
နဒီမင်း
ရန်ကုန်မြို့၏ အထင်ကရ အင်းယားကန် ရေပြင်ထက်တွင် ရွက်စုံကို လေနှင်ရာအလိုက်သင့် ဟန်ချက်ညီညီ ထိန်းကျောင်းရင်း ဦးတည်ရာ ပန်းတိုင်ဆီသို့ ဖြည်းဖြည်း ငြိမ့်ငြိမ့်လေး သွားလာနေသည့် အဖြူရောင် ရွက်လှေငယ်များ။
ထိုမြင်ကွင်းကား မြန်မာနိုင်ငံတွင် ရွက်လှေအားကစားနည်း စတင်သန္ဓေ တည်ရာ ရန်ကုန်ရွက်လှေအသင်း၏ အင်းယားကန်ရေပြင်တွင် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်က တစ်နှစ်တာကာလ အတွင်း ကြီးမှူးကျင်းပသည့်ပြိုင်ပွဲများအနက် အဆင့်မြင့်ဆုံး တံခွန်စိုက် အလွတ်တန်းပြိုင်ပွဲကြီး ကျင်းပနေခြင်း ပင် ဖြစ်သည်။
ရွက်လှေအားကစား သမိုင်းကြောင်း
“ဒီပြိုင်ပွဲက မေလ ၁၈ ရက်နေ့မှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ အဲဒီရက်က ရန်ကုန်ရွက်လှေအသင်း နှစ် ၁၀၀ ပြည့် အကြိုကာလနဲ့ တိုက်ဆိုင်နေတဲ့အပြင် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်က ကျင်းပတဲ့ ပြိုင်ပွဲတွေထဲမှာ အဆင့် မြင့်ဆုံး၊ အကြီးမားဆုံး ပွဲလည်းဖြစ်ပါ တယ်’’ ဟု မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးမောင်ဝင်းက ပြောသည်။
မြန်မာနိုင်ငံ ရွက်လှေအားကစား သမိုင်းကြောင်းကို လေ့လာကြည့်ပါက ကိုလိုနီခေတ် အင်္ဂလိပ်တို့အုပ်ချုပ်စဉ် ၁၉၂၄ ခုနှစ်တွင် အင်္ဂလိပ်ဘုရင်ခံ ကိုယ်တိုင် ဖွင့်လှစ်ပေးခဲ့သည့် Rangoon Sailing Club (ရန်ကုန်ရွက်လှေအသင်း) နှင့်အတူ မြန်မာ့ရွက်လှေအားကစား သည်လည်း တစ်ဆက်တည်း ပေါ်ပေါက် လာခဲ့သည်ဖြစ်ရာ ယခု ၂၀၂၄ ခုနှစ် ဆိုလျှင် ရန်ကုန်ရွက်လှေအသင်းနှင့် မြန်မာ့ရွက်လှေ အားကစားတို့သည် နှစ် ၁၀၀ ပြည့် သက်တမ်းသို့ ချင်းနင်း ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ ရွက်လှေ အဖွဲ့ချုပ်က ရန်ကုန်ရွက်လှေအသင်း၏ ရာပြည့်အထိမ်းအမှတ် အကြိုရွက်လှေ ပြိုင်ပွဲများကို Class အလိုက်၊ Series အလိုက် ရန်ကုန်မြို့ရှိ အင်းယားကန်နှင့် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင် တို့တွင် တစ်နှစ်ပတ်လုံး အချိန်ယူ ကျင်းပပေးနေခြင်းဖြစ်ပြီး ပြိုင်ပွဲဝင် ရွက်လှေ အားကစားသမားများကလည်း ကြုံတောင့်ကြုံခဲ ရာပြည့်ပွဲတော်တွင် ဆုတံဆိပ်များ ဆွတ်ခူးရရှိရေးအတွက် တက်ကြွစွာ အကြိတ်အနယ် ပါဝင် ယှဉ်ပြိုင်နေကြသည်။
ရန်ကုန်ရွက်လှေအသင်း (Rangoon Sailing Club )ကို ၁၉၂၄ ခုနှစ်မှ ၁၉၄၅ ခုနှစ် အထိ ဘုရင်ခံ အဆက်ဆက်က အသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့ပြီး ဗြိတိသျှနိုင်ငံသားများက ဆင့်ကဲတာဝန် ယူဆောင်ရွက်ခဲ့သည်။ လွတ်လပ်ရေးရရှိ ပြီးနောက် ၁၉၅၄ ခုနှစ်တွင် မြန်မာလူမျိုး ထဲမှ စတင်တာဝန်ယူခဲ့သူမှာ စစ်ရေယာဉ် မေယု စစ်ရေယာဉ်မှူး၊ ဒုတိယဗိုလ်မှူးကြီး ခင်ဖေကြီးဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာ နိုင်ငံသားများ အဆက်ဆက်က အသင်း ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြသည်။
မြန်မာ့ရွက်လှေ အားကစားအတွက် ရန်ကုန်ရွက်လှေအသင်းနှင့် (ရန်ကုန် ရွက်လှေအသင်း၊ အင်းယားကန်ကို အခြေ တည်ကာဖွဲ့စည်းထားသည့်) မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်တို့သည် ဒင်္ဂါးပြား တစ်ပြား၏ ခေါင်းနှင့်ပန်းပမာ အတူ ဒွန်တွဲလျက်ရှိနေသည့် ညီနောင် အဖွဲ့အစည်းတစ်ခုဟုဆိုလျှင် မှားမည် မထင်ပေ။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်က လက်ခံကျင်းပသည့် နိုင်ငံတကာ ရွက်လှေပြိုင်ပွဲများ၊ ပြည်တွင်း၊ ပြည်ပပြိုင်ပွဲများ၊ ရွက်လှေ အားကစားလှုပ်ရှားမှုများတွင် ရန်ကုန် ရွက်လှေအသင်းသည် မပါမဖြစ် အမြဲတမ်း သက်ဝင်လှုပ်ရှားနေသည့် တစ်ခုတည်းသော အသင်းဖြစ်ခြင်း ကြောင့်ပင် ဖြစ်သည်။
နိုင်ငံ့ဂုဏ်ကိုဆောင်
၁၉၂၄ ခုနှစ် ကိုလိုနီခေတ်က ဓနိမိုး၊ ထရံကာ အဆောက်အအုံငယ်လေးဖြင့် စတင်ခဲ့သည့် ရန်ကုန်ရွက်လှေအသင်း သည် ယနေ့ မျက်မှောက်ကာလတွင် အဆောက်အအုံမှအစ နည်းပညာအဆုံး တိုးတက် ကောင်းမွန်လာသည့်အပြင် နိုင်ငံတကာအထိ ထိုးဖောက်ပြီး နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်သည့် အားကစား သမားများ ရှေးယခင်ကထက်ပင် ပေါ်ထွန်းလာရေးကို တာဝန်ယူသူ အဆက်ဆက်နှင့် အသင်းသားများက အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသည့် အသင်းတစ်သင်းဟုဆိုလျှင် မှားမည် မထင်ပါ။
ဓနိမိုး၊ ထရံကာဖြင့် အစပြုခဲ့သည့် အသင်းအဆောက်အအုံကို ခေတ်ကာလ အလျောက် အဆင့်ဆင့်ပြုပြင် တည်ဆောက်ခဲ့ကြပြီး ယခုတွေ့မြင်နေရ သည့် အသင်းအဆောက်အအုံကြီးကို ၂၀၀၆ ခုနှစ် ဧပြီလတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ် ကြောင်း၊ ငွေကျပ် သိန်း ၂၇၀၀ မတည် ထည့်ဝင် အကုန်အကျခံပြီး မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ရန်ကုန်ရွက်လှေ အသင်း ရာသက်ပန်ဂုဏ်ထူးဆောင် အသင်းဝင်က ဆောက်လုပ်လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂၀၀၈ ခုနှစ် မေလ နာဂစ်မုန်တိုင်းဒဏ်သင့်ချိန်က အသင်း၏ အထင်ကရ ကညင်ပင်ကြီး ပြိုလဲခဲ့ရသလို အဆောက်အအုံကြီးကို လည်း အကြီးစားပြင်ဆင်မှုများ ပြုလုပ် ခဲ့ရပါသည်။ ရန်ကုန်ရွက်လှေအသင်း အနေဖြင့် လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ ရာတွင် ဒုတိယကမ္ဘာစစ်ကာလအတွင်း ကလည်း ကျူးကျော်သူ ဂျပန်တို့၏ လေကြောင်းရန်မှ လွတ်ကင်းစေရန် အသင်းပိုင်လှေများကို ကန်ရေပြင် အောက် နှစ်မြှုပ်ကွယ်ဝှက်ခဲ့ရသလို အချို့လှေများကို မိတ္ထီလာကန်ရေပြင်သို့ ပို့ဆောင်ဖုံးကွယ်ခဲ့ရဖူးကြောင်း သိရ သည်။
Rangoon Sailing Club အမည်မှ Yangon Sailing Club အမည်ကို ၁၉၉၆ ခုနှစ်တွင် ပြောင်းလဲခဲ့ပြီး မြန်မာ နိုင်ငံ ရွက်လှေအဖွဲ့ချုပ်၏ ညီနောင် အဖွဲ့အစည်းဖြစ်သည့် ရန်ကုန် ရွက်လှေအသင်း တည်ရှိရာနေရာ ကျွန်းမြေကို ရွက်လှေအားကစားဖွံ့ဖြိုး တိုးတက်ရေးအတွက်ရည်သန်၍ ၂၀၀၆ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီက စည်းကမ်း သတ်မှတ်ချက်များဖြင့် တရားဝင်ခွင့်ပြု ပေးထားခြင်း ဖြစ်သည်။
ဝန်ထမ်းအင်အား ၄၅ ဦးဖြင့် လည်ပတ်
ထို့ပြင် ရန်ကုန်ရွက်လှေအသင်း သည် တရားဝင်မှတ်ပုံတင်ထားပြီး အသင်းဝင်များ၏ ဝင်ကြေး၊ နှစ်စဉ် ကြေး၊ လစဉ်ကြေးများဖြင့် ရပ်တည် လှုပ်ရှားနေသော အကျိုးအမြတ်မရ ယူသည့် Members Club (Non - Profit Organization) တစ်ခုလည်း ဖြစ်သည်။ လက်ရှိတွင် ဝန်ထမ်းအင်အား ၄၅ ဦးဖြင့် လည်ပတ်နေသည်။
လက်ရှိအချိန်တွင် ရန်ကုန်ရွက်လှေ အသင်း (အင်းယားကန်)တွင် စနေ၊ တနင်္ဂနွေ အပတ်စဉ် ပုံမှန်ပြိုင်ပွဲများနှင့် သင်တန်းများ လအလိုက် ဖွင့်လှစ်ပေး ခြင်း၊ နှစ်ပတ်လည်ပြိုင်ပွဲများ၊ နေ့ကြီး ရက်ကြီး အထိမ်းအမှတ်ပြိုင်ပွဲများ အဆက်မပြတ် ကျင်းပလျက်ရှိသည်။
မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် အနေဖြင့် ၁၉၉၁ ခုနှစ် Burma Rowing & Yachting Federation မှ Myanmar Yachting Federation (မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်)အဖြစ် သီးခြား ဖွဲ့စည်းစဉ်ကစပြီး ၂၀၀၅ ခုနှစ်အထိ ရွက်လှေအားကစားကို စိတ်ပါဝင်စားသူ နည်းပါးခြင်း၊ ဘဏ္ဍာရေးအင်အား နည်း ပါးခြင်း၊ နိုင်ငံတော်က ပံ့ပိုးပေးထား သည့် Optimist လှေ နှစ်စင်း၊ အဖွဲ့ချုပ်ပိုင် လှေ နှစ်စင်း စုစုပေါင်း လှေ လေးစင်းနှင့် ဒုတိယကမ္ဘာစစ်လက်ကျန် Sharpie နှင့် Rater လှေအဟောင်းများနှင့်သာ ရပ်တည်ခဲ့ရသည်။
ယခုဆိုလျှင် ရွက်လှေအဖွဲ့ချုပ်နှင့် ရန်ကုန်ရွက်လှေအသင်းပိုင် Rater လှေ ၁၆ စင်း ( SEA Games လှေခုနစ်စင်းမပါ)၊ Sharpie လှေ ၁၅ စင်း၊ Optimist သစ်သား လှေ ၁၂ စင်း၊ ဖိုက်ဘာလှေ ၇၅ စင်း၊ ILCA ၁၃ စင်း၊ In’t 470 သုံး စင်း၊ In’t 420 သုံး စင်း၊ Coach Boat နှစ်စင်း ပိုင်ဆိုင်ထား ပြီဖြစ်ပြီး အားကစားသမားများ အရေ အတွက်မှာလည်း Active Rater Sailor ၃၀၊ Sharpie A,B,C Class Sailor ၆၈ ဦး၊ Optimist A , I , B Class Sailor ၃၅ ဦးအထိ တိုးတက်လာခဲ့ပြီ ဖြစ်သည်။
နိုင်ငံတကာ ရွက်လှေပြိုင်ပွဲများကို မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်က အိမ်ရှင်အဖြစ် ၁၉၆၁ ခုနှစ် ရန်ကုန်မြို့ အင်းယားကန်တွင် 2nd SEAP Games၊ ၁၉၆၉ ခုနှစ် ငပလီတွင် 5th SEAP Games၊ ၁၉၉၆ ခုနှစ် အင်းယားကန်တွင် Myanmar Open & 9th ASEAN Championships ပြိုင်ပွဲ၊ ၂၀၀၄ ခုနှစ် တွင် ဧရာဝတီတိုင်းဒေသကြီး ချောင်းသာ၌ ASEAN Open Optimist Championship ပြိုင်ပွဲ၊ ၂၀၁၃ ခုနှစ် ဧပြီလတွင် ဧရာဝတီ တိုင်းဒေသကြီး ငွေဆောင်ကမ်းခြေ၌ Myanmar National Sailing Championship (Pre- SEA Games Event)၊ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ငွေဆောင်၌ 27th SEA Games ပြိုင်ပွဲ စသည်ဖြင့် လက်ခံကျင်းပနိုင်ခဲ့သည်။
၁၉၆၁ ခုနှစ် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး အင်းယားကန် တွင် ကျင်းပသည့် 2nd SEAP Games တွင် ရွက်လှေအားကစားကို ပထမဆုံး ထည့်သွင်းကျင်းပခဲ့သည့် ဦးဆောင် နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သလို ပြိုင်ပွဲ ဝင်အမျိုးအစား နှစ်မျိုးစလုံး ရွှေတံဆိပ်၊ ၁၉၆၉ ခုနှစ် မြန်မာနိုင်ငံ ငပလီတွင် ကျင်းပသည့် ပြိုင်ပွဲလေးခုစလုံး ရွှေ တံဆိပ်၊ ၂၀၀၁ ခုနှစ်တွင် မလေးရှား နိုင်ငံမှာ ကျင်းပသည့် 21st SEA Games ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်ရှိ စင်ကာပူနှင့် ထိုင်းတို့ကို ကျော်လွန်ကာ ရွှေတံဆိပ် သုံးဆု၊ ၂၀၁၃ ခုနှစ်တွင် နှစ်ပေါင်း ၄၄ နှစ်ကြာမှ ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်တွင် ပြန်လည်ကျင်းပခွင့်ရခဲ့ သည့် 27th SEA Games တွင် ရွှေ ၂၊ ငွေ ၁၊ ကြေး ၂ စသည်တို့ ဆွတ်ခူးပေးနိုင် ခဲ့ပြီး အခြားသော ပြည်တွင်း၊ ပြည်ပ ပြိုင်ပွဲ များတွင်လည်း ဆုတံဆိပ်များစွာ ဆွတ်ခူးပေးနိုင်ခဲ့သည်ကို ဂုဏ်ယူဖွယ် မြင်တွေ့ရသည်။
မြန်မာ့ရွက်လှေ အားကစားသည် နှစ် (၁၀၀) အတွင်း ရွှေ၊ ငွေ၊ ကြေး ဆုတံဆိပ်များရယူကာ နိုင်ငံ့ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် ပြိုင်ပွဲများရှိသကဲ့သို့ အောင်ပွဲမဆင်နိုင်သည့် ပြိုင်ပွဲများ လည်း ရှိခဲ့ဖူးသည်သာ ဖြစ်သည်။
နိုင်ငံတကာ ရွက်လှေပြိုင်ပွဲများ၏ စည်းမျဉ်းအရ ရွက်လှေပြိုင်ပွဲကျင်းပ မည့် အိမ်ရှင်နိုင်ငံတွင် Host Club ရှိ ရမည်ဟု သတ်မှတ်ထားသည့်အတွက် ၂၀၁၃ ခုနှစ် 27th SEA Games ပြိုင်ပွဲ ကျင်းပနိုင်ရေး နိုင်ငံတော်၏ ခွင့်ပြု ချက်ဖြင့် ဧရာဝတီတိုင်းဒေသကြီး ငွေဆောင်တွင် B.O.T စနစ်ဖြင့် ကျပ်သန်းပေါင်း ၂၅၃၀၀ ကို မြန်မာ နိုင်ငံ ရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌက တစ်ဦး တည်းအကုန်အကျခံကာ Ngwe Saung Yacht Club & Resort တွင် လက်ခံ ကျင်းပနိုင်ခဲ့သည်။
ထိုပြိုင်ပွဲတွင် ဆုတံဆိပ်များ ဆွတ် ခူးအောင်မြင်ခဲ့ခြင်းနှင့်အတူ နိုင်ငံတကာ ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းနှင့်အညီ တရားမျှတဂုဏ်သိက္ခာရှိစွာ ကျင်းပ နိုင်ခဲ့ခြင်း၊ Host Club ဖြစ်သည့် Ngwe Saung Yacht Club & Resort ၏ ခမ်းနားကြီးကျယ်မှုနှင့် မြန်မာ့ရွက်လှေ အားကစား၏ ဂန္ထဝင်မြောက် တည်ဆောက်ထားသည့် ပြည်တွင်းဖြစ် Rater သစ်သားလှေကို ပြိုင်ပွဲဝင် Class အဖြစ် ထည့်သွင်းကျင်းပနိုင်ခဲ့သည်မှာ လည်း သမိုင်းမှတ်တမ်းတစ်ခုဟု ဆိုရမည်ဖြစ်သည်။
ထိုသို့ အဘက်ဘက်က ပြီးပြည့်စုံစွာ 27th SEA Games ကို ကျင်းပနိုင်ခဲ့သည့် အတွက် နိုင်ငံတကာ အိုလံပစ် ကော်မတီအဖွဲ့ဝင် Ng Ser Miang နှင့် ပြိုင်ပွဲကြီးကြပ်သူ Jury Chairman , Bryan Willis စသည့် နိုင်ငံတကာ ရွက်လှေ အားကစား တာဝန်ရှိသူများ၏ မှတ်ချက် များကလည်း မြန်မာ့ရွက်လှေ အားကစား ၏ မှတ်တမ်းတစ်လျှောက် ဂုဏ်ယူဖွယ်ရာ အဖြစ် သမိုင်းမှတ်တမ်းတင်ရှိနေပြီ ဖြစ်သည်။
မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်သည် မြန်မာ့ရွက်လှေ အားကစားအဆင့် အတန်း မြင့်မားစွာ ရပ်တည်နိုင်ရေး အတွက် နိုင်ငံတကာမှ ပညာရပ် ကျွမ်းကျင်သူများခေါ်ယူကာ သင်တန်းများ ပေးခြင်း၊ အခါအားလျော်စွာ ပြိုင်ပွဲများ ကျင်းပပေးခြင်း၊ ပြည်ပသို့ သွားရောက် ယှဉ်ပြိုင်စေခြင်းတို့ ပြုလုပ်လျက်ရှိသည်။
External Audit Firm စာရင်းစစ် အစီရင်ခံစာအရ မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်သည် မြန်မာ့ရွက်လှေအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုစုပေါင်း ကျပ်သန်းပေါင်း ၁၈၇၅၈ ဒသမ ၉၈ နှင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၄၃ သန်း အကုန်အကျခံသုံးစွဲပြီး ဖြစ်သည်။
မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ်အနေ ဖြင့် ရန်ကုန်ရွက်လှေအသင်းနှင့်အတူ ရှင်သန်ပေါက်ဖွားလာသည့် မြန်မာ့ ရွက်လှေအားကစား နှစ် (၁၀၀) ပြည့် အခမ်း အနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပ နိုင်ရေး ပြင်ဆင်နေသလို တစ်ဖက်တွင် လည်း ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံတွင် ကျင်းပ မည့် 33rd SEA Games ပြိုင်ပွဲတွင်လည်း ကမ္ဘာ့အဆင့်ဝင် ပြိုင်ဘက်နိုင်ငံများကို အန်တုယှဉ်ပြိုင်အနိုင်ရရှိရေး အားသွန် ကြိုးပမ်း ပြင်ဆင်ဆောင်ရွက်လျက်ရှိ သည်။
SEA Games ရွက်လှေအားကစား ထိပ်တန်းနိုင်ငံများမှာ စင်ကာပူနှင့် ထိုင်းဖြစ်ပြီး အချို့သော Class များတွင် ကမ္ဘာ့အဆင့် (၁) အထိ နေရာယူထား နိုင်သည်ကို တွေ့ရပါသည်။ 2024 Paris Olympic ပြိုင်ပွဲတွင်လည်း ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားတို့က Qualified ဖြစ်ခဲ့ပြီး ဖြစ်သည်။ “ရွက်လှေမှာ ထိပ်တန်း နိုင်ငံတွေက ထိုင်းနဲ့ စင်ကာပူပေါ့၊ အဲဒီလို ကမ္ဘာ့ထိပ်တန်းနိုင်ငံတွေကို ကျွန်တော် တို့က ယှဉ်ပြိုင်နေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က ထိုင်းနဲ့ စင်ကာပူကိုကျော်လွန်ပြီး ဦးဆောင်နိုင် ခဲ့တဲ့ အစဉ်အလာတွေရှိခဲ့ပါတယ်”ဟု မြန်မာနိုင်ငံ ရွက်လှေအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးမောင်ဝင်းက ပြောသည်။
ရွက်လှေအားကစားသည် နိုင်ငံ တစ်ဝန်း လူထုအားကစားပုံစံမျိုး ဆောင်ရွက်ရန် လွယ်ကူသည့် အားကစား နည်းမျိုးကား မဟုတ်ပေ။ ရွက်လှေ အားကစား၏ သဘောသဘာဝအရ ပင်လယ်ရေလှိုင်း၊ လေတိုက်ခတ်မှု အခြေ အနေ၊ ပင်လယ်ရေစီးကြောင်း၊ ဒီရေ၊ ပြောင်းလဲလာသော ရာသီဥတု၊ လေ၊ ရေ အခြေအနေတို့ကိုလိုက်ပြီး လျှပ်တစ်ပြက် လှုပ်ရှားဆုံးဖြတ်ရသော အားကစားနည်း တစ်ခုဖြစ်သည့်အတွက် အားကစားသမား များအနေဖြင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်း ဆိုင်ရာကြံ့ခိုင်မှုရှိရန် အထူးလိုအပ်လှသည်။
နောက်ဆုံးပေါ် ရွက်လှေနှင့်ဆက်စပ် ပစ္စည်းများကိုအသုံးပြု၍ နိုင်ငံတကာ ရွက်လှေပြိုင်ပွဲ များကို ပင်လယ်ပြင်၌သာ ကျင်းပရခြင်းဖြစ်သည့်အတွက် နည်းပညာ အခက်အခဲများ၊ ရွက်လှေနှင့် ဆက်စပ် သည့်ပစ္စည်းများ တန်ဖိုးကြီးမြင့်မှု စသည့် ကန့်သတ်ချက်များကြောင့် မြန်မာနိုင်ငံ ကဲ့သို့ အဘက်ဘက်မှ လိုအပ်ချက်ရှိသည့် နိုင်ငံအတွက် လူအများစု တက်လှမ်းရန် အခက်အခဲရှိသော အားကစားနည်း တစ်ခု အဖြစ် တည်ရှိနေသေးသည်ဖြစ်ရာ မြန်မာ့ရွက်လှေအားကစား ရေရှည် တည်တံ့ရေးအတွက် နိုင်ငံတော်၏ ပံ့ပိုးမှု အပိုင်းက အဓိကကျသလို ရွက်လှေ အားကစားဖွံ့ဖြိုးတိုးတက်ရေး၊ ရွက်လှေ အားကစားသမား မျိုးဆက်သစ်များ ပေါ်ထွက်လာရေးတို့သည် လွန်စွာမှ အရေးကြီးသည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တွင်ပါဝင်သည့် ရွက်လှေအားကစားနည်း တွင် ကမ္ဘာ့အဆင့် ၁ နှင့် ၃ ကြား ရပ်တည်နေသည့် ထိုင်းနှင့် စင်ကာပူကို လေ့လာကြည့်မည်ဆိုလျှင် ထိုင်းနိုင်ငံ သည် ထိုင်းဘုရင့်ရေတပ်စစ်ဦးစီးချုပ်ကို ရွက်လှေအဖွဲ့ချုပ်ဥက္ကဋ္ဌ ခန့်ထားပြီး ရေတပ်သန္ဓေ မိသားစုဝင်များကို မဖြစ် မနေ ရွက်လှေစီးနင်းစေခြင်းဖြင့် ရွက်လှေ အားကစားအတွက် အမေရိကန်ဒေါ်လာ ကိုးသန်းကျော် သုံးစွဲမြှင့်တင်ခဲ့ခြင်း၊ စင်ကာပူနိုင်ငံသည် Sailing နှင့် Swimming အားကစားနည်းနှစ်ခုကို နိုင်ငံ၏ဦးစားပေး အားကစားအဖြစ် သတ်မှတ်ကာ အမေရိကန်ဒေါ်လာ ၁၀ သန်း အကုန်အကျခံသုံးစွဲလျက်ရှိသည်ကို တွေ့မြင်ရမည် ဖြစ်သည်။
ထို့ပြင် SEA Games ရွက်လှေပြိုင်ပွဲ ဒုတိယအဆင့်ရှိသည့် မလေးရှားရွက်လှေ အသင်းကို လေ့လာကြည့်ပါက မလေးရှား ရွက်လှေအဖွဲ့ချုပ် ကွပ်ကဲမှုအောက်တွင် မလေးရှားနိုင်ငံ၏ ပင်လယ်ဆိပ်ကမ်း မြို့မှန်သမျှ၌ ရွက်လှေအသင်းပေါင်းများ စွာ ဖွဲ့စည်းထားရှိသည်ကို မြင်တွေ့ ရသည်။
မြန်မာနိုင်ငံအနေဖြင့် လတ်တလော ကာလတွင် ရန်ကုန်ရွက်လှေအသင်း၊ တပ်မတော် (ရေ) လှေလှော်ရွက်တိုက် အသင်းနှင့် Ngwe Saung Yacht Club & Resort သာရှိသည်ဖြစ်ရာ ပင်လယ် ကမ်းရိုးတန်း ရေမိုင် ၁၃၈၅ မိုင် ပိုင်ဆိုင် ထားသည့် နိုင်ငံတစ်ခုအနေဖြင့် စစ်တွေ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ငပလီ၊ ရွှေသောင်ယံ၊ ချောင်းသာ၊ မော်လမြိုင်၊ စက်စဲ၊ မောင်းမကန် စသည့် ရေမိုင် ဆက်စပ်တည်ရှိနေသည့် ဒေသများတွင် ဒေသခံများအားစည်းရုံးပြီး ရွက်လှေ အသင်းအများအပြားကို ဖွဲ့စည်း တည်ထောင်သင့်သည်ဟု မြင်မိပါသည်။
ရွက်လှေ အားကစားနည်းသည် ပင်လယ်ကမ်းခြေကို အခြေပြုကစားရ သည့် အားကစားနည်းဖြစ်ရာ သာယာ လှပသည့် ကမ်းခြေများ ပိုင်ဆိုင်ထား သည့် မြန်မာနိုင်ငံအနေဖြင့် ပင်လယ် ကမ်းခြေရှိသော ဒေသများတွင် တပ်မတော် (ရေ) ရေတပ်စခန်းဌာနချုပ် များတည်ရှိရာ ပင်လယ်ကမ်းရိုးတန်း ဒေသခံများဖြင့် ရွက်လှေအသင်းများ ဖွဲ့စည်းကာ ပြည်တွင်း၊ ပြည်ပ ဖိတ်ခေါ် ပြိုင်ပွဲများ ကျင်းပပေးမည်ဆိုပါက ရွက်လှေအားကစားသမား မျိုးဆက်သစ် များ ပေါ်ထွန်းလာရေးနှင့် မြန်မာ့ရွက်လှေ အားကစား အဆင့်အတန်းမြင့်မားလာ ရုံသာမက တစ်ဖက်တစ်လမ်းကလည်း ခရီးသွားလုပ်ငန်းအား မြှင့်တင်ပေးရာရောက်မည်ဖြစ်ပါသည်။
ရာပြည့်ကာလသို့ ရောက်ရှိလာပြီ ဖြစ်သည့် မြန်မာ့ရွက်လှေအားကစား ရေရှည်တည်တံ့ရေး၊ အားကစား မျိုးဆက်သစ်များ ပေါ်ထွက်လာရေး၊ အခြေခံလိုအပ်သော ရွက်လှေအသင်း များ ပေါ်ထွက်လာရေးတို့အတွက် နိုင်ငံတော်အစိုးရ၊ မြန်မာနိုင်ငံရွက်လှေ အဖွဲ့ချုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တာဝန်ရှိသူများ၊ အသိပညာရှင် များ၊ စီးပွားရေးလုပ်ငန်းရှင်များ ပူးပေါင်း ပါဝင် ဆောင်ရွက်ခြင်းဖြင့် မြန်မာ့ရွက်လှေ အားကစားသည် အရှေ့တောင်အာရှ ပြိုင်ပွဲများမှသည် ကမ္ဘာ့အဆင့်ပြိုင်ပွဲ များဆီသို့ တက်လှမ်းနိုင်မည်ဟု ထင်မြင် မိပါကြောင်း ရန်ကုန်ရွက်လှေအသင်း နှစ် (၁၀၀) ပြည့်ကို ကြိုဆိုဂုဏ်ပြု ရေးသားလိုက်ရပါသည်။ ။
- Log in to post comments