
ဘန်ကောက် မေ ၁၅
ကလေးသူငယ်များအား ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံးမှုထိန်းချုပ်ရေးဆိုင်ရာ အာဆီယံနိုင်ငံများ အလုပ်ရုံဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Sukosol ဟိုတယ်၌ မေ ၁၄ ရက်မှ ၁၅ ရက်အထိ ကျင်းပသည်။ အဆိုပါဆွေးနွေးပွဲသို့ မြန်မာအပါ အဝင် အာဆီယံ ၁၀ နိုင်ငံသာမက သက်ဆိုင်ရာနိုင်ငံ များမှ အစိုးရတာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ် များ၊ ပြည်သူ့ကျန်းမာရေးအဖွဲ့များမှ တာဝန်ရှိသူများ နှင့် မီဒီယာများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကိုယ်စားလှယ် ဒေါက်တာ ဂျို့စ် ဗန်ဒီလာက ကလေးသူငယ်များကို ဆေးလိပ်နှင့် ဆေးရွက်ကြီး သောက်သုံးမှုမှ ကာကွယ်ရန် အလေးပေးပြောကြား သည်။
ယခုနှစ် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ ဆောင်ပုဒ်နှင့်အညီ ကျင်းပသည့် ဒေသတွင်း ဆွေးနွေး ပွဲတွင် ဟောင်ကောင်နှင့် သြစတြေးလျနိုင်ငံမှ ကိုယ်စားလှယ်များက အစိုးရများအနေဖြင့် ဆေးလိပ် နှင့် ဆေးရွက်ကြီးအန္တရာယ်မှ လူငယ်များကို အကောင်းဆုံး မည်သို့ကာကွယ်ရမည်ဆိုသည့် အချက်အပြင် ဒစ်ဂျစ်တယ်မီဒီယာပေါ်တွင် ပျံ့နှံ့နေ သည့် အီးစီးကရက် သောက်သုံးမှုဆိုင်ရာ သတင်း အမှားကို မည်သို့ တိုက်ဖျက်သွားရမည်နည်းဆိုသည့် အချက်များ၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးကို နည်းလမ်းပေါင်းစုံဖြင့် သောက်သုံးစေနိုင်သည့် ဆွဲဆောင်စည်းရုံးမှုများ၊ နီကိုတင်း ဆက်စပ်ပစ္စည်း ထုတ်လုပ်မှုများကို လျော့နည်းအောင် လုပ်ဆောင် သွားရမည့်အချက်များနှင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး ကဏ္ဍကင်းစင်အောင် မည်သို့ဆောင်ရွက်သွားမည် ဆိုသည့်အချက်များကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် ဆွေးနွေးသည့်အကြောင်းအရာ များတွင် အီးစီးကရက်သောက်သုံးခြင်းဖြင့် ဆေးလိပ် သောက်သုံးမှုကို ပြတ်စေသည့်ဆိုသည့် သတင်းမှား များကို ထုတ်လွှင့်ပြီး အသွင်အမျိုးမျိုး၊ အရသာ အမျိုးမျိုးဖြင့် ရရှိနိုင်သော အီးစီးကရက်များကို အာဆီယံအပါအဝင် အာရှနိုင်ငံများတွင် ဈေးကွက် တင် ဖြန့်ဖြူးလျက်ရှိကြောင်း၊ ဈေးကွက်တွင် ရရှိနိုင် သော အရသာပေါင်း ၁၆၀၀၀ ကျော်ရှိပြီး တချို့မှာ သကြားလုံးအရသာအသွင်၊ တချို့မှာ အသီးအရသာ အသွင်ဖြင့် ဖြန့်ဖြူးလျက်ရှိကြောင်း၊ အွန်လိုင်းမီဒီယာ များတွင်လည်း ဘဝတစ်သက်တာ နီကိုတင်း သားကောင်ဖြစ်စေရန် လူငယ်လူရွယ်များကိုလည်းနည်းလမ်းပေါင်းစုံဖြင့် လှည့်စားဖြားယောင်းလျက်ရှိ ကြောင်း စသည်တို့လည်း ပါဝင်သည်။
ဆေးလိပ်နှင့် ဆေးရွက်ကြီးပစ္စည်း ထုတ်လုပ် သူများသည် လူငယ်များကြား ရေပန်းစားသည့် ဂီတ ပွဲတော်များ၊ အားကစားပွဲတော်များစသည့် ဖျော်ဖြေ ရေး ပွဲလမ်းများကို ငွေကြေးစိုက်ထုတ် ကျင်းပပေး၍ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲလာရန် ဆွဲဆောင် ဖြားယောင်းလျက်ရှိသည်။
အာရှတစ်လွှားရှိ အသက် ၁၃ နှစ်နှင့် ၁၅ နှစ် ကြား ဆယ်ကျော်သက်အရွယ် အီးစီးကရက် သောက်သုံးမှုသည် တစ်နေ့တခြား တိုးလျက်ရှိသည်။ တစ်ခါတရံတွင် ဆေးလိပ်သောက်သုံးသည့်ပမာဏ ထက်ပင် မြင့်မားလျက်ရှိသည်။
၂၀၀၂ ခုနှစ် စာရင်းများအရ မလေးရှားနိုင်ငံတွင် အမျိုးသား ၂၃ ဒသမ ၅ ရာခိုင်နှုန်း၊ အမျိုးသမီး ၆ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၉ ခုနှစ် စာရင်းများအရ ဖိလစ်ပိုင်နိုင်ငံတွင် အမျိုးသား ၂၀ ဒသမ ၉ ရာခိုင်နှုန်း၊ အမျိုးသမီး ၇ ဒသမ ၅ ရာခိုင်နှုန်း၊ ၂၀၂၂ စာရင်းအရ ထိုင်းနိုင်ငံတွင် အမျိုးသား ၂၀ ဒသမ ၂ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၅ ရာခိုင်နှုန်းတို့ အီးစီးကရက် သုံးစွဲ လျက်ရှိကြောင်း သိရသည်။
သက်ဆိုင်ရာ အစိုးရများအနေဖြင့် ဆေးလိပ်နှင့် ဆေးရွက်ကြီး၊ အီးစီးကရက်သောက်သုံးမှုများ အရှိန် အဟုန်ဖြင့် မပျံ့နှံ့မီ ထိထိရောက်ရောက် တိုက်ဖျက် တားဆီးသွားရန် လိုအပ်ကြောင်း အရှေ့တောင်အာရှ ဆေးလိပ်နှင့် ဆေးရွက်ကြီး ထိန်းချုပ်ရေး မိတ်ဖက် အဖွဲ့အစည်း (SEATCA)မှအမှုဆောင် ညွှန်ကြားရေး မှူး ဒေါက်တာ ပူလိစ်ဆက် ဒေါ်ရိုသီဒို က ပြောကြား သည်။
SEATCA သည် အာဆီယံအဖွဲ့ဝင်နိုင်ငံများကိုကျန်းမာရေးနှင့် လူ့သက်တမ်းရှည်စေရန် ကူညီပေး လျက်ရှိပြီး ဆေးလိပ်နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးများလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင် ရွက်လျက်ရှိသည်။
တင်လင်းအောင်