ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူပြီးဖြစ်သည့် မစ္စတာ အဘ်ဟေး တာကူးရ် အားလက်ခံတွေ့ဆုံ

နေပြည်တော်   ဧပြီ   ၃၀
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် မြန်မာနိုင်ငံဆိုင်ရာ   အိန္ဒိယသံအမတ်ကြီးအဖြစ်  ခန့်အပ်ရန်  သဘောတူညီပြီးဖြစ်သည့် မစ္စတာ အဘ်ဟေး တာကူးရ်အား   ယနေ့ မွန်းလွဲ ၂  နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ 
တွေ့ဆုံစဉ်  ဒုတိယဝန်ကြီးချုပ်နှင့်   ပြည်ထောင်စုဝန်ကြီးက  သံအမတ်ကြီးအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းခံရသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားပြီး  မြန်မာ - အိန္ဒိယ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသောဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ပေါင်းစည်းချိတ်ဆက်မှုအပါအဝင်   အပြန်အလှန်အကျိုးဖြစ်ထွန်းစေ မည့်ကဏ္ဍများတွင်   ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးနှင့် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပိုမို နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးတို့နှင့်  စပ်လျဉ်း၍    ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ် တိုးတက်မှုအခြေအနေများကိုလည်း ရှင်းလင်းအသိပေးခဲ့ကြောင်း သိရသည်။ သတင်းစဉ်