
နေပြည်တော် ဇူလိုင် ၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၏ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် ချောင်းမငယ်ရေလှောင်တမံ ပတ်ဝန်းကျင်နှင့် ရုံးပင်သစ်တောကြိုးဝိုင်းဧရိယာ တွင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ဦးစီးဌာနများအလိုက် ကျင်းပသည်။
နှစ်ရှည်ပင် ၁၀၀၀ စိုက်ပျိုးခဲ့
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတန်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်၍ တမလန်း ၂၇၀၊ မဟော်ဂနီ ၂၁၄ ပင်၊ ပိတောက် ၆၀ နှင့် ကျွန်း ၄၅၆ ပင် စုစုပေါင်း နှစ်ရှည်ပင် ၁၀၀၀ ကို စိုက်ပျိုးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယ ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ချောင်းမငယ် ရေလှောင်တမံ ရေသောက်ဧရိယာတွင်ပါဝင်ပြီး ၁၉၅၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် ဆင်အုံကန် ပြုပြင်မွမ်းမံရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။
ချောင်းမငယ် ရေလှောင်တမံပတ်ဝန်းကျင်နှင့် ရုံးပင်သစ်တောကြိုးဝိုင်းဧရိယာတွင် သဘာဝဂေဟ စနစ်အမှီပြု ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ရှေ့ပြေးစီမံကိန်းအဖြစ် ယခုဘဏ္ဍာနှစ်တွင် ရေဝေရေလဲဒေသနှင့် ဆည်ရေသောက် ဧရိယာ အတွင်းရှိ ဒေသနေပြည်သူများ သီးနှံသစ်တော ရောနှောစိုက်ခင်း ထူထောင်လုပ်ကိုင်နိုင်ရေးအတွက် ကော်ဖီ၊ ဝဥ၊ သရက်၊ ငှက်ပျော၊ ပိန္နဲ စသည့် ပျိုးပင် များ ထောက်ပံ့ပေးခြင်း၊ မြေဆီအာဟာရဆိုင်ရာ ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ သီးနှံမျိုးပြောင်းလဲရေးနှင့် စံပြကွက်ဆောင်ရွက်ပေးခြင်း၊ လှေကားထစ် စိုက်ပျိုး နည်းစနစ် သရုပ်ပြစိုက်ပျိုးခြင်းနှင့် ပညာပေး ဆွေးနွေးပွဲသင်တန်းများ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ သစ်တောဦးစီးဌာနမှ သီးနှံသစ်တော ရောနှောစိုက်ခင်း ၁၆ ဧက၊ သီးနှံသစ်တောရောနှော အခြေပြု ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောများ ထူထောင်ခြင်း ၂၄၃ ဧက၊ ကျေးရွာသုံး ထင်းစိုက်ခင်း နှစ်ဧက ဆောင်ရွက်ပေးလျက်ရှိသည်။
မွေးမြူရေးလုပ်ငန်းအတွက် ဒေသကြက်မွေးမြူ ရေးလုပ်ငန်း တစ်ပိုင်တစ်နိုင်မွေးမြူသူ ၁၀၀ နှင့် ဒေသဘဲမွေးမြူရေးလုပ်ငန်းများ တည်ထောင်ပေး ခြင်း၊ စားကျက်မြက်မျိုးများ စမ်းသပ်စိုက်ပျိုးခြင်း များပါဝင်ပြီး တမံအတွင်း ငါးမျိုးကောင်ရေ ၂၀၀၀၀ စိုက်ထည့်ခြင်း၊ ကျောက်တလုံးကျေးရွာအုပ်စုရှိ သုံးဧကအကျယ် အလှစုကန်အတွင်းသို့ ကျေးရွာအစု အဖွဲ့ဖြင့် ငါးကောင်ရေ ၁၀၀၀၀ ထည့်သွင်း မွေးမြူနိုင်ရေးဆောင်ရွက်ပေးခြင်းတို့အပြင် ကျေးရွာ ချင်းဆက်လမ်းများ၊ ကုန်ထုတ်လမ်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
စိုက်ပျိုးရေပေးဝေနိုင်ခဲ့
ချောင်းမငယ်ရေလှောင်တမံမှ ဆင်အုံကန် အထက်ပိုင်းတွင် ရေသောက်ဧရိယာ ဧက ၂၆၄၀ ရှိပြီး ဆင်အုံကန်အောက်ပိုင်းတွင် ရေသောက်ဧရိယာ ၄၅၇၉ ဧက ရှိသည်။ နှစ်ပေါင်း ၆၀ အတွင်း ပြုပြင် မှုမရှိခဲ့သည့် ဆင်အုံကန်အား ကန်ပေါင်ကျောက်ရိုး စီခြင်းနှင့် မူလကန်ပေါင်ထက် နှစ်ပေ မြှင့်တင်ခြင်း၊ ကန်ပေါင်မျက်နှာပြင် အကျယ်ပေ ၂၀ အဖြစ် ပြုပြင် ခြင်း၊ သဲနုန်းတူးဖော်ခြင်း၊ ဒိုက်နှင့် ဗေဒါများ ရှင်းလင်းဖယ်ရှားခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါလုပ်ငန်းအားလုံး၏ ၈၉ ရာခိုင်နှုန်း ပြီးစီး ပြီဖြစ်၍ မူလက ရေဧကပေ ၁၂၀၀ ကျော် သိုလှောင် နိုင်ခဲ့သည့် ဆင်အုံကန်သည် ယခုအခါ ရေဧကပေ ၁၈၀၀ ခန့် သိုလှောင်နိုင်မည်ဖြစ်သည်။ ယခုနှစ် နွေစပါးဧက ၄၃၀၀ အတွက် စိုက်ပျိုးရေပေးဝေ နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်