နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် အမှာစကား

အားလုံးမင်္ဂလာပါ -


ဒီနေ့ကျင်းပပြုလုပ်တဲ့ ၂၀၂၁ ခုနှစ်၊  မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားကို တက်ရောက် လာကြတဲ့    ဧည့်သည်တော်များအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ၊ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဦးစွာနှုတ်ခွန်း ဆက်သအပ်ပါတယ်။


ယနေ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၃)ရက်နေ့မှာ ကျရောက်တဲ့   မြန်မာအမျိုးသမီးများအားလုံး အတွက် နေ့ထူးနေ့မြတ်ဖြစ်တဲ့  မြန်မာအမျိုးသမီး များနေ့မှာ   မြန်မာအမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုပါကြောင်း ပြောကြားလို ပါတယ်။


အမျိုးသမီးများနေ့နဲ့ပတ်သက်လို့   မကြာ သေးမီက   မတ်လ (၈)ရက်နေ့မှာ  ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ကို မြန်မာ နိုင်ငံမှာလည်း အခြားနိုင်ငံများနည်းတူ ကျင်းပခဲ့ပါ တယ်။    ဒါကတော့   ၂၀ ရာစုအစောပိုင်းမှာ အမျိုးသမီးများရဲ့ အခွင့်အရေးများကို တောင်းဆို ခဲ့ကြရာမှအစပြုပြီး ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက် ကျော်မျှရှိတဲ့ အမျိုးသမီးထုကြီးကို ဂုဏ်ပြုသော အားဖြင့်   အပြည်ပြည်ဆိုင်ရာနေ့တစ်နေ့အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက  တရားဝင် အသိ အမှတ်ပြုပြီး ကျင်းပပေးခြင်းဖြစ်ပါတယ်။ 


မြန်မာအမျိုးသမီးများနေ့ကတော့   မြန်မာ နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီဖွဲ့စည်းခဲ့တဲ့ ဇူလိုင်လ (၃) ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့ အဖြစ် နိုင်ငံတော်က သတ်မှတ်ခဲ့ခြင်းဖြစ်ပါတယ်။ မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကို ပြန်လည်ကြည့် မယ်ဆိုရင် မိသားစု၊  လူ့အဖွဲ့အစည်း၊ နိုင်ငံနဲ့လူမျိုး အကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး      လုပ်ငန်းနယ်ပယ်အသီးသီးမှာ မြန်မာအမျိုးသမီးများဟာ    အမျိုးသားများနဲ့ ရင်ပေါင်တန်းပြီး  လွတ်လပ်တက်ကြွစွာ   ပါဝင် စွမ်းဆောင်ခဲ့တဲ့ အစဉ်အလာကောင်းများရှိခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။  လွတ်လပ်ရေးကြိုးပမ်း မှု ကာလတစ်လျှောက်လုံးမှာလည်း လွတ်လပ်ရေး အတွက် အမျိုးသားများနဲ့ တန်းတူလက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြတဲ့  အမျိုးသားရေးလှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ အမျိုးသမီးခေါင်းဆောင် တွေဟာ       မြန်မာအမျိုးသမီးထုတစ်ရပ်လုံး ဂုဏ်ယူမဆုံးဖြစ်ရတဲ့ သမိုင်းမှတ်ကျောက်တွေပဲ ဖြစ်ပါတယ်။ 


လက်ရှိမျက်မှောက်ကာလမှာလည်း မြန်မာ နိုင်ငံရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်အသီးသီးမှာ ခေတ်အဆက်ဆက် ကြီးမား လေးနက်တဲ့    တာဝန်ထမ်းဆောင်နေကြတဲ့ အမျိုးသမီးတွေဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုတွေမှာ   ဦးဆောင်နေကြတာ တွေ့ရပါတယ်။ နိုင်ငံရေး၊   စီးပွားရေးနဲ့  လူမှုရေးဆိုင်ရာ ကဏ္ဍ အသီးသီးအတွက် ဖွဲ့စည်းထားတဲ့  ကော်မရှင်နဲ့ ကော်မတီများမှာ အမျိုးသမီးများပါဝင်နေတာကို တွေ့ရှိရမှာဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးကဏ္ဍ မှာလည်း  အမျိုးသမီးတွေပါ ပါဝင်ထမ်းရွက်နေ ကြပြီဖြစ်ပါတယ်။ 


ဒါ့ကြောင့်လည်း    နိုင်ငံရေး၊  စီးပွားရေး၊ လူမှုရေးကဏ္ဍများနဲ့  အသိပညာ၊  အတတ်ပညာ၊ အနုပညာ၊  ကာကွယ်ရေး၊  လုံခြုံရေးစတဲ့ နယ်ပယ် အသီးသီးမှာ  ပေါ်ထွက်ခဲ့တဲ့  ထူးချွန်ထက်မြက်တဲ့ မြန်မာအမျိုးသမီးတွေရဲ့  စွမ်းဆောင်နိုင်မှုနဲ့အတူ မြန်မာအမျိုးသမီးထုအားလုံးကို   အသိအမှတ်ပြု ဂုဏ်ပြုသောအားဖြင့် မြန်မာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး အခုလို နိုင်ငံတော်အခမ်းအနားအဖြစ် ကျင်းပဂုဏ်ပြုရခြင်းဖြစ်ပါတယ်။    


မြန်မာနိုင်ငံမှာ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းကို အခြေခံပြီး ခန့်မှန်းတွက်ချက်ထားမှုအရ ၂၀၂၁ ခုနှစ်၊ ဧပြီလ(၁) ရက်နေ့ရှိ    ခန့်မှန်းလူဦးရေ  စုစုပေါင်း (၅၅.၁) သန်းခန့်ဟု သိရပါတယ်။ အမျိုးသားဦးရေ (၂၆.၄) သန်းခန့်နှင့် အမျိုးသမီးဦးရေ (၂၈.၇) သန်းခန့် ကို ခန့်မှန်းခဲ့တာကြောင့် အမျိုးသမီးပါဝင်မှု လူဦးရေ မှာ (၅၂.၁၃) ရာခိုင်နှုန်းဖြစ်ပြီး    နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်   နိုင်ငံတော်ရဲ့  နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး ဦးတည်ချက်များ အကောင်အထည်ဖော်ဖို့၊ နိုင်ငံတစ်ဝန်းလုံး    တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ဖို့၊ လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ဖို့ စတဲ့လုပ်ငန်းရပ် တွေ အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက် နိုင်ဖို့ဆိုရင် အမျိုးသမီးတွေရဲ့စွမ်းအားနဲ့ စွမ်းဆောင်မှု တွေဟာ အလွန်အရေးကြီးကြောင်း တွေ့ရမှာဖြစ်ပါ တယ်။ ဒါ့ကြောင့်မို့ ကဏ္ဍပေါင်းစုံမှ အမျိုးသမီးတွေ ပါဝင်နိုင်ဖို့   အခွင့်အလမ်းပေါင်းစုံနဲ့   တန်းတူညီမျှ လုပ်ဆောင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက် နေတာဖြစ်ကြောင်း ပြောကြားလိုပါတယ်။ 


နိုင်ငံတော်ရဲ့    အဓိကစွမ်းအားစုကြီးဖြစ်တဲ့ မြန်မာအမျိုးသမီးများရဲ့ အခန်းကဏ္ဍကို တစ်ဆင့် ထက်တစ်ဆင့် မြင့်မားတိုးတက်စေဖို့၊ ရသင့်ရထိုက် တဲ့ အခွင့်အရေးတွေ တန်းတူညီမျှရရှိစေဖို့အတွက် ၁၉၉၅ ခုနှစ်၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဘေဂျင်း မြို့မှာ   ကျင်းပခဲ့တဲ့   စတုတ္ထအကြိမ်မြောက် ကမ္ဘာ့ အမျိုးသမီးများညီလာခံက   အတည်ပြုချမှတ်ခဲ့တဲ့ အမျိုးသမီးများ         ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍကြီး (၁၂) ရပ်ပါဝင်တဲ့ ဘေဂျင်းကြေညာစာတမ်း (Beijing Declaration)နဲ့ ဘေဂျင်းလုပ်ငန်းစီမံချက်၊ ၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက် ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း (Convention on the Elimination of All forms of Discrimination Against Women-CEDAW)၊     ၂၀၁၅  ခုနှစ်မှာ ကုလသမဂ္ဂကချမှတ်ခဲ့တဲ့   စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှု ပန်းတိုင်များ(Sustainable Development Goals-SDGs) စတဲ့   နိုင်ငံတကာအဆင့်   ကတိကဝတ် ပြုထားမှုတွေကိုလည်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)ပါ ပြဋ္ဌာန်းချက်များနဲ့အညီ အကောင်အထည်ဖော်လျက် ရှိပါတယ်။ 
အဲ့ဒီလို    အကောင်အထည်ဖော်တဲ့နေရာမှာ မြန်မာအမျိုးသမီးများရဲ့ စွမ်းဆောင်ရည်မြင့်မားရေး နဲ့    အမျိုးသမီးများ၏ဘဝ  ဖွံ့ဖြိုးတိုးတက်စေရေး ဦးဆောင်လမ်းညွှန် ဆောင်ရွက်သွားဖို့အတွက် မရှိ မဖြစ်လိုအပ်တဲ့ နိုင်ငံတော်အဆင့်လုပ်ငန်းယန္တရား ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီနဲ့ ဒေသဆိုင်ရာကော်မတီ အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက် လျက်ရှိပါတယ်။


နယ်ပယ်ရပ်အားလုံးမှာ အမျိုးသမီးများ ဟန်ချက် ညီညီ    ဖွံ့ဖြိုးလာစေရေးအတွက်  အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာ ဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ကို ဦးစားပေးလုပ်ငန်း နယ်ပယ် (၁၂)ရပ်ကို အခြေခံပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသလို   မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (Myanmar Sustainable Development Plan-MSDP)နဲ့လည်း ချိတ်ဆက်အကောင်အထည် ဖော်လျက်ရှိပါတယ်။  


အမျိုးသမီးများအပေါ်        နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကြိုတင်ကာကွယ်ရန်နဲ့ စောင့်ရှောက် မှုများပေးနိုင်ရန်အတွက်လည်း    အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေးဥပဒေ (မူကြမ်း) ရေးဆွဲအတည်ပြု ပြဋ္ဌာန်းနိုင်ရေးကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ 
မိမိတို့အနေနဲ့      မြန်မာအမျိုးသမီးထုကြီး တစ်ရပ်လုံးရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရှေ့ပိုင်းမှာ ပြောကြားခဲ့တဲ့ ပုံမှန်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက် လျက်ရှိသလို    လက်ရှိအချိန်ကာလလို  ကမ္ဘာ့ ကပ်ရောဂါ COVID- 19 ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး များကနေ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို   အရှိန်အဟုန်မြှင့်  ဆောင်ရွက်ရာမှာလည်း အမျိုးသမီးများနဲ့   သက်ဆိုင်တဲ့အခန်းကဏ္ဍကို နောက်ကျန်မနေစေဖို့ COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်  (COVID-19 Economic Relief Plan-CERP)  ကို   ရေးဆွဲ အကောင်အထည်ဖော်မှုတွေမှာလည်း  ကျား၊ မ တန်းတူညီမျှမှုရရှိရေးနဲ့ ငယ်ရွယ်သူများအပါအဝင် အမျိုးသမီးများအားလုံး စွမ်းပကား   တိုးမြှင့်စေရေး ဆိုတဲ့အချက်ကို ထည့်သွင်းစဉ်းစားထားကြောင်းကိုလည်း အသိပေးပြောကြားလိုပါတယ်။ 
ဒါ့ကြောင့် ကျား၊ မ ရေးရာတန်းတူညီမျှမှုနဲ့ ကျေးလက်မြို့ပြ  ကွာဟချက်နည်းပြီး  ညီတူညီမျှ ဖွံ့ဖြိုးတိုးတက်ကာ အမျိုးသမီးများ စွမ်းဆောင်ရည် မြင့်မားလာနိုင်စေမယ့် လူမှုကာကွယ်စောင့်ရှောက် ရေးစနစ်များ၊    လူမှုရေးရာဝန်ဆောင်မှုများနဲ့ လုပ်ထုံးလုပ်နည်းများကို ဆက်လက်ဖော်ထုတ်ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။  


နိဂုံးချုပ်အနေနဲ့ 
-    အမျိုးသမီးများရဲ့   လူမှုဘဝဖွံ့ဖြိုးရေး၊ စီးပွားရေး     ဖွံ့ဖြိုးတိုးတက်ရေးတို့နဲ့ သက်ဆိုင်တဲ့လုပ်ငန်း    အစီအစဉ်များ၊ စီမံကိန်းများ၊ စီမံချက်များ ဆောင်ရွက် ရာမှာ       သက်ဆိုင်ရာကဏ္ဍအလိုက် အားလုံးဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ပေးကြပါ။


-    ဒီလို အကောင်အထည်ဖော်ဆောင်ရွက် ရာမှာ    မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်ကြစေဖို့   နိုင်ငံတော်အစိုးရ၊ လူမှုအဖွဲ့အစည်း၊ ပုဂ္ဂလိကကဏ္ဍ၊ ပြည်သူ များနဲ့ အမျိုးသမီးထုကြီးကပါ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးကြပါ။


-    မြန်မာအမျိုးသမီးများသည်   အမျိုးသား တွေနဲ့ရင်ပေါင်တန်းပြီး ကဏ္ဍစုံမှာ ပါဝင် ဆောင်ရွက်နိုင်ဖို့      အမျိုးသမီးတိုင်း စာတတ်မြောက်ရေး၊ အသိဉာဏ်ဖွံ့ဖြိုး ရေး၊  ဗဟုသုတ လေ့လာပြည့်စုံစေရေး၊ ကိုယ်ရည်ကိုယ်သွေး       ပြည့်ဝရေးကို ကြိုးပမ်းအားထုတ်ကြပါ။  


-    ခေတ်အဆက်ဆက်က      စွမ်းရည် ထက်မြက်ကြတဲ့ မြန်မာအမျိုးသမီးတွေ ရဲ့ စွမ်းဆောင်မှုတွေကို လေးစားဂုဏ်ယူ အားကျအတုယူပြီး မျိုးဆက်သစ် မြန်မာ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုနဲ့ စွမ်းရည် မြင့်မားရေးကို        ဦးတည်ကြိုးပမ်း အားထုတ်ပေးကြပါလို့   အလေးအနက် တိုက်တွန်းမှာကြား အပ်ပါတယ်။
စွမ်းဆောင်ရည်ပြည့်ဝတဲ့ မြန်မာအမျိုးသမီး များ  တိုးပွားသည်ထက်  တိုးပွားပြီး နိုင်ငံနဲ့လူမျိုး အကျိုးကို မြင့်မားသည်ထက် မြင့်မားရလေအောင် ဆောင်ရွက်နိုင်ကြပါစေ။


အားလုံးကို ကျေးဇူးတင်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် 
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ