
ရန်ကုန် မေ ၃
ကားဈေးကွက်၌ ယခုမေလအစပိုင်းတွင် ရောင်းလို အား၊ ဝယ်လိုအား ပိုများလာကြောင်း မြန်မာ့မော်တော် ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ချုပ် ဦးကျော်စွာထွန်းမြင့်ထံမှ သိရသည်။
ကားဈေးကွက်အတွင်း အဝယ်ပြန်ဆင်းလာ ကြပြီး မေလအစပိုင်းကာလ၌ အရောင်း၊ အဝယ် ခပ်စိပ်စိပ်ပြန်ဖြစ်လာကာ နှစ်စဉ် ဈေးကွက်အနေ အထားအရ မေလလယ်၊ လကုန်ပိုင်းတွင် ပိုဖြစ်လာနိုင်သည်ဟု သုံးသပ် ပြောကြားသည်။ “သင်္ကြန်ပြီး နောက်ပိုင်း လကုန်လောက်အထိ ကတော့ ပုံမှန်ပဲပေါ့။ လိုတဲ့သူတွေ ကဝယ်၊ ရောင်းမယ့်သူတွေက ရောင်းနေကြတယ်။ ဝယ်လိုအား လေးတွေလည်း ပိုဆင်းလာတယ်။ အရောင်းအဝယ်အကောင်းဆုံးဖြစ် တာမျိုးမဟုတ်ပေမယ့် အရောင်း အဝယ်ကတော့ ဖြစ်နေပါတယ်။ သင်္ကြန်က ဧပြီလတတိယ အပတ်လောက်မှာပြီးတာ ဆိုတော့ အဲဒီဝန်းကျင်ကနဲ့စာရင် အခု မေလဆန်းမှာ ပိုဖြစ်လာတယ်လို့ ပြောရမှာပါ။ မေလဆန်းလောက် ကနေစပြီး အဝယ်လေးတွေ များ လာရာကနေ မေလလယ်၊ လကုန် ပိုင်းလောက်ဆိုရင်တော့ ပိုစိပ်လာ တာပေါ့။ နှစ်တိုင်းအမြင်နဲ့ ဈေး ကွက်အရ ကျန်တဲ့ အမိန့်ကြေညာ စာတွေ၊ ကြေညာချက်တွေ၊ ကပ် ရောဂါလိုရောဂါမျိုးတွေ၊ အခြား ကိစ္စရပ်တွေ ထူးထူးခြားခြား အပြောင်းအလဲမရှိရင်တော့ ပုံမှန် လေးရောင်းကြ၊ ဝယ်ကြတာ ပေါ့။ အထူးသဖြင့် ကျောင်းဖွင့် ရာသီဆိုရင် အကုန်လုံး ပိုရောင်း ကြ၊ ဝယ်ကြတော့ ပိုစိပ်လာတာ ပေါ့” ဟု ၎င်းက ဆိုသည်။
ထို့အတူ ကျောင်းဖွင့်ရာသီ ကာလဖြစ်သည့် ဇွန်လပိုင်းတွင် လည်း ကျောင်းကားအသုံးပြုရန် ဝယ်ယူကြ၊ ကားပြောင်းကြ အစ ရှိသဖြင့် ပြင်ကြဆင်ကြ၊ ဝယ်ကြ ပြီး ဈေးကွက်အတွင်း အရောင်း အဝယ် ပိုစိပ်လာကြောင်းလည်း ဦးကျော်စွာထွန်းမြင့်က ပြော သည်။
“ဇွန်လ လောက်ကျတော့ ကျောင်းဖွင့်တဲ့အချိန်မှာ သုံးဖို့ ဝယ်တာတွေ၊ ကားတွေပြောင်းကြ တာတွေ အစရှိသဖြင့် ပြင်ကြ ဆင်ကြ၊ ဝယ်ကြပြီး ဈေးကွက် အတွင်း အရောင်းအဝယ်ပိုစိပ်လာ နိုင်တယ်။ ဒါက နှစ်တိုင်းဖြစ်နေ ကျ။ ဒီရာသီကျ ဒီလိုပဲသွားနေကြ။ အခုလည်း ကားမရောင်းရတဲ့ အခြေအနေတော့ မရှိဘူး။ အခု လည်း ခပ်စိပ်စိပ်လေးတော့ ရောင်းလာရပါတယ်။ ရောင်းလာ ရတဲ့ အကျိုးဆက်နှင့်အတူ ပြန်ဝယ်လာကြတာပေါ့။ အရင် ထက်စာရင်တော့ အရောင်းအဝယ် က ပိုစိပ်လာတယ်လို့ ပြောချင် ပါတယ်” ဟု ၎င်းက ဆိုသည်။
လက်ရှိ ကားဈေးကွက်တွင် အနိမ့်ဆုံး ၃၀၀၊ ၄၀၀ ဝန်းကျင် ကားများမှ စ၍ သိန်းထောင်ကျော် တန်ကားများအထိ ပုံမှန်အရောင်း အဝယ်ဖြစ်နေကြောင်း သိရ သည်။
MT