဂရီ ၄၁.၃၇ မိနစ် နေရာတွင် ကျောက်ချ အခြေပြုလျက်ရှိပါသည်။ တွဲဆွဲရေယာဉ်နှင့် တွဲရေယာဉ်ပေါ်တွင် အင်ဒိုနီးရှားရေယာဉ်မှူးအပါအဝင် အင်ဒိုနီးရှားလူမျိုး (၆) ဦးနှင့် မလေးရှားလူမျိုး (၂) ဦး၊ စုစုပေါင်း (၈) ဦးတို့ ပါရှိပါသည်။
၃။ တွဲဆွဲရေယာဉ် TUG BRANTAS 1301 ရေယာဉ်မှူးသည် သောင်တင်လျက်ရှိသည့် တွဲရေယာဉ် BARGE SINGAA BESAR 2801 ကို ဒီရေ အတက်ဆုံးဖြစ်သည့် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့ နံနက်စော အချိန်တွင် တွဲဆွဲရေယာဉ် TUG မှ တွဲဆွဲကြိုးများ ပြုပြင်ချည်နှောင်၍ သောင်မှလွတ်ကင်းစေရန် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
၄။ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တို့အနေဖြင့်လည်း သောင်တင်တွဲရေယာဉ် အမြန်ဆုံးသောင်မှလွတ်ကင်းစေရန်အတွက် သက်ဆိုင်ရာ ရေယာဉ်ပိုင်ရှင်၊ ရေယာဉ်ကိုယ်စားလှယ်များ၊ သင်္ဘော၏ အလံတင်နိုင်ငံ (Flag State) ရေကြောင်းအာဏာပိုင်တို့နှင့် အချိန်နှင့်တစ်ပြေးညီ ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန