သီပေါ သီတဂူစက္ခုဒါနဆေးရုံကြီး၌ မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေး

 

သီပေါ  မေ  ၉
ကမ္ဘာ့သာသနာပြု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံ တော်များ၏ အဓိပတိ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ  ဘဒ္ဒန္တဉာဏိဿရ  အရှင်သူမြတ်  သြဝါဒခံယူလျက် ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့ မဟာမြတ်မုနိ ဘုရားကြီးကျောင်း တိုက်  ပဓာနနာယကနှင့်  သီတဂူ  (သီပေါ)  စက္ခုဒါနဆေးရုံကြီး၏ ကွပ်ကဲမှုတာဝန်ခံဆရာတော် ဘဒ္ဒန္တ ပညာသီရိ ကြီးကြပ်မှုဖြင့် (၅၃) ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်မှုလုပ်ငန်းများကို မေ ၆ ရက်မှ ယနေ့အထိ မျက်စိဝေဒနာရှင်ပေါင်း ၇၇၃ ဦးကို စမ်းသပ် စစ်ဆေးပြီး ၂၃၀ ကို ခွဲစိတ်ကုသပေးကာ ကျန်လူနာရှင်များအား မျက်မှန်တပ်ဆင်ခြင်း နှင့် မျက်စဉ်းဆေးရည်များဖြင့် ကုသပေးသည်။ 
ပညာဒါနဖြင့် ကုသိုလ်ပြုဆောင်ရွက်ပေးသော ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်၊ စစ်ကိုင်းမှ မျက်စိအထူးကု ဆရာဝန်ကြီးများ၊ သီပေါမှ ဆရာဝန်ကြီးများ၊ သူနာပြုဆရာမကြီးများနှင့် ဓာတ်ခွဲကျွမ်းကျင် ပညာ ရှင်များ၊ မန္တလေးမှ မျက်မှန်ကျွမ်းကျင်ပညာရှင်များ၊ လုပ်အားဒါနပြုကြ သော သီပေါဘုရားကြီးဝေယျာဝစ္စ အဖွဲ့သားများ၊ ဂေါပကအဖွဲ့နှင့် ရေကြည်တော်ဝတ်အသင်းသားများ၊ မြို့မိမြို့ဖများ၏ ကူညီပံ့ပိုးမှုများ ဖြင့်  ယခုကဲ့သို့  ခွဲစိတ်ကုသမှုများ  အောင်မြင်ပြီးမြောက်ကြောင်း သိရသည်။
သီပေါ သီတဂူမျက်စိခွဲစိတ်မှုလုပ်ငန်းများကို ၂၀၀၈ ခုနှစ် မတ်လမှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့ (၅၃) ကြိမ်အထိ ကုသပေးမှုမှာ မျက်စိ ဝေဒနာရှင်ပေါင်း ၅၀၀၀၀ ကျော်ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း သိရ သည်။                                                                        

စိုင်း (သီပေါ)