ပြည်ပအလုပ်အကိုင်အေဂျင်စီများအနေဖြင့် အခွန်လျှော့ပေါ့စေရန်ရည်ရွယ်၍ စာရင်းများအား လိမ်လည်ပြုစုတင်ပြလာကြောင်းစိစစ်တွေ့ရှိပါက ထိရောက်စွာအရေးယူခံရမည်

ရန်ကုန်   မေ    ၁၁
ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရအေဂျင်စီများအနေဖြင့် အခွန်လျှော့ပေါ့စေရန်ရည်ရွယ်၍ စာရင်းများအား လိမ်လည်ပြုစုတင်ပြ လာကြောင်း စိစစ်တွေ့ရှိပါက ထိရောက်စွာ အရေးယူခံရမည်ဖြစ်ကြောင်း Safe Migration က အသိပေးကြေညာထားသည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပသို့စေလွှတ်ရန် OWIC ပြုလုပ်ခဲ့ သည့် အေဂျင်စီများအားလုံးအနေဖြင့် OWIC  ပြုလုပ်ခဲ့သည့်  စာရင်း၊ အမှန်စေလွှတ်ခဲ့သည့် စာရင်းများအား ပူး(၂)ပါ ပုံစံအတိုင်းပြုစု၍ မေ ၁၇ ရက်နောက်ဆုံးထား၍ dolmigrationtax@gmail.com သို့ တင်ပြ ရမည်ဖြစ်ကြောင်း၊ သတ်မှတ်ရက်အတွင်း  အချိန်မီတင်ပြလာခြင်း မရှိပါက ဦးစီးဌာနမှ ပြုစုထားသည့် နိုင်ငံအလိုက် စေလွှတ်စာရင်း၊ OWIC ပြုလုပ်ခဲ့သည့် စာရင်းများအတိုင်း အခွန်ပေးဆောင်ကြရမည်ဟု ပါရှိသည်။
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီများမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ထိုင်းနိုင်ငံအတွက် မြဝတီနှင့် ကော့သောင်း မှ MOUစနစ်ဖြင့်လည်းကောင်း၊ U-Turn စနစ်ဖြင့်လည်းကောင်း အမှန် တကယ်စေလွှတ်ခဲ့သည့်စာရင်းများကို စိစစ်ရန်၊ အခြားနိုင်ငံများအတွက် OWIC ပြုလုပ်ခဲ့သည့် စာရင်းများအပေါ် စာရင်းများမှန်ကန်မှုရှိ၊ မရှိစိစစ် ရန်လည်း Safe Migration ၏ အသိပေးထုတ်ပြန်ချက်တွင် ပါရှိသည်။
OWIC ပြုလုပ်ခဲ့မှုစာရင်းများကို  ဂျပန်နှင့် စင်ကာပူနိုင်ငံအတွက် အလုပ်အကိုင်အမျိုးအစားအလိုက် ခွဲခြား၍လည်းကောင်း၊ Zero Cost လုပ်သားစေလွှတ်ခဲ့ပါက သက်ဆိုင်ရာနိုင်ငံအလိုက်  ခွဲခြားဖော်ပြ၍ လည်းကောင်း ပူးတွဲဇယားပုံစံအတိုင်း  ပြုစုတင်ပြရမည်ဖြစ်ကြောင်း သိရသည်။ ထိုသို့ ခွဲခြားဖော်ပြရာတွင်  Zero Cost ဖြင့် စေလွှတ်ခဲ့သည့် စာရင်းများကို ဖော်ပြမည်ဆိုပါက အေဂျင်စီအမည်၊ ပြည်ပကုမ္ပဏီအမည်၊ လိပ်စာ(Email၊ ဖုန်းနံပါတ်) စေလွှတ်လုပ်သားဦးရေတို့ပါသည့်ဇယားအား OWIC ပြုလုပ်ခွင့်ပြုခဲ့သည့် Telegram ပါကြေညာချက်ဇယားကိုပူးတွဲတင်ပြရန်၊ ဂျပန်နိုင်ငံအတွက် U-Turn (အလုပ်မပြောင်း)စာရင်း အား ဖော်ပြမည်ဆိုပါက အလုပ်သမားများ၏ ကိုယ်ရေးကိုယ်တာအချက် အလက်စာရင်းပြုစု၍ ယခင်ကပြုလုပ်ခဲ့သည့် OWIC ကတ်မိတ္တူနှင့် အသစ်ထုတ်ယူခဲ့သည့် OWIC ကတ်  မိတ္တူပူးတွဲ၍  တင်ပြရန်လည်း ပါရှိသည်။
ထို့အတူ ပူးတွဲစာရင်းတွင် အေဂျင်စီမှ OWIC ပြုလုပ်ထားခြင်းမရှိဘဲ နိုင်ငံအလိုက်စာရင်းများ လွဲမှားစွာပါရှိနေခြင်း၊ စာရင်းများကိုက်ညီမှု မရှိခြင်းများဖြစ်နေပါက မြောက်ဒဂုံတာဝန်ခံအရာရှိထံသို့ သွားရောက်၍ စာရင်းစစ်ဆေးညှိနှိုင်းပြင်ဆင်၍     မှန်ကန်ကြောင်းထောက်ခံချက် ရယူပြီး ပူးတွဲတင်ပြရန်နှင့် OWIC ပြုလုပ်ထားသော်လည်း အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့စေလွှတ်နိုင်သည့် လုပ်သားစာရင်းများကိုပယ်ဖျက်လိုပါက မြောက်ဒဂုံတာဝန်ခံအရာရှိထံသို့ OWIC အပ်နှံထား သည့် ထောက်ခံစာပူးတွဲတင်ပြရမည်ဟု သိရသည်။                          MT