
ဘားအံ ဧပြီ ၂၅
နွေရာသီနေ့အပူချိန်များ မြင့်တက်လာသည်နှင့်အမျှ ကရင်ပြည်နယ် ဘားအံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စုအချို့တွင် ရေရှားပါးလာပြီး သောက်ရေ၊ သုံးရေအတွက် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့ လာရသဖြင့် ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေများ ပေးဝေလှူဒါန်းပေးလျက်ရှိရာ ဧပြီ ၂၅ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့လှိုက်ကျေးရွာ၌ သောက်သုံးရေများပေးဝေလှူဒါန်း နေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့လှိုက်ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာနနှင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဂါလန် ၁၆၀၀ ဆံ့ရေသယ်ယာဉ်ခြောက်စီး ဖြင့် သောက်သုံးရေများ ပေးဝေလှူဒါန်းနေမှုကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီ ကာလတွင် ရပ်ကွက်/ ကျေးရွာအချို့၌ ရေရှားပါးမှု၊ သောက်သုံးရေမလုံလောက်မှု စသည့်ပြဿနာများကို နှစ်စဉ်ကြုံတွေ့ရလေ့ရှိရာ သောက်သုံးရေဖြန့်ဝေ ခြင်းကဲ့သို့ လတ်တလော ဆောင်ရွက်ရသည့် အစီအစဉ်များသာမက ကျေးရွာများ၏ ရေရှားပါးရ ခြင်း အဓိကအကြောင်းအရင်းများကိုဖော်ထုတ်၍ ဖြေရှင်းနိုင်မည့် ကာလတို၊ ကာလလတ် အစီအမံများ ကို ရေးဆွဲ၍ စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူ များအား မှာကြားသည်။
ယနေ့ ကော့လှိုက်ကျေးရွာတွင် စုစုပေါင်းရေဂါလန် ၉၆၀၀ ကျော်ကို ပေးဝေလှူဒါန်းခဲ့ပြီး သတ္တမအကြိမ် မြောက်ပေးဝေလှူဒါန်းခြင်းဖြစ်ကာ ရေရှားပါးသော ကျေးရွာတစ်ရွာလျှင် ရက်သတ္တပတ်တစ်ပတ် နှစ်ကြိမ် နှုန်းဖြင့် ပေးဝေလှူဒါန်းလျက်ရှိကြောင်းနှင့် သောက်သုံးရေရှားပါးသော ရပ်ကွက်၊ ကျေးရွာများ အနေဖြင့်လည်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း သိရသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် ကရင်ပြည်နယ်အတွင်း နေရာဒေသအချို့တွင် နယ်မြေတည်ငြိမ်အေးချမ်းမှုအားနည်း သည့်အတွက် ဘားအံမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာအုပ်စုများ ရှိ နီးစပ်ရာဆွေမျိုးများနေအိမ်နှင့် ဘာသာရေး အဆောက်အအုံများတွင် ယာယီပြောင်းရွှေ့နေထိုင်သူ များအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ဆန် ရိက္ခာများထောက်ပံ့ပေးအပ် ခဲ့သည့်အခမ်းအနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက တရုတ်လှ (ကော့ကျိုက်)၊ ဝင်းကျန်၊ ဖအွံ၊ နောင်ထလုံး၊ ရွှေတော၊ တော်ပုံ၊ ရဲသာ၊ ကော့ထမ္မလိန်းကျေးရွာအုပ်စုများမှ ယာယီ ပြောင်းရွှေ့နေထိုင်သူ အိမ်ထောင်စု ၂၂၃ စု၊ လူဦးရေ ၈၆၈ ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှထောက်ပံ့သည့် ဆန် အိတ် ၆၀၉ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)