
နေပြည်တော် မေ ၇
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထဲရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်တိုးရီ၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။
အများပြည်သူအကျိုးရှေးရှု
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှုသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို နှောင့်ယှက် ဟန့်တားလျက်ရှိသည့်အတွက် နိုင်ငံတော် အစိုးရ၏ မူဝါဒများကို အကောင်အထည် ဖော် ဆောင်ရွက်နေကြသည့် ဝန်ထမ်းများ အား အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှုရှိသည့် အသိုက် အဝန်းဖော်ဆောင်နိုင်ရန် အသိပညာပေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် အနေဖြင့်လည်း ဝန်ထမ်းများအား အဂတိ လိုက်စားမှု၏ ဆိုးကျိုးသက်ရောက်မှုများ ကို သိရှိရှောင်ကြဉ်နိုင်စေရန် ဘက်စုံ၊ ကဏ္ဍစုံမှ အသိပညာပေး ဆောင်ရွက် လျက်ရှိသည်ကို သိရှိရသည့်အတွက် များစွာအားရမိပါကြောင်း၊ ဝန်ထမ်းများ အနေဖြင့် တာဝန်ထမ်းဆောင်ရာတွင် အဂတိတရားကင်းစင်စွာဖြင့် အများ ပြည်သူအကျိုး ရှေးရှုဆောင်ရွက်စေလို ကြောင်း ပြောကြားသည်။
အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်ပါဝင်
ယင်းနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုကို လက်မခံသည့်၊ ဖြောင့်မတ်တည်ကြည်မှု ရှိသည့် လူမှုအသိုက်အဝန်း ဖန်တီး ဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ အသိ ပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်း အနားများကို ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ အဂတိလိုက်စားမှုသည် မိမိအား ပေးအပ်ထားသည့်ရာထူး၊ လုပ်ပိုင်ခွင့် အာဏာကို ကိုယ်ကျိုးစီးပွားအတွက် အသုံးပြုခြင်းဖြစ်သည့်အတွက် ကိုယ်ကျင့် တရားပျက်ယွင်းခြင်းပင် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှုကြောင့် နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နစ်နာစေသည့် အပြင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု နှင့် လူမှုရေးဆိုင်ရာ ကိစ္စရပ်များကိုပါ ဆိုးကျိုး သက်ရောက်စေပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုး သားရေးတာဝန်တစ်ရပ်အဖြစ် ခံယူလျက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို အသိ ပညာပေးခြင်း၊ တားဆီးကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်းဟူသည့် ကဏ္ဍ (၃)ရပ်ချမှတ်၍ စဉ်ဆက်မပြတ် ဆောင် ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ့တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံ့ဝန်ထမ်း များအနေဖြင့် ယခုကဲ့သို့ ဟောပြောပွဲ များမှ အသိအမြင်၊ ဗဟုသုတ၊ ဖြောင့်မတ် တည်ကြည်မှု၊ ကျင့်ဝတ်နှင့် ကိုယ်ကျင့် တရားဆိုင်ရာ အကျိုးကျေးဇူးများရရှိပြီး နိုင်ငံ့တာဝန်ကို ရိုးသားဖြောင့်မတ်စွာ ထမ်းဆောင်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုတွင် အုတ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ထို့နောက် ဥပဒေရေးရာဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ထွေး က အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနှင့်စပ်လျဉ်း၍လည်းကောင်း၊ အသိ ပညာပေးရေးနှင့် ပြည်သူ့ဆက်ဆံရေး ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ဇာဇာမိုးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ နှင့်စပ်လျဉ်း၍လည်းကောင်း၊ တားဆီး ကာကွယ်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်နန်းရတနာထွန်းက အဂတိလိုက်စား မှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍လည်းကောင်း၊ သတင်း၊ တိုင်ကြားစာနှင့် မှတ်တမ်းဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးမော်က တိုင်ကြားစာကဏ္ဍနှင့် စပ်လျဉ်း၍လည်း ကောင်း ရှင်းလင်းဆွေးနွေးကြသည်။
သုံးသပ်တင်ပြ
ဆက်လက်၍ ကော်မရှင်အဖွဲ့ဝင် ဦးကျော်စိုးလင်း ခေါင်းဆောင်၍ အဂတိ လိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ် တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်