၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်ဝင်ရောက်မှု ၉၀၀၀၀ ​ကျော်ရှိခဲ့ပြီး ငွေကျပ်သိန်း  ၇၀၀ ကျော် ဝင်ငွေရရှိခဲ့

 

ရန်ကုန်   မေ   ၂


၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပုဂံရှေးဟောင်း သုတေသနပြတိုက်သို့ ပြည်တွင်း၊ ပြည်ပခရီးသွား ဧည့်သည်ဝင်ရောက်မှု ၉၄၉၅၁ ဦးရှိခဲ့ပြီး  ​ငွေကျပ် ၇၁၉ သိန်းကျော်ဝင်ငွေရရှိခဲ့ကြောင်း ပုဂံရှေးဟောင်း သုတေသနပြတိုက်မှ      ဒုတိယညွှန်ကြားရေးမှူး (ပြတိုက်) ဒေါ်ခက်ခက်လှက  ပြောသည်။


“၂၀၂၃ ဧပြီလကနေ  ၂၀၂၄  မတ်လကုန်အထိ ၂၀၂၃-၂၀၂၄     ဘဏ္ဍနှစ်အတွင်းမှာ    ပြတိုက်ကို ဝင်ရောက်ခဲ့တဲ့ဦးရေက ၉၄၉၅၁ ဦး ဝင်ရောက်ခဲ့ပြီး ရရှိခဲ့တဲ့ဝင်ငွေက ငွေကျပ် ၇၁၉၁၉၀၀၀ ရရှိခဲ့တယ်။ ဒါကတော့ ပြည်တွင်း/ပြည်ပ ဝင်ရောက်ခဲ့တဲ့ ခရီး သည် စုစုပေါင်းဖြစ်တယ်”ဟု ၎င်းက ပြောသည်။


ယင်းကဲ့သို့ ဝင်ရောက်ခဲ့သည့်အနက် ပြည်တွင်းမှ ခရီးသွားဝင်ရောက် သူဦးရေ ၉၄၂၉၅ ဦးရှိခဲ့ကာ  ဝင်ငွေ ၆၇၀၄၄၀၀၀ (သိန်းပေါင်းခြောက်ရာ ခုနစ်ဆယ်လေးသောင်းလေးထောင်) ဝင်ငွေရရှိခဲ့ပြီး  ပြည်ပခရီးသွား ဝင်ရောက်မှု ၆၅၆ ဦးရှိခဲ့၍  ၄၈၇၅၀၀၀ (လေးဆယ့်ရှစ်သိန်းခုနစ်သောင်း ငါးထောင်)ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။


“ပြည်ပဝင်ရောက်မှုကတော့ နည်းပါသေးတယ်။  နိုင်ငံခြားသား ဝင်ရောက်မှုအနေနဲ့  မတ်လအတွင်းကဆိုရင် ၄၀ လောက်ရှိခဲ့တယ်။ ဖေဖော်ဝါရီလအတွင်းမှာ ၂၃ ယောက်လောက်ပဲရှိခဲ့တယ်။ ပြည်ပထက် ပြည်တွင်းခရီးသွားတွေ ပိုများတယ်”ဟု လည်း ၎င်းက ပြောသည်။


ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် တနင်္လာနေ့နှင့် အများ ပြည်သူရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲ အထိဖွင့်လှစ်ထားပြီးပြတိုက်ဝင်ကြေးအနေဖြင့် ပြည်တွင်းခရီးသွား တစ်ဦးလျှင် ငွေကျပ် ၁၀၀၀ နှုန်းသတ်မှတ်ထားကာ ၁၂ နှစ်အောက် ကလေးငယ်များနှင့် ကျောင်းထောက်ခံစာပါရှိပြီး လာရောက်လေ့လာ သူ ကျောင်းသား  ကျောင်းသူများနှင့် ရဟန်း၊ သံဃာများကို ဝင်ကြေးကင်းလွတ်ခွင့်ပြုထားကြောင်းနှင့် နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ငွေကျပ် ၁၀၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။


ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာ နှစ်အတွင်း ခရီးသွားဝင်ရောက်မှု  ၈၃ဝဝဝ  ကျော်ဝင်‌ရောက်ခဲ့သည့် အနက်နိုင်ငံခြားသား ၃၂၈ ဦးသာရှိခဲ့ပြီး၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွင်း ခရီးသွားဝင်ရောက်မှု ၉၄၀၀၀ ကျော်ဝင်ရောက်ခဲ့ရာတွင် နိုင်ငံခြားသားခရီးသွားဝင်ရောက်မှု ၆၅၆ ဦးရှိခဲ့သည်။


ယခုနှစ်ခရီးသွားရာသီကာလအတွင်း ခရီးသွားများအနေဖြင့် ပုဂံ၊ အင်းလေး၊ ကလော၊ ချောင်းသာ၊ ‌ငွေဆောင်အစရှိသည့်နေရာဒေသများ သို့ ခရီးသွားလည်ပတ်မှုများပြားခဲ့ပြီး လက်ရှိကာလ၌လည်း ရာသီဥတု အပူချိန်ကြောင့် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်မှု အနည်းငယ်ကျဆင်း သွားသော်လည်း   ခရီးသွားဝင်ရောက်မှု    ဆက်လက်များပြားနေဆဲ ဖြစ်ကြောင်း ‌သိရသည်။                                           

MT