
မုံရွာ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့် ဆန်ဈေးနှုန်း မှန်ကန်တည်ငြိမ်စွာ ရောင်းချရေး ညှိနှိုင်းအစည်းအဝေးကို ဇွန်၂၈ ရက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဆန်ကုန်သည်၊ ဆီကုန်သည် လုပ်ငန်း ရှင်များ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆန် ဈေးကွက်အတွင်း ဈေးကစားရန် ရည်ရွယ်ချက် ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းခြင်း များကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး စောင့်ကြည့်၍ လိုအပ်သည်များကို အရေးယူ ဆောင်ရွက်နိုင်ရေးနှင့် ဆန်သိုလှောင်ဈေးနှုန်းမြှင့်တင် ရောင်းချနေမှုများအတွက် စိစစ်ရေးအဖွဲ့ကိုလည်း ဖွဲ့စည်းတာဝန်ပေးထားပြီးဖြစ်ကြောင်း။
စားသုံးဆီများ ဖြန့်ဖြူးရောင်းချရာတွင် စနစ် တကျရှိစေရေးနှင့် စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများ၊ အရောင်း ကိုယ်စားလှယ်များ၊ လက်လီ/လက်ကားရောင်းချ သူများအား အဆင့်ဆင့်ထိန်းကျောင်းခြင်း စသည်ဖြင့် တာဝန်ခံမှု၊ တာဝန်ယူမှုများဖြင့် လုပ်ငန်းများ ဆောင် ရွက်သွားကြရန်လိုအပ်ကြောင်း၊ ပြည်သူများ၏ အခြေခံ စားကုန် ဆန်နှင့် စားသုံးဆီဈေးနှုန်းများ မြင့်တက်မှု မရှိစေရေး၊ ဆန်ကုန်သည်၊ စားသုံးဆီ ကုန်သည်များ အနေဖြင့် မိမိတို့တိုင်းဒေသကြီးအတွက် မိမိအကျိုး အများအကျိုး ညီညွတ်မျှတစွာဖြင့် ဥပဒေစည်းမျဉ်း စည်းကမ်းများကိုလည်း လေးစားလိုက်နာဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်များတွင် စားသုံးဆီနှင့် ဆန်ဈေးနှုန်း မှန်ကန်တည်ငြိမ်စွာ ရောင်းချနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူးက ဆန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် စားသုံးဆီဖြန့်ဖြူးရောင်းချမှု အခြေအနေများကို လည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားကြသည်။
ထို့နောက် တက်ရောက်လာကြသော ဆန်ကုန် သည်၊ ဆီကုန်သည်လုပ်ငန်းရှင်များက မိမိတို့လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများ နှင့်ပြည်သူများထံသို့ ဆန်၊ စားသုံးဆီများ ဈေးနှုန်းမှန်ကန်စွာရောင်းချပေးနေမှု၊ လက်လီလက်ကား ရောင်းချပေးနေမှု၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီး ရရှိရေး၊ စားသုံးဆီများခွဲဝေရရှိမှု၊ ဖြန့်ဖြူးရောင်းချပေး နေမှု၊ အပတ်စဉ်ဈေးကားများဖြင့် စားသုံးဆီများ ရောင်းချပေးနေမှုအခြေအနေများနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဖြည့်ဆည်းပေါင်းစပ်ပေးရမည့် လုပ်ငန်း အခြေအနေများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် များနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများက တိုင်းဒေသကြီးအတွင်း စားသုံးဆီနှင့်ဆန်ဈေးနှုန်းမှန်ကန်တည်ငြိမ်စွာ ရောင်းချရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ဖြည့်စွက်အကြံပြု ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)