
သတင်းထုတ်ပြန်ချက်
နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ ပြောရေးဆိုခွင့်ရှိသူက မြန်မာနိုင်ငံရှိ ကုလသမဂ္ဂဌာနကိုယ်စားလှယ် အဖွဲ့မှရရှိသည့် အတည်မပြုနိုင်သည့် အချက်အလက်များအပေါ်ကိုးကားလျက် ဆန္ဒပြသူများ၏ ဖမ်းဆီး၊ သေဆုံးစာရင်းများနှင့် ပတ်သက်ပြီး ၂၉-၆-၂၀၂၁ ရက်နေ့က ပြောဆိုခဲ့မှုများသည် မှန်ကန်တိကျမှုမရှိကြောင်း တွေ့ရှိရသဖြင့် ယင်းအပေါ် ပြင်းထန်စွာကန့်ကွက်ပါသည်။
ယင်းသို့ ကန့်ကွက်ကြောင်းနှင့် ကုလသမဂ္ဂ website ရှိ နိုင်ငံများအား ဖော်ပြသည့် မြန်မာနိုင်ငံနေရာတွင် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားသည့် NUG website သို့ ချိတ်ဆက်ဖော်ပြထားမှုအပေါ် ကန့်ကွက်ကြောင်းနှင့် ယင်းသို့ ချိတ်ဆက်ဖော်ပြထားခြင်းသည် မှန်ကန်မှု ရှိ-မရှိ ဆောလျင်စွာ စိစစ်ပြန်ကြားပေးရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က ရန်ကုန်မြို့၌ ကုလသမဂ္ဂဌာနေ ညှိနှိုင်းရေးမှူးရုံးအဖွဲ့၏ တာဝန်ရှိသူအား ၂-၇-၂၀၂၁ ရက်တွင် ခေါ်ယူကန့်ကွက် အသိပေးပြောကြားခဲ့ပြီး ဖြစ်ပါသည်။
ကုလသမဂ္ဂအနေဖြင့် သတင်းထုတ်ပြန်မှုနှင့် ရှင်းလင်းမှုများ ပြုလုပ်ရာတွင် တိကျခိုင်လုံမှုမရှိသော အချက်အလက်များအပေါ် စိစစ်မှု မရှိဘဲ တစ်ဖက်သတ် ထုတ်ပြန်ပြောဆိုမှုများကို မပြုလုပ်ရန်နှင့် ယင်းသို့မပြုလုပ်မီ သက်ဆိုင်ရာအစိုးရဌာနများနှင့် စိစစ်အတည်ပြုရန် အထူးလိုအပ်ကြောင်း ဖော်ပြအပ်ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန၊
နေပြည်တော်
ရက်စွဲ။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂ ရက်