ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းသား ကျောင်းသူများ ပညာသင်ကြားလျက်ရှိ

 

မုံရွာ  ဇူလိုင်  ၂


စစ်ကိုင်းတိုင်းဒေသကြီး  စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီးစီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်   ဗိုလ်မှူးကြီး  ဝင်းတင်စိုး၊ ဦးတင်သန်းဝင်းနှင့်အဖွဲ့သည်  ယနေ့   နံနက်ပိုင်းက  မုံရွာမြို့ ဒေါနခြံရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း  ကျောင်းခန်းမ ၌ ဆရာ  ဆရာမများ၊ ကျောင်းသား မိဘများနှင့်  တွေ့ဆုံသည်။


ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက အမှာစကားပြောကြားရာတွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေး   စည်းကမ်းချက်များ နှင့်အညီ  ကျောင်းသား ကျောင်းသူများ   ပညာ သင်ကြားလျက်ရှိရာ ဆရာ၊ မိဘများက ပူးပေါင်း၍ ကျောင်းပတ်ဝန်းကျင်လုံခြုံရေးကို အထူးအလေးထား ဆောင်ရွက်ကြရန်နှင့် လုံခြုံရေးအတွက် အရေးပေါ် ဖုန်းနံပါတ်များကိုလည်း ကျောင်းများတွင် ဗီနိုင်း များဖြင့် ကြေညာထားပါကြောင်း ပြောကြားသည်။

ယင်းနောက် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏   မိဘများက    လိုအပ်သည်များ တင်ပြရာ  တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ  ဦးမောင်မောင်လင်းက    ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးသည်။  ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်      အဖွဲ့သည် ကျောင်းသား ကျောင်းသူများ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။


ဆက်လက်၍  တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့်   အဖွဲ့ဝင်များသည်  အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှု၍ မိဘ၊ ဆရာများနှင့် တွေ့ဆုံကာ   လိုအပ် သည်များ    ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။


တိုင်းဒေသကြီး (ပြန်/ဆက်)