
သတင်းထုတ်ပြန်ချက်
ဂျီနီဗာမြို့တွင် လက်ရှိကျင်းပလျက်ရှိသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးနှင့် မြန်မာနိုင်ငံ အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူတို့၏ နှုတ်ဖြင့် အစီရင်ခံစာတင်သွင်းခြင်းနှင့် ယင်းအပေါ် အပြန်အလှန်ဆွေးနွေးမှုများကို သက်ဆိုင်ရာ မြန်မာနိုင်ငံ မပါဝင်ဘဲ ၆-၇-၂၀၂၁ ရက်နှင့် ၇-၇-၂၀၂၁ ရက်များတွင် အသီးသီး ကျင်းပခဲ့သည်။
လူ့အခွင့်အရေးကောင်စီအစည်းအဝေးအတွင်း အပြန်အလှန်ဆွေးနွေးမှုများ ပြုလုပ်ရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ပါဝင်မှုရှိမှသာ မြေပြင်အခြေအနေအမှန်ကို ထင်ဟပ်စေနိုင်မည်ဖြစ်ရာ သက်ဆိုင်ရာ နိုင်ငံ၏ ပါဝင်မှုသည် လွန်စွာအရေးကြီးသည်။ ယင်းသို့ကျင်းပခြင်းသည် အားလုံးပါဝင်သည့် အပြန်အလှန် ဆွေးနွေးမှုများမှတစ်ဆင့် လူ့အခွင့်အရေးကို မြှင့်တင်ကာကွယ်သွားမည့် လူ့အခွင့်အရေးကောင်စီ၏ မူများနှင့် ရည်မှန်းချက်များနှင့် သွေဖည်လျက်ရှိပါသည်။ သို့ပါ၍ သက်ဆိုင်ရာနိုင်ငံမပါဝင်ဘဲ အပြန်အလှန် ဆွေးနွေးမှုများ ကျင်းပခဲ့ခြင်းအပေါ် မြန်မာနိုင်ငံအနေဖြင့် ကန့်ကွက်သည်။
ထို့အပြင် အပြန်အလှန်ဆွေးနွေးမှုများအတွင်း မဟာမင်းကြီး Ms. Michelle Bachelet ၏ ပြောကြားမှုများသည် မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် အမျိုးသား ညီညွတ်ရေးအစိုးရ ဆိုသည့်အဖွဲ့အပေါ် တရားဝင်အဖြစ် အသိအမှတ်ပြုရေးကို လမ်းကြောင်းပေးသည့် သဘောသက်ရောက်လျက်ရှိသည်။ ကုလသမဂ္ဂကို ကိုယ်စားပြုကာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ အပေါ် ဖိအားပေးနေသည့် မဟာမင်းကြီး၏ ယခုကဲ့သို့ပြောဆိုမှုများအပေါ် မြန်မာနိုင်ငံအနေဖြင့် လုံးဝ လက်မခံ ပယ်ချသည်။
အလားတူ အထူးအစီရင်ခံစာတင်သွင်းသူ Mr. Thomas Andrews သည် အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်သည့် တိုက်တွန်းတောင်းဆိုချက်များကို ပြုလုပ်ခဲ့သည့်အပေါ်လည်း ပြင်းထန်စွာ ကန့်ကွက်သည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတစ်နိုင်ငံတည်းကို ဦးတည်ဖိအားပေးအရေးယူသည့် အဆိုများကို အစဉ်တစိုက် ဆန့်ကျင်ခဲ့ပြီး၊ ယင်းရည်ရွယ်ချက်ဖြင့် ခန့်အပ်သော လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၏ လုပ်ပိုင်ခွင့်ကိုလည်း မည်သည့်အခါကမျှ လက်ခံခဲ့ခြင်းမရှိပါ။ သို့ဖြစ်ရာ လူ့အခွင့်အရေးကောင်စီမှ Mr. Thomas Andrews အား မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူအဖြစ် ခန့်အပ်မှုအပေါ် လက်ခံခဲ့ခြင်းမရှိသကဲ့သို့ ပြည်ဝင်ခွင့်လည်း ခွင့်ပြုထားခြင်းမရှိပါ။
မြန်မာနိုင်ငံအနေဖြင့် တိကျခိုင်လုံမှုမရှိသော အချက်အလက်များအပေါ် စိစစ်မှုမရှိဘဲ တစ်ဖက်သတ် ပြောဆိုရှင်းလင်းပြောကြားမှုများနှင့် အချုပ်အခြာအာဏာကို ထိခိုက်စေသည့် ခြိမ်းခြောက်မှုများအားလုံးကို ကန့်ကွက်သည်။ ယင်းပြောဆိုမှုများသည် မြေပြင်အခြေအနေအမှန်နှင့် ကွဲလွဲနေသည့်အပြင်၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဒီမိုကရေစီရည်မှန်းချက်သို့ရောက်ရှိရေး အတွက် သိမ်မွေ့နက်နဲသည့် အကူးအပြောင်းတွင် နိုင်ငံတော်အစိုးရ၏ ကြိုးပမ်းဆောင်ရွက်ချက်များကို လျစ်လျူရှုရာရောက်နေသည်။
လူ့အခွင့်အရေးကောင်စီအနေဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း ကျင့်သုံးဆောင်ရွက်ရန်၊ စံနှုန်း (၂) မျိုးဖြင့် ကျင့်သုံးခြင်းနှင့် နိုင်ငံရေးသဘော သွတ်သွင်းခြင်းတို့ကို ရှောင်ကြဉ်ရန်နှင့် အားလုံးပါဝင်ခြင်း၊ ဘက်လိုက်မှုမရှိခြင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်းနှင့် သီးသန့်ရွေးချယ်ဖိအားပေးမှုမရှိခြင်း စသည်တို့အပေါ် လေးစားလိုက်နာသွားရန် တောင်းဆိုသည်။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အနေဖြင့်လည်း သူမအား ပေးအပ်ထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များကို အပြုသဘော၊ ဘက်လိုက်မှုမရှိ၊ ဓမ္မဓိဋ္ဌာန်ကျကျ ကုလသမဂ္ဂ၏ ပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်သွားရန် တိုက်တွန်းသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၉ ရက်။