မြဝတီမြို့တွင် ချစ်ကြည်ရေးတံတားနှစ်စင်း ပြန်လည်ဖွင့်လှစ်ပြီးနောက် ပုံမှန်အတိုင်း ကုန်သွယ်၊ သွားလာမှုများ စည်ကားအသက်ဝင်နေဟုဆို

 

ရန်ကုန်   မေ   ၈


မြဝတီမြို့တွင်  ချစ်ကြည်ရေးတံတားနှစ်စင်း ပြန်လည်ဖွင့်လှစ်ပြီးနောက်    ပုံမှန်အတိုင်း ကုန်သွယ်၊ သွားလာမှုများ စည်ကားအသက်ဝင် နေပြီဖြစ်ကြောင်း  ကုန်သည်များနှင့်  ဒေသခံ များထံ ဆက်သွယ်မေးမြန်းထားသည့် အချက် အလက်များအရ သိရသည်။
မြဝတီမြို့နှင့် ထိုင်းနိုင်ငံကို ဆက်သွယ် ထားသော မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁) ကို ဧပြီ  ၂၁ ရက်တွင် ယာယီပိတ်ပြီး နောက် ဧပြီ ၂၇ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကာ  ချစ်ကြည်ရေးတံတားအမှတ်(၂) ကို ဧပြီ ၁၁ ရက်တွင် ယာယီပိတ်ပြီးနောက် ဧပြီ  ၃၀ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့သည်။
“လက်ရှိအနေအထားအရ  အမှတ် (၂) တံတားက  ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပြီး ကုန်စည်စီးဆင်းမှုအတွက်  ထိုင်း-မြန်မာ   နယ်စပ် ကုန်သွယ်ရေးဇုန်ထဲက  ထိုင်းဘက်မှ  ကုန်စည်​တွေ  မြန်မာပြည်ထဲ ဝင်သလို  မြန်မာပြည်ထဲမှ  ကုန်စည်​တွေလည်း ထိုင်းဘက်ဆီဝင်နေတဲ့ အနေအထားတွေ့ရတယ်။ ကုန်စည်စီးဆင်းမှုအနေနဲ့ အခုလက်ရှိမှာ ပုံမှန်အနေအထားကို    ပြန်ရောက်နေပြီလို့တော့  ပြောလို့ရပါတယ်။     လက်ရှိမှာ   မြဝတီမြို့ပေါ်  အနေအထားကတော့   အရင်အတိုင်းပဲ    တည်တည်ငြိမ်ငြိမ်နဲ့ ပုံမှန်အနေအထားပြန်ဖြစ်နေပြီ” ဟု အလင်းသစ် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောကြားသည်။
မြဝတီဒေသခံတစ်ဦးကလည်း  တံတားများ    ပြန်လည်ဖွင့်လှစ်ပြီး နောက် မြဝတီမြို့၌ ပုံမှန်ကုန်သွယ်မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြောကြားသည်။
“လက်ရှိကုန်သွယ်မှုအနေနဲ့ကတော့ တံတားဖွင့်ပြီးတော့  အခုက ပုံမှန်ပြန်ဖြစ်နေကြပါပြီ။  ပြည်မကိုသွားနေတာလည်း    လမ်းကြောင်း အနေနဲ့ကလည်း အာရှလမ်းမကြီးပိတ်ထားတော့ ဒီလိုပုံစံမျိုး တခြား လမ်းက  သွားနေတာက ငါးလလောက်တော့ရှိနေပြီဆိုတော့ ပုံမှန်တော့ ဖြစ်သွားပါပြီ”ဟု ၎င်းကဆိုသည်။
လက်ရှိကုန်သွယ်ရာတွင်   အဆင်ပြေသည့်   လမ်းကြောင်းကိုသာ အသုံးပြုနေသည့်အတွက်  ကုန်စည်ကြန့်ကြာခြင်းနှင့်  သယ်ယူစရိတ် များပြားခြင်းတို့ရှိနေသော်လည်း မကြာမီတွင် အဆင်ပြေသွားမည်ဟု    မျှော်လင့်နေကြကြောင်းလည်း   အထက်ပါ  လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ဆိုသည်။                           
  MT