ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး ဒုတိယအကြိမ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ ပုံမှန်အစည်းအဝေး တက်ရောက်

 

နေပြည်တော်   ဇူလိုင်   ၄ 


ဒုတိယအကြိမ် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ပုံမှန်အစည်း အဝေး(၁/၂၀၂၁)ကို ယမန်နေ့   နံနက်ပိုင်းက   လမ်းမတော်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉  ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။


ပူးပေါင်းဆောင်ရွက်


ရှေးဦးစွာ  ဆောက်လုပ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်   မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၏    တာဝန်ခံဝန်ကြီးဌာနဖြစ်သည်နှင့်အညီ အင်ဂျင်နီယာကောင်စီ၏     လုပ်ငန်းများကို  ရှေ့ဆက်လက်ပြီးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊   မြန်မာနိုင်ငံ  အင်ဂျင်နီယာ ကောင်စီအနေဖြင့် ရှေ့ဆက်လက်ပြီး နိုင်ငံတကာစံနှုန်းများနှင့်အညီ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များ ပြင်ဆင်သည့်လုပ်ငန်းများ၊ အင်ဂျင်နီယာပညာ   မြှင့်တင်သည့်လုပ်ငန်းများ၊   အင်ဂျင်နီယာများ စဉ်ဆက်မပြတ် လေ့လာသင်ကြားရေးနှင့်  အင်ဂျင်နီယာကျင့်ဝတ်၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ကိုင်နိုင်ရေး၊ အင်ဂျင်နီယာနှင့် အင်ဂျင်နီယာပညာရေး   ဒေသတွင်းနိုင်ငံတကာ     အသိအမှတ်ပြု ရရှိရေးလုပ်ငန်းများ   အောင်မြင်အောင်   ဆက်လက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။ အင်ဂျင်နီယာ အရည်အသွေးစနစ်ကျစေရန်အတွက် နာယကကြီးများ၊ ကောင်စီဝင်များနှင့် ပြင်ပပညာရှင်များအားလုံး ပူးပေါင်းဆောင်ရွက် ကြိုးပမ်းကြစေလိုပါကြောင်း ပြောကြားသည်။ 
ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက အမှာစကား ပြောကြားသည်။


ဆက်လက်ကျင်းပခဲ့


ယင်းနောက်     မြန်မာနိုင်ငံ  အင်ဂျင်နီယာကောင်စီ၏   ယနေ့ ကျင်းပသည့် ပထမ (၆) လပတ်  ပုံမှန်အစည်းအဝေးတွင် လစ်လပ် သွားသော ကောင်စီဝင်တစ်ဦး၏နေရာ၌ နာယကကြီးများရှေ့မှောက် တွင်ကတိသစ္စာပြုခန့်ထားခြင်းနှင့် တွဲဖက်အတွင်းရေးမှူး(၁)အဖြစ် အတည်ပြုခန့်ထားခြင်းများဆောင်ရွက်ပြီး အစည်းအဝေး (ပထမပိုင်း) အစီအစဉ်ကို     အောင်မြင်စွာ   ကျင်းပပြီးစီးကာ    အစည်းအဝေး (ဒုတိယပိုင်း) နှင့် (တတိယပိုင်း) တို့ကို အစီအစဉ်အတိုင်း ဆက်လက် ကျင်းပခဲ့ကြောင်း သိရသည်။ 


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး  ဦးရွှေလေးနှင့် အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း)အဆင့်မြှင့်တင်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့်   (ဧရာဝတီတိုင်းဒေသကြီးအပိုင်း)အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုတို့ကို လည်းကောင်း၊ မိုင်တိုင်အမှတ် (၃၂/၄ နှင့် ၃၂/၅) ကြားရှိ ကဇန်းတံတားချဉ်းကပ်လမ်း ကွန်ကရစ်လမ်းတိုးချဲ့ခြင်းလုပ်ငန်းများ      ဆောင်ရွက်ထားရှိမှုကို  လည်းကောင်း၊          လင်းလွန်းပင်တံတားတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊      ဗိုလ်မြတ်ထွန်းတံတားနှင့်     ဧရာဝတီတံတား (ညောင်တုန်း) တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။ 


ကြည့်ရှုစစ်ဆေး


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ကျုံကနောင် (ပန်းတနော်)-ရွှေလောင်း- ဝါးခယ်မလမ်း မိုင်တိုင်(၃/၇ မှ ၁၃/၄)အတွင်း (၉ မိုင် ၄ ဖာလုံ)ကို   (၁၈)ပေအကျယ်    ကွန်ကရစ်ခင်းခြင်း    လုပ်ငန်းများဆောင်ရွက်ထားရှိမှုနှင့် တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၂)မှ     တာဝန်ယူတည်ဆောက်နေသော   ကျွန်းကုန်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်တို့ကိုလည်းကောင်း၊       ကျွန်းကုန်း-မြောင်းမြလမ်းနှင့် မြောင်းမြ- မြင်းကဆိပ်- ကံကုန်း- ပုသိမ်လမ်း ပြုပြင်ထိန်းသိမ်းထားရှိမှုနှင့် ပမ္မဝတီတံတား(မြင်းကဆိပ်)တည်ဆောက် ရေးလုပ်ငန်းခွင်တို့ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးသည်။


တာဝန်ယူတည်ဆောက်


ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်  အဖွဲ့သည် ပုသိမ်မြို့ပြ ဖွံ့ဖြိုးရေးနှင့်     မြို့တွင်းလမ်းများ  အခြေအနေကိုလည်းကောင်း၊ တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၆)မှ တာဝန်ယူတည်ဆောက်ပြီး စီးခဲ့သည့် ပုသိမ်တံတား အမှတ်(၂)သို့လည်းကောင်း ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

သတင်းစဉ်