
ဖွားမြင်တော်မူခြင်း
ဆရာတော် လောင်းလျာသည် မန္တလေး တိုင်းဒေသကြီး၊ ကျောက်ပန်းတောင်း မြို့နယ်၊ ကမ်းဖြူကျေးရွာ၊ ခမည်းတော် ဦးဖိုးအို၊ မယ်တော် ဒေါ်ဝ တို့မှ ၁၂၈၆ ခုနှစ်၊ နတ်တော်လဆန်း (၁၄) ရက်နေ့တွင် ဖွားမြင်တော် မူသော သားရတနာ ဖြစ်ပါ သည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည် ၁၂၈၉ ခုနှစ်တွင် ကမ်းဖြူရွာ၊ တောင်ကျောင်းဆရာတော် ဘဒ္ဒန္တတေဇကို ဥပဇ္ဈာယ်ပြု၍ အဘိုး ဦးမာ၊ အဘွား ဒေါ်ပြုံး မိသားစုတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ ရောက်ရှိခဲ့ပြီး ၁၃၀၅ ခုနှစ်၊ တပေါင်း လဆန်း (၆) ရက်နေ့တွင် ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းဖြူရွာ၊ တောင်ကျောင်းခဏ္ဍသိမ်၌ ယင်းကျောင်း ဆရာတော်ဘဒ္ဒန္တတေဇကို ဥပဇ္ဈာယ်ပြု၍ ကမ်းဖြူရွာနေ ဦးကျောင်းပေါင်း+ ဒေါ်ရွံမိသားစု တို့၏ ပစ္စယာနုဂ္ဂဟကိုခံယူကာ မြင့်မြတ်သောရဟန်းအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။
ပရိယတ္တိစာပေသင်ယူ ဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ကမ်းဖြူရွာ၊ တောင်ကျောင်းဆရာ တော် ဘဒ္ဒန္တဥတ္တမ၊ မြင်းခြံမြို့၊ ကိုးဆောင်တိုက်၊ နိုင်ငံတော်သံဃ မဟာနာယကဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တသောဘိတ၊ မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့၊ မဟာဝိသုတာရာမတိုက် ဆရာတော် ဘဒ္ဒန္တ သုန္ဒရ၊ ညောင်တုန်းဆရာတော်ဘဒ္ဒန္တနန္ဒဝံသ၊ မန္တလေးမြို့၊ ထီးလင်း တိုက်ဆရာတော် ဘဒ္ဒန္တပုညာနန္ဒ၊ ဘုရားကြီးတိုက်ဆရာတော် ဘဒ္ဒန္တ နာရဒ စသောဆရာတော်များထံ၌ ပရိယတ္တိစာပေများကို သင်ယူ ဆည်းပူးတော်မူခဲ့ပြီး “သာသနဓဇဓမ္မာစရိယ” ဘွဲ့ကို ရရှိတော်မူခဲ့ ပါသည်။
သာသနာရေးအားပေးဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် သာသနဓဇသိုက်ကုန်းကျောင်းတိုက်တွင် စာသင်သားရဟန်းသာမဏေများအား ပရိယတ္တိစာပေများ သင်ကြား ပို့ချပေးတော်မူခဲ့ခြင်း၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများ နှစ်စဉ် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းနှင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွင် တိုင်းဒေသကြီး၊ မြို့နယ်ဝိနည်းဓိုရ်ဆရာတော်အဖြစ် လည်းကောင်း၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖြစ်လည်းကောင်း၊ နိုင်ငံတော် သြဝါဒါစရိယအဖြစ်လည်းကောင်း သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါသည်။
ဘွဲ့တံဆိပ်အလှူခံရရှိတော်မူခြင်း
ဤသို့လျှင် ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သောဝီရိယတို့ ဖြင့် သယ်ပိုးဆောင်ရွက်တော်မူခဲ့သော သာသနဟိတဓရဂုဏ်၊ သာသနဓုရာဝဟဂုဏ်၊ ပရဟိတာဝဟဂုဏ်၊ ရတ္တညူ မဟာနာယက ဂုဏ်၊ ဗဟုဇနဟိတသုခါဝဟဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ လဇ္ဇီပေသလ သိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်းတို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား ၂၀၁၃ ခုနှစ်တွင် “အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည် သာသနာတော်အကျိုးကို သယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော် (၁၀၁)နှစ်၊ သိက္ခာတော် (၈၁)ဝါအရ ၁၃၈၆ ခုနှစ်၊ ကဆုန်လဆန်း(၁)ရက်၊ (၈-၅-၂၀၂၄)၊ ဗုဒ္ဓဟူး နေ့၊ ည (၇:၃၄) နာရီအချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။