
ရန်ကုန် ဩဂုတ် ၂၃
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ငွေရတု သဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ သည်။
ဦးစွာ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ငွေရတုအထိမ်းအမှတ်တေးသီချင်းဖြင့် သီဆိုဖျော်ဖြေ ကြသည်။
ယင်းနောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေက သင်ကြားရေးနှင့် သင်ယူရေးအဖွဲ့၏လုပ်ငန်းစဉ်တွင် အခြေခံပညာနှင့် အဆင့်မြင့်ပညာတို့တွင် ခေတ်နှင့်လျော်ညီသော သင်ရိုးများနှင့် သင်ပြနည်းများကို သုံးသပ်ခြင်း၊ တက္ကသိုလ်ဆရာ ဆရာမများ အရည်အသွေးမြင့်မား ရေးနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေးတွင် အထောက်အကူပေးခြင်း၊ သုတေသနလမ်းညွှန်မှု ပေးရေးအဖွဲ့၏ လုပ်ငန်းစဉ်တွင် အဆင့်မြင့်ပညာ ကဏ္ဍ၌ သုတေသနလမ်းညွှန်မှုပေးခြင်း၊ သုတေသန ပြုနိုင်မည့်အခွင့်အရေးများ ဖန်တီးပေးခြင်း၊ သုတေ သနပညာရှင်များ ပြုစုပျိုးထောင်ပေးခြင်း၊ ပညာ ဖြန့်ဖြူးရေးနှင့် ပညာပြန့်ပွားရေးလုပ်ငန်းစဉ်တွင် သတင်းအချက်အလက် ဖြန့်ဖြူးရေးနည်းပညာ (Information Technology) နှင့် ကွန်ပျူတာ နည်းပညာများ အသုံးပြုနိုင်အောင် လမ်းညွှန်ပေးခြင်း၊ သုတေသီများ၏စာအုပ်၊ စာတမ်းများကို ပုံနှိပ် ထုတ်ဝေခွင့်ဖန်တီးပေးခြင်း၊ ပညာရပ်ဆိုင်ရာစာအုပ် များကို ဘာသာပြန်ဆိုခြင်း၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်ကြီးများအား ဖိတ်ခေါ်ပြီး ပညာပေးဟောပြော ပွဲများကျင်းပခြင်း၊ ပညာရှင်များ ပြုစုပျိုးထောင်ရေး လုပ်ငန်းစဉ်တွင် ဘာသာရပ်အသီးသီးမှ ထူးချွန် သုတေသီများနှင့် ပညာရှင်များအား ဆုချီးမြှင့်ခြင်း၊ ပညာသင်ဆုနှင့် ထောက်ပံ့ကြေးများပေးခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်ခဲ့ကြကြောင်း။
မြန်မာနိုင်ငံ ဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့က ရည်မှန်းချက်များ၊ အဖွဲ့အစည်းများ၊ တာဝန်များကို ချမှတ်ပြီး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံပညာရှင် အဖွဲ့ (၂၅) နှစ်ခရီးတွင် စာတမ်းရှင် ၄၄၅ ဦးကို ဆုများချီးမြှင့်နိုင်ခဲ့သည့် အတွက် ပညာရည်မြှင့်တင်ရေးအတွက် အထောက် အကူဖြစ်စေပါကြောင်း၊ သုတေသနညီလာခံများမှ အရည်အသွေးပြည့်မီသောစာတမ်းများကို သုတေ သနဂျာနယ် နှစ်စဉ်ထုတ်ဝေခဲ့ရာ ယခုအချိန်ထိ ဘာသာရပ်ပေါင်းစုံ ဂျာနယ်အတွဲ ၁၉ တွဲကို ပုံနှိပ် ထုတ်ဝေထားပြီးဖြစ်သည်ကို တွေ့ရပါကြောင်း၊ ပညာ ပြန့်ပွားရေးအတွက် ပညာရှင်အမှုဆောင်အဖွဲ့ဝင်များ က ရေးသားထုတ်ဝေဖြန့်ချိခဲ့သည့် စာအုပ် ၂၆ အုပ် ရှိပါကြောင်း၊ ထပ်မံပြီး မြန်မာနိုင်ငံဝိဇ္ဇာ သိပ္ပံပညာရှင် အဖွဲ့ဆု (Myanmar Academy of Arts and Science Award) ကို တင်သွင်းခဲ့သည့် ပါရဂူကျမ်းများထဲမှ ၂၀၀၇ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်တို့တွင် စတင်ချီးမြှင့်နိုင်ခဲ့ ပါကြောင်း၊ ဝိဇ္ဇာသိပ္ပံပညာရှင်အဖွဲ့၏ ၂၅ နှစ်ခရီး အတွင်း ပညာရှင်အဖွဲ့ဆုရ ကျမ်းပေါင်း ၁၁၄ ကျမ်း ရှိသည်ဟု သိရကြောင်း။
နိုင်ငံတော်စဉ်ဆက်မပြတ် ခေတ်မီဖွံ့ဖြိုးတိုးတက် ရေးအတွက် အခြေခံနှင့်အဆင့်မြင့် ပညာရေး၏အခန်း ကဏ္ဍမှ အားသွန်ခွန်စိုက် ကြိုးပမ်းကြရာတွင် အဆင့်မြင့်ပညာကျောင်းသား ကျောင်းသူများ၊ ဆရာဆရာမများ၏ပညာရည်မြင့်မားရေးမှာ လွန်စွာအရေး ကြီးပါကြောင်း၊ ပညာရည်မြင့်မားရန် သင်ကြား သင်ယူခြင်းသက်သက်မျှသာမက အသစ်အသစ်သော အတတ်ပညာများကို ရှာဖွေခြင်း၊ တီထွင်ဖန်တီးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်တွေ့အသုံးချခြင်းတို့ ပြုလုပ်ရန် လိုအပ်ပါကြောင်း၊ ယင်းသို့ ပညာရည်မြှင့်တင်ရေးလုပ်ငန်းစဉ်များတွင် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံ ပညာရှင်များအဖွဲ့က တစိုက်မတ်မတ် ကြိုးပမ်း အားထုတ်သွားကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မှ ကျောင်းသား ကျောင်းသူများက ရိုးရာအက အလှအပများဖြင့် ဖျော်ဖြေကြသည်။
ယင်းနောက် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသက်လွင်က နှုတ်ခွန်းဆက် စကား ပြောကြားသည်။
ဆက်လက်၍ ဒေါက်တာတင်ညိုနှင့် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်ကျော်တို့က ပညာရှင်ကြီးများ၏ ဦးဆောင်မှုဖြင့် ပညာရည်မြင့်မားသော လူ့စွမ်းအား အရင်းအမြစ်ဘွဲ့ရပညာတတ်များအား လေ့ကျင့် ပျိုးထောင်ပေးခဲ့ပုံကို ဗီဒီယိုမှတ်တမ်းများဖြင့် တင်ပြ ကြသည်။
ထို့နောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင် အမှုဆောင်အဖွဲ့ တွဲဖက်အတွင်းရေးမှူးများက ပညာရှင်ကြီးများအား ဂါရဝပြုဂုဏ်ပြုငွေပေးအပ်ရာ ဝိဇ္ဇာဘာသာရပ်၊ သိပ္ပံဘာသာရပ်၊ အခြားဘာသာရပ် တို့မှ ပညာရှင်ကြီးများက ဝမ်းမြောက်ကြည်နူးဖွယ် စကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများသည် မရမ်းကုန်းမြို့နယ် အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်း၊ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း၊ အင်းစိန်မြို့နယ် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိ ကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာ သင်ကြားနေမှုများကို ကြည့်ရှုအားပေးပြီး ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းပရဝဏ်အတွင်း သန့်ရှင်းသာယာရေးဆောင်ရွက်ထားမှုအခြေအနေ များကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်