နေမိဇာတ်တော်

 

မြတ်မင်းလှိုင်

 

ယမန်နေ့မှအဆက်


ထိုအခါ   မာတလိက အောက်၊ အထက်ခရီးကို တစ်ပေါင်းတည်း သွားရန်မဖြစ်နိုင်၍  မည်သည့်ခရီး   ရှေးဦးစွာ     ကြွမြင်တော်မူ လိုသနည်းဟု မေးမြန်းရာ မင်းကြီးက ငရဲပြည်ကိုကြည့်ပြီးမှ နတ်ပြည် သို့တက်မည်ဟု ဖြေကြားလေသည်။ 


ထိုအခါ မာတလိနတ်သားသည် သိဉ္ဇိုးငရဲကြီး၏ အရန်ဖြစ်သော ဥဿဒငရဲပြည်သို့  မြင်းပျံတစ်ထောင်ဆောင်သော  ဝေဇယန္တာ နတ် ရထားဖြင့် ခရီးစတင်လေသည်။ 


ဝေဇယန္တာရထားမှူး  မာတလိနတ်သားသည် သိဉ္ဇိုးငရဲကြီး၏ အရန်ဖြစ်သော ဝေတရဏီ ကြိမ်ပိုက်ချောင်း ဥဿဒရက်ငရဲသို့ ရောက် သောအခါ မိမိတန်ခိုးဖြင့် ငရဲခံရကုန်သော သတ္တဝါအပေါင်းတို့အား နေမိမင်းကြီးအား မြင်တော်မူစေ၏။ သံရည်ပုံးထဲ၌ အလျှံတောက်သော သံကြာရွက်များပြည့်၍  ရေတစ်ပြင်လုံး၌  သင်တုန်းဓားများစိုက်ထား သည့်အပြင် သံဆူးကြိမ်နွယ်တို့လည်း များလှ၏။ ငရဲခံရသူတို့သည် ငရဲထိန်းများ၏ နှိပ်စက်မှုကိုမခံနိုင်၍  ကြိမ်ပိုက်ချောင်းထဲသို့ကျကာ စူးရှပေါက်ပြဲကုန်၏။    လူ့ဘဝက   အားနည်းသောသူတို့ကို  မိမိ၏ အာဏာ၊ စည်းစိမ်၊ လက်ရုံးအား စသည်တစ်နည်းနည်းဖြင့် ညှဉ်းဆဲသူ များ ဖြစ်ကြပေသည်။ 


ထို့နောက် ခွေးကျားကြီးငရဲသို့ ရောက်ပြန်သည်။ ထိုငရဲခွေးတို့ သည်   ဆင်လောက်ကြီးမားသည်။ ကျီး၊ လင်းတတို့သည်လည်း လှည်းဘီး ခန့်ကြီးမား၏။  သွားနှုတ်သီးတို့သည် သံဖြစ်၏။ ငရဲခံရသူ တို့အား ငရဲခွေးနှင့် ကျီး၊ လင်းတတို့သည် ကိုက်ဖြတ်ထိုးဖောက်ကြသည်။ ထိုငရဲခံရသူတို့မှာ လူဖြစ်စဉ်က စဉ်းလဲဝန်တို ဆဲဆိုနှုတ်ကြမ်းသူများ ဖြစ်ကြသည်။ 


ထိုမှတစ်ဖန် သဇောတိငရဲသို့ ရောက်ပြန်သည်။ ထိုငရဲ၌ လူ့ဘဝက ကုသိုလ်ပြုသည်ကို မနာလိုခြင်း၊ သူတော်ကောင်းတို့အား ညှဉ်းဆဲခြင်း စောင်းမြောင်းခြင်းပြုခဲ့သူတို့ခံရသည့် ငရဲဖြစ်သည်။ ကိုးယူဇနာခန့် အလျှံပြောင်ပြောင်  တောက်နေသောမြေ၌ ငရဲခံရသူတို့သည် နင်း သွား၍ ငရဲထိန်းတို့က ထန်းလုံးခန့် တောက်လောင်နေသော လှံတံဖြင့် ရိုက်ပုတ်နှိပ်စက်ခြင်းကိုခံရသည့် သဇောတိငရဲဖြစ်သည်။ 


လူဖြစ်စဉ်က     လိမ်လည်အလှူခံ၍   ကိုယ်ကျိုးစားသုံးသူများ ငရဲခံရသည့် မီးကျီးတွင်းငရဲသို့ရောက်ရှိခဲ့ပြန်သည်။ ငရဲထိန်းတို့သည် အလျှံပြောင်ပြောင်တောက်လောင်သော သန်လျက်လှံတို့ဖြင့် ငရဲသား များအား  ထိုးခုတ်ရိုက်ပုတ်ကာ   မီးကျီးတွင်းသို့ဆင်းစေပြီး သံခြင်း တောင်းဖြင့် မီးကျီးခဲကို အပေါ်မှလောင်းချခြင်း ပြုလေသည်။ 


မာတလိသည် သံတောင်ကြီးကဲ့သို့သော အိုးထဲ၌ သံရည်ပူတို့ ထားပြီး ငရဲထိန်းတို့က ငရဲခံရသူတို့အား ထိုအိုးထဲသို့ ဇောက်ထိုး ပစ်ချသည့် သံအိုးငရဲသို့ နှင်ပြန်သည်။  လူ့ဘဝက  အကျင့်သီလရှိသူ များအား ဆဲရေး သတ်ပုတ်ခဲ့သူများ ကျခံရသည့်ငရဲခန်း ဖြစ်ကြသည်။


လူ့ဘဝက     ငှက်ခတ်မုဆိုးများဖြစ်ခဲ့၍  ငရဲ၌ရဲရဲတောက်သော သံကြိုးဖြင့်ချည်နှောင်ကာ သံရည်အိုးကင်း ထဲသို့ပြစ်ချခံနေရသည့် ဒုတိယလောဟကုမ္ဘီငရဲသို့ ရောက်ကြပြန်သည်။ ထို့နောက်ပူပြင်းသော သံမြေကိုနင်း၍  ရေငတ်မွတ်သဖြင့်  မြစ်သို့ဆင်းသောက်သည့်အခါ မြစ်သည်ပြာပူအတိဖြစ်၍ နှုတ်ခမ်း၊ အူ၊ အသည်းတို့လောင်မြိုက် ယိုထွက်သည့်ပြာပူမြစ်ငရဲသို့ရောက်ရှိပြန်သည်။ ထိုငရဲခန်း၌ ကျခံနေရ သူများမှာ လူ့ဘဝက စပါးကုန်သည်များဖြစ်ပြီး စပါးကို  သဲ၊ မြေ၊ ဆီးစေ့ စသည်တို့ကို ရောပြွမ်းရောင်းချခဲ့ကြသူများ ဖြစ်သည်။ 


မာတလိနတ်သားသည် ထိုမှတစ်ဖန်လက်နက်ငရဲသို့ နှင်ပြန်လေ သည်။ ငရဲထိန်းသို့သည်    ငရဲသားတို့အား   လက်နက်မျိုးစုံဖြင့် အပိုင်းပိုင်းဖြတ်ခြင်း၊ သီခြင်း၊ ထိုးဆွခြင်း၊ ရိုက်နှက်ခြင်းတို့ကို ပြုသည့် ငရဲဖြစ်သည်။ လူ့ဘဝက သက်ရှိသက်မဲ့ ဥစ္စာတို့ကို ခိုးယူခဲ့သူတို့ ကျခံ ရသည့်ငရဲခန်းဖြစ်ကြသည်။ 


လူ့ဘဝက တံငါသားထိုးလုပ်ကိုင်ကြ၍ ငရဲထိန်းတို့က ငရဲသူတို့ အား ရဲရဲတောက်သော သံကြိုးဖြင့်ချည်၍ လက်နက်တို့ဖြင့် ထိုးခုတ် သဖြင့် ငရဲကျခံရသူတို့ မသေမရှင် ခံစားရသည့်အသားစုငရဲသို့ ရောက် ပြန်သည်။ ထို့နောက်ရွံဖွယ်အတိဖြစ်သော အညစ်အကြေးမစင်တို့ကို စားသောက်ခြင်းဖြင့် ငရဲခံနေကြရသော ကျင်ကြီးကျင်ငယ်တွင်း ငရဲ သို့ရောက်ပြန်သည်။ ထိုသူတို့သည် လူဘဝက အမှုမရှိသူကိုအမှုရှာ၊ အမှုရှိသူကို မျက်နှာသာပေး၍ အဂတိလိုက်စားသူများဖြစ်ကြသည်။ အမိ အဖ သံဃာတို့အား ပြစ်မှားသတ်ဖြတ်၍ သွေးပြည်အရိအရွဲများကို စားသောက်ကြရသည့် သွေးပြည်တွင်း ငရဲသို့ရောက်ခဲ့ပြန်သည်။ ထို့နောက် လူဖြစ်စဉ်က စဉ်းလဲမှုများတွင် အဂတိလိုက်စား၍ ခုံသမတ်၊ ရာဖြတ်ပွဲစားပြုခဲ့သူများ ခံနေရသည့်အရေဆုတ် အသားဖြတ်ငရဲသို့ ရောက်ရှိခဲ့ပြန်သည်။ အာစောက်လျှာရင်းတို့ ဖောက်ထွင်းချိတ်ဆွဲကာ ပူပြင်းသော     သံမြေပြင်ပေါ်သို့တင်ပြီး    နှိပ်စက်ခံနေကြရသည်။ ထို့နောက်လူ့ဘဝက သယောက်လင်စောင်ထားသော  မိန်းမများချည် အား   သံလှိမ့်လုံးကြီးများဖြင့်  လှိမ့်သည့်သံကြိတ်လုံးငရဲ၊ လူ့ဘဝ၌ သူတစ်ပါး    သားမယားကို   ပြစ်မှား   ကျူးလွန်ခဲ့၍   မီးကျီးစုပေါ်သို့ ကိုယ်ကို ဇောက်ထိုးကိုင်ညှစ်ချသည့်  ဦးစောက်ချငရဲခန်း၊ လူ့ဘဝ၌ ကံ၊ ကံ၏အကျိုးကို မယုံကြည်ဘဲမှားသော အယူကိုယူခဲ့ကြသူများအား သံဖြည့်ဆူးဖြင့်    ပြည့်နေသော လက်ပံပင်၌ လင်သည်အောက်မှ အထက်သို့၊ မယားသည်အထက်မှ အောက်သို့ တက်စေဆင်းစေ၍ ဆူးများစူးရှ၍ ပျက်စီးကြရသည့် လက်ပံတောငရဲသို့ ရောက်ရှိခဲ့ပြန် သည်။ နေမိမင်းသည်     ထိုထိုသောငရဲသားများအား   မြင်တွေ့ရသဖြင့် ထိတ်လန့်မှုနှင့်အတူ သံဝေဂရရှိလေသည်။ 


ဝေဇယန္တာရထားမှူး  မာတလိနတ်သားသည်  နေမိမင်းကြီးအား ငရဲပြည်ကိုပြပြီးနောက် ငရဲပြည်မှ ပြန်တက်၍ အထက်နတ်နန်းသို့  ကောင်းကင်ခရီးဖြင့်နှင်လာရာ မြင်းမိုရ်သတ္တရဘန် (မြင်းမိုရ်တောင်စဉ် ခုနစ်ထပ်) သို့ မရောက်မီ ဘုံငါးဆင့်ရှိ အမြင့် ၁၂ ယူဇနာရှိသော ဗိရဏီ နတ်သမီး၏ ပတ္တမြားဗိမာန်သို့ ရောက်လေသည်။ ဗိရဏီနတ်သမီးသည် ကဿပဘုရားရှင်လက်ထက်က ပုဏ္ဏား၏အစေခံဖြစ်ခဲ့သည်။ သခင် ပုဏ္ဏားပြုလိုသည်    သံဃာရှစ်ပါးအား   နေ့စဉ်ဆွမ်းလုပ်ကျွေးရန် စီစဉ်ပေးသည့်အပြင်   မိမိရသည့် ဥစ္စာဖြင့်လည်း လှူဒါန်း၍ သီလ ဆောက်တည်ခဲ့သဖြင့် ဤဗိမာန်ရှင်ဖြစ်လာရသည်။ 


ထိုမှတစ်ဆင့် မာတလိနတ်သားသည် ရထားကိုဆက်လက်နှင်ခဲ့ရာ သောဏဒိန်ဘုံ၊ ဖလိကဝိမာနဗိမာန်၊ ဝေဠုရိယဝိမာနဗိမာန်၊ ဒုတိယ ဖလိကဝိမာနဗိမာန်၊ တတိယဖလိကဝိမာနဗိမာန်၊ ဒုတိယဝေဠုရိယဝိ မာနဗိမာန်၊ ကဉ္စနဝိမာနဗိမာန်၊ အာကာသဌဝိမာနဗိမာန်၊ စတုမဟာ ရာဇ်ဘုံများသို့  ရောက်ရှိပြီးသည်နောက် တာဝတိံသာ နတ်ပြည်သို့ ရောက်ရှိလေသည်။ 


သောဏဒိန်ဘုံ၌  စံစားနေသော နတ်သားသည် ကဿပဘုရား လက်ထက်၌  သူကြွယ်ဖြစ်ပြီး ဥပုသ်သီတင်းနေ့တိုင်း ဆောက်တည်ခဲ့၍ ဤစည်းစိမ်ကို ရရှိခြင်းဖြစ်သည်။ ဖလိကဝိမာန ဗိမာန်သည်နတ်သမီး များစံရာ ဘုံဖြစ်ပြီးအမြင့် ၂၅  ယူဇနာရှိ၍  ရတနာခုနစ်ပါး  ခြယ်လှယ် လျက် ဖလ်သားအတိ ဘုံနန်းဖြစ်သည်။ 


 ထိုနတ်သမီးများသည်  ကဿပဘုရားရှင်  လက်ထက်တော်၌ ဗာရာဏသီပြည်မှ သူငယ်ချင်းတစ်စုဖြစ်ပြီး သီလဆောက်တည်ခြင်း၊ ကုသိုလ်ဒါနအတူစီမံပြုလုပ်ခြင်း၊ ရတနာသုံးပါးကို ဆည်းကပ်ခြင်း၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းစသည့် ကောင်းမှုကုသိုလ်များကြောင့် ဤသို့ စံစားနေကြရခြင်းဖြစ်သည်။ ဝေဠုရိယဝိမာနဗိမာန်သည် ကျောက် မျက်ရွဲ၊ မြပုလဲမျက်ရှင်တို့ ထွန်းတောက်လျက်ရှိပြီး နတ်သမီးပေါင်း များစွာ  ခြံရံလျက် နတ်သားနတ်သမီးအစုံတို့ စံမြန်းရာဗိမာန်ဖြစ်သည်။ ထိုနတ်သား  နတ်သမီးတို့သည်  ကဿပဘုရားရှင်လက်ထက်တော်က အတူစုပေါင်း၍ ရတနာသုံးပါးကိုဆည်းကပ်ခြင်း၊ သံဃာတော်များအား ဝတ္ထုပစ္စည်းဆွမ်းသင်္ကန်းလှူဒါန်းခြင်း၊  ရေကန်၊  ရေတွင်း၊  ဇရပ် ဆောက်လုပ်ခြင်း စသည့်ကောင်းမှုတို့ကို ပြုခဲ့ကြသူများဖြစ်သည်။ ဒုတိယဖလိကဝိမာနဗိမာန်သည် ဖလ်နန်းဗိမာန်ကြီးဖြစ်ပြီး ရတနာ များအပြည့်ဖြင့် မွှေးထုံသောပန်းဥယျာဉ် ခြံရံလျက်ရှိသည်။ ထိုဗိမာန်၌ စံမြန်းနေသောနတ်သားသည် ကဿပဘုရားရှင် လက်ထက်တော်က မိတ္ထီလာပြည်မှ သူကြွယ်ဖြစ်ပြီး သီတင်းသီလဆောက်တည်ပြီး ရဟန်း  တို့အား    ပစ္စည်းပရိက္ခရာနှင့်    ကျောင်းကန်လှူဒါန်းခဲ့သူဖြစ်သည်။ ဖလ်အတိပြီး၍ ရေကန်ဥယျာဉ်နှင့်တကွ ရတနာခုနစ်ပါးခြယ်လှယ် အပ်သော    တတိယဖလိကဝိမာန  ဗိမာန်ရှင်သည်  ကဿပဘုရား လက်ထက်က မိတ္တိလာပြည်မှ  သူကြွယ်ဖြစ်သည်။ ရဟန္တာတို့အား  ဥယျာဉ်၊    ရေကန်၊   စောင်းတန်း   စသည်များကို    ဆောက်လုပ် လှူဒါန်းခဲ့သည်။ ဝေဠုရိယကျောက်မျက်ရတနာများဖြင့် ရွှန်းလင်း တောက်ပသော  ဒုတိယဝေဠုရိယဝိမာန ဗိမာန်ရှင်သည် ကဿပဘုရား လက်ထက်   သူကြွယ်ဘဝက  ကံ၊  ကံ၏အကျိုးကို ယုံကြည်လျက် သံဃာတော်များအား  လှူဒါန်းခဲ့သောအကျိုးကို စံစားနေသူဖြစ်သည်။ ရွှေစင်အတိပြီးသော   ကဉ္စနဝိမာနဗိမာန်ရှင်သည်  ကဿပဘုရား လက်ထက်တော်က သာဝတ္ထိပြည်မှ သူကြွယ်ဖြစ်ပြီး ကျောင်း၊ ဇရပ်၊ ရေတွင်း၊  ရေကန်ဆောက်လုပ်ခြင်း၊ ဥပုသ်သီတင်းဆောက်တည်ခြင်း တို့ပြုခဲ့သူဖြစ်သည်။  အာကာသဌဝိမာနဗိမာန်သည်  လျှပ်စစ်ပြက်  သကဲ့သို့  ဝင်းလက်သောပြာသာဒ် ဗိမာန်ကြီးဖြစ်ပြီး စံမြန်းသည့် ဗိမာန်ရှင်သည်  ကဿပဘုရားလက်ထက်တော်က ရဟန်းသာမဏေပြု ၍ သာသနာတော်ကို ချီးမြှောက်ကာ သီလဘာဝနာဖြည့်ဆည်းခဲ့သူ ဖြစ်သည်။ စတုမဟာရာဇ်ဘုံသည် ဘုန်းတန်ခိုးကြီးသော နဂါး၊ ဂဠုန်၊ ကုမ္ဘာန်၊  ရက္ခိုသ်တို့၏   သေနင်းနတ်မင်းကြီး လေးပါးပျော်စံရာဌာန ဖြစ်သည်။ 


မာတလိနတ်သားသည် သုဒဿနမြို့အရှေ့မျက်နှာ စိတ်တကုဋ် တံခါးမှ ဝင်လေသည်။ ထိုတံခါးတန်ဆောင်း၌ထားသော သိကြားရုပ် များကို  နေမိမင်းကြီးအားပြသလေသည်။ ရှေးသောအခါ လူ့ပြည် မဂဓရာဇ်တိုင်း မဇလရွာမှမာဃလုလင်နှင့် အပေါင်းအဖော် သုံးကျိပ် တို့သည် ကုသိုလ်ကံကြောင့် သိကြားမင်းဖြစ်လာ၏။ ရှိနှင့်ပြီးသော သိကြားမင်းအဟောင်းနှင့်   မြို့ကိုထက်ဝက်စီခွဲ၍  အုပ်ချုပ်ကြ၏။ သိကြားမင်းအဟောင်းသည် ကာမဂုဏ်ကျူး၍  ယစ်မူးမေ့လျော့သဖြင့် နတ်ပရိသတ်နှင့်တကွ မာဃသိကြားတို့က တွန်းဖယ်ခဲ့ရာ မြင်းမိုရ် တောင်ခြေ၌ အသုရာပြည်ကိုတည်လေသည်။ 


ထိုမာဃသိကြားမင်းသည် လူဘဝက သုဇာတာ၊ သုဓမ္မာ၊ သုနန္ဒာ၊ သုစိတ္တာဟူသော  ခင်ပွန်း   လေးဦးရှိသည်။ အငယ်သုံးယောက်သည် ဥယျာဉ်ဇရပ်တန်ဆောင်း ကောင်းမှုကြောင့် နတ်မင်းနှင့်အတူ မရှေး မနှောင်းပင်  တာဝတိံသာနတ်ပြည်၌  နတ်မိဖုရားဖြစ်လာကြသည်။ သုဇာတာမိဖုရားကြီးသည်  ကောင်းမှုတို့ကို  မေ့လျော့ခဲ့သဖြင့် စုတေ လျှင် ဥဗျိုင်းမဖြစ်ခဲ့ရသည်။ သိကြားမင်း၏ စောင်မမှုကြောင့် ဥဗျိုင်း အဖြစ်မှ    လူ့ပြည်တွင်  သူဆင်းရဲမ၊ ထိုမှတစ်ဆင့် အသုရာပြည်၌ အသုရာနတ်သမီး  ဖြစ်လေသည်။ 


ဆက်လက်ဖော်ပြပါမည်