
သိန်းထွန်း (IR)
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်မှ နှစ်သစ် ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းချေတော့မည်။ တစ်နှစ်ဆိုသည့် အချိန်ကာလတစ်ခုမှာ မကြာလိုက်သလိုပင်။ ကိုယ့်ဘဝနဲ့ကိုယ် လှုပ်ရှားရုန်းကန်ရင်းဖြင့်ပင် နှစ်တစ်နှစ် ကုန်ဆုံးပေတော့မည်။ စိတ်ထဲမှာတော့ ခဏမျှသာဟု ထင်မိသည်။ အချိန် ဆိုသည်က သူ့စည်းချက်နဲ့သူ သွားမြဲ သွားနေသည်ကိုး။ ထိုအချိန်များကို မြန်ချင်၍လည်းမရ၊ နှေးချင်၍လည်း မရ၊ ရပ်တန့်၍လည်း မရချေ။ မည်သူမဆို အချိန်၏ စည်းချက်များအောက်တွင် ဟန်ချက်ညီ ကျင်လည်ကြရသည်။ မိုးလင်းမှမိုးချုပ် ကိစ္စမြားမြောင် လူတို့ ဘောင်၌ တစ်ရက်ပြီးတစ်ရက် လှုပ်ရှား ရင်း၊ ရုန်းကန်ရင်းဖြင့် အချိန်များကို ဖြတ်သန်းနေကြရ၏။ ထိုဖြတ်သန်းခဲ့ရ သည့် အချိန်ကာလသည်ပင် ယခုအခါ တစ်နှစ်ပြည့်ပေတော့မည်။
တစ်ခါတစ်ရံ သဘာဝတရားကြီး၏ နက်နဲဆန်းပြားမှုကို စဉ်းစားမိ၏။ လောကတစ်ခုလုံး ဟန်ချက်ညီဖြစ်စေ ရန် သဘာဝတရားကြီးက ဖန်တီး တည်ဆောက်ထားပြီး ထိုဖန်တီးမှုများကို လူသားတို့ ယနေ့အထိ လိုက်မမီနိုင်သေး ချေ။ သဘာဝ၏ဟန်ချက်များအတိုင်းသာ ရှင်သန်လှုပ်ရှားကြရ၏။ ထိုဖန်တီးချက် များထဲတွင် ဥတုရာသီများ၏ ပြောင်းလဲ မှုနှင့် အလှတရားတို့မှာ အံ့ဖွယ်များစွာ ထဲမှအချို့ ဖြစ်သည်။ ဥတုရာသီတို့သည် ဒေသတစ်ခုနှင့်တစ်ခု မတူ။ သူ့ဒေသ၊ သူ့ရာသီ၊ သူ့အလှတို့မှာ ယင်းဒေသ၏ ထူးခြားသောဝိသေသအဖြစ် ရှိတတ် ကြ၏။ မြန်မာနိုင်ငံတွင်မူ နွေ၊ မိုး၊ဆောင်း အဖြစ် ဥတုသုံးမျိုးတွေ့ရသည်။ နွေရောက် လျှင် နွေ၏အလှတို့မှာ လွမ်းမောဖွယ် ဖြစ်၏။ မိုးရာသီဆိုလျှင် စိမ်းစိုလန်းဆန်း သည့်သွင်ပြင်တို့မှာ တစ်မျိုးတစ်ဘာသာ လှနေပါ၏။ ဆောင်းရာသီကတော့ အေးမြခြင်း၊ ကြည်လင်ခြင်း၏အရသာ ကို ပေစွမ်းပါ၏။ သဘာဝတရား၏ ထိုစုတ်ချက်လက်ရာတို့သည် လူသားတို့ အတွက် ရသပေါင်းစုံပေးလျက်ရှိပါ၏။ ထိုရာသီအလှတို့တွင် နှစ်ဟောင်းမှ နှစ်သစ်ကူးပြောင်းသည့် နွေဦးသည် အခြားသောရာသီတို့ထက် ပို၍ အလှ သွေးကြွယ်သည်ဟုဆိုလျှင် ပိုလိမ့်မည် မထင်။
နွေဦး
မြန်မာအဘိဓာန်တွင် မိုးဥတုကို ဝသန်(ပါဋိ၊ ဝဿာန)၊ နွေဦးအား ဝသန် (ပါဋိ၊ ဝသန္တ) ဟု ဖွင့်ဆိုပါသည်။ ဝသန္တ နွေဦးရာသီသည် တပေါင်းလပြည့်ကျော် ၁ ရက်နေ့မှ ကဆုန်လပြည့်နေ့အထိ ဖြစ်၏။ နွေဦးကာလသည် ပူပြင်း ခြောက်သွေ့သောရာသီဖြစ်၍ တန်ခူး ရေကုန် ကဆုန်ရေခန်းသော အချိန်လည်း ဖြစ်၏။ ထိုကာလတွင် ရေတွင်း၊ ရေကန်၊ အင်းအိုင်တို့ ရေခန်းခြောက်ကြသည်။ ထို့အပြင် တပေါင်း၊ တန်ခူး လေရူးဆော် ဆိုသည့်အတိုင်းပင် တစ်ချက်တစ်ချက် ရိုက်ခတ်လာသည့် လေရူးတို့က ကနွဲ့ ကလျ ကျီစယ်တတ်သည်မှာ ထိတွေ့ သူရင်ထဲ အေးမြသွားစေ၏။ နွေဦးရာသီ သည် ပူပြင်းခြောက်သွေ့သော်လည်း သူ၏အသွင်မှာ အကျည်းတန်မနေ။ နွေဦးအလှ၊ နွေဦးဘဝ အားမာန်များဖြင့် နက်ရှိုင်းစွာ လှပနေပါ၏။ ထို့ကြောင့် နွေဦး၏သာယာလှပပုံကို ဦးကြင်ဥက “ယင်းသည့်နေ့ဆိုင်၊ ရသေ့သူတော်တိုင်မှ၊ ဉာဏ်မခိုင် စျာန်ယိုင်လဲ လျှောရတယ်၊ ရာသီတွင် စာညီ ပြောပေပ၊ ကြော၍ သာမြဲ” ဟု တင်စားဖွဲ့ဆိုခြင်း ဖြစ်ပေလိမ့် မည်။ ရသေ့သူတော်တို့ပင် ဈာန်လျှောရ သည့် လွမ်းမောဖွယ်ကာလတွင် ဥဩ ငှက်ငယ်၏ သာယာနာပျော်ဖွယ် တွန်သံ ချိုမှာ နွေဦး၏ဘဝသရုပ်ကို ပို၍ ထင်ဟပ် ပေါ်လွင်စေသည်ဟုဆိုလျှင် ပြောမယုံ ကြုံဖူးမှ သိနိုင်ပါလိမ့်မည်။
ထို့ကြောင့် နွေဦးရာသီသည် ဩကာသ လောက၏ သရုပ်ဖော်ပန်းချီကားတစ်ချပ် ဟု ဆိုနိုင်ပါ၏။ ကြည့်လေရာ သစ်ပင် ပန်းမန်တို့မှာ ရွက်ဟောင်းကြွေ၍ ရွက်သစ်များ ဝေနေကြ၏။ နေရှိန် ပြင်းပြင်းအောက်တွင် ရွက်ဝါကြွေကျ၍ ရိုးတံပြိုင်းပြိုင်းဖြစ်နေသည့် ပင်အိုတို့မှာ လောကဓံကို မမှုသည့်အလား အညွန့် အဖူးလေးများ၊ ရွက်သစ်ရွက်နုတို့ဖြင့် ဝေဆာနေသည့် အားမာန်တို့ကို တွေ့ရ ၏။ ဘဝတစ်ခု၏ နုနယ်ပျိုမျစ်ခြင်း၊ ရုန်းကန်ရှင်သန်ခြင်း၊ အိုမင်းရင့်ရော်ခြင်း တို့ကို ဖြစ်ခြင်း၊ ပျက်ခြင်း၏ နိမိတ်ပုံ အလား မြင်ရပါ၏။
ထိုသို့ သာယာလှပမှုများနှင့် ပြည်စုံ သည့်နွေဦးကို ပို၍ဂုဏ်တင့်စေသည်မှာ မြန်မာတို့၏ ရိုးရာသင်္ကြန်ပွဲတော် ဖြစ်ပေသည်။ မြန်မာတို့အတွက် နှစ်ဟောင်း နှစ်သစ်အကူးအပြောင်း ပွဲတော်ဖြစ်သည့် သင်္ကြန်ပွဲတော်သည် နွေဦးနှင့် တစ်သားတည်းဟု ဆိုနိုင်သည်။ ဆောင်းအကုန် နွေအကူး နွေဦးရောက် သည်နှင့် သင်္ကြန်သီချင်းများကို ဟိုမှ သည်မှ ကြားရလေပြီ။ ဖက်ဆွတ်မိုးခေါ် သည့် သင်္ကြန်မိုးရွာသည်နှင့် ရွှေရည် ဝင်းဝါသည့် ပိတောက်ပန်းတို့ ပင်လုံး ကျွတ် ဝါဝါထိန်ပွင့်ကြပြီ။ နွေဦးတွင် ရာသီပန်းများဖြစ်သည့် ကံ့ကော်၊ ရင်ခတ် ပန်း၊ ငုဝါပန်း၊ ပိတောက်ပန်းတို့ ပွင့်ကြ သည်။ ပိတောက်များပွင့်လျှင် မည်သူ မဆို သင်္ကြန်ကို ဦးစွာပြေးမြင်မိကြစမြဲ ပင်။ မည်သည့်အချိန်မှစ၍ ပိတောက်ပန်း အား သင်္ကြန်ပန်းအဖြစ် အသိအမှတ်ပြု ခဲ့ကြသည်ကို မသိရသော်လည်း ကုန်းဘောင်ခေတ် စာဆိုတော် ဖိုးသူတော် ဦးမင်း၏ တန်ခူးလဖွဲ့တွင် “မြတ်သင်္ကြန် ခေါ် စံပွဲတော်မို့၊ ကံ့ကော်မှုံနံ့ စုံအသန့်မှာ၊ ထုံပျံ့ဝတ်ရွှေ ညွတ်ပစေလို့၊ သရေငယ် ဆောင်သည် ရွှေရောင်ပိတောက်ကယ်က မင်းမူလေ့” ဟူ၍ တွေ့ရသည်။ ယနေ့ချိန် တွင်မူ တစ်နှစ်လျှင် တစ်ကြိမ်သာပွင့်သည့် ပိတောက်ပန်းသည် နှစ်ကူးအတာ သင်္ကြန်ကို ကိုယ်စားပြုသည့် အမှတ် သင်္ကေတပန်း ဖြစ်နေပါပြီ။
နှစ်ဦးပွဲတော်
တပေါင်းလသည် မြန်မာတို့၏ရာသီ ၁၂ လတွင် နောက်ဆုံးလဖြစ်ပြီး တန်ခူး လသည် နှစ်ဦးလဖြစ်၏။ ထိုနှစ်ကူးသည့် လတွင် မြန်မာတို့သည် နှစ်ကူးအတာ သင်္ကြန်ပွဲကို ပျော်ရွှင်စွာကျင်းပကြသည်။ နှစ်ဟောင်း နှစ်သစ်ကူးပြောင်းချိန်တွင် ကျင်းပသည့် သင်္ကြန်ပွဲသည် မြန်မာတို့၏ အထင်ရှားဆုံး အတာရေသဘင်ပွဲတော် ဖြစ်၏။ အတာသင်္ကြန်ပေါ်ပေါက်လာပုံနှင့်ပတ်သက်၍ ခိုင်မာသောမှတ်တမ်း မှတ်ရာများ မတွေ့ရသော်လည်း မြန်မာ သက္ကရာဇ် ၆၅၃ ခုတွင် ရေးထိုးထားသည့် စောလှဝန်းဂူဘုရား ကျောက်စာအရ ပုဂံခေတ်တွင် စတင်နေပြီဟု ယူဆကြ သည်။ ထို့အတူ ဦးကုလား၏ မဟာ ရာဇဝင်ကြီး၊ တတိယတွဲတွင် နန်းတော်မှ ထွက်၍ သင်္ကြန်တော်ခေါ်ခြင်း ဟု မှတ်တမ်းတင်ထားသည်ကို တွေ့ရသည်။ အခြားမှတ်တမ်းတစ်ခုအနေဖြင့် အိုင်းရစ် သံတမန် ဗိုလ်မှူးကြီး မိုက်ကယ်ဆိုင်း၏ ၁၇၉၅ ခုနှစ်၊ အင်းဝနိုင်ငံသွား သံအဖွဲ့ မှတ်တမ်း(စာ-၂၁၀)တွင် ပဲခူးမြို့၌နှစ်ကူး ရေပက်ကစားပုံအကြောင်းကို ဖော်ပြ ထားပါသည်။ ထိုမှတ်တမ်းများအရ မြန်မာတို့၏သင်္ကြန်ပွဲသည် ရာစုနှစ် များစွာ အစဉ်အလာမပျက် ကျင်းပလာ ခဲ့သည့် ပွဲတော်ဖြစ်ကြောင်း အခိုင်အမာ ဆိုနိုင်ပါသည်။ အစဉ်အလာ ကြီးမား သည့် မြန်မာတို့၏ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုလည်း ဖြစ်ပါ၏။ ထိုနှစ်ကူးအတာသင်္ကြန်ကို မြန်မာ တစ်နိုင်ငံလုံးတွင်ကျင်းပကြပြီး ပွဲကျင်းပ သည့်ရက် အကြာဆုံးလည်းဖြစ်၏။ သင်္ကြန်ရက်များတွင် နိုင်ငံတစ်ဝန်း နေထိုင်ကြသူ လူကြီးလူငယ်မရွေး၊ကျားမ မရွေး လူတန်းစား အားလုံးပျော်ရွှင်စွာ ရေပက်ကစားကြသည်မှာ အခြားသော ပွဲတော်များထက် ထူးခြားမှုတစ်ခုဖြစ်၏။ နှစ်ကူးသင်္ကြန်ရက်များတွင် နှစ်ဟောင်းမှ အညစ်အကြေးတို့ကို ဆေးကြော၍ နှစ်သစ်ကိုကြိုဆိုရန်အတွက် တစ်ဦးကို တစ်ဦး ချစ်ကြည်စွာ ရေပက်ဖျန်းကစား ကြရာ မြန်မာတို့၏ ချစ်စရာဓလေ့များ၊ ဘာသာရေး၊ လူမှုရေး အစဉ်အလာများနှင့် စိတ်ရင်းသဘောထားများကို တွေ့မြင်နိုင် သည်။
သင်္ကြန်တွင်း၌ ရေပက်ကစားသည် ဆိုသော်လည်း ဥပုသ်သည်များ၊ ကိုယ်ဝန် ဆောင်မိခင်များ၊ နာမကျန်းသူများတော့ ရေမပက်ကြ။ ဥပုသ်သည်များကို ရေမပက် ကြသော်လည်း ကျောင်းတွင်းဥပုသ်သည် များဆိုပါက ရေပက်ကြပါသည်။ ငယ်စဉ် က အိမ်ရှေ့တွင် ရေပုံးချ၍ ရေပက်လျှင် မိဘများက ဘေးမှာထိုင်ကြည့်ရင်း ဘယ်သူလာပြီ ပက်ကြဟေ့ဟု ပြောလိုက် လျှင် ကလေးတစ်သိုက် ဝိုင်းပက်ကြသည် မှာ ရွှဲရွှဲစိုအောင်ထိပင်။ ပျော်တတ်၊ နောက်ပြောင်တတ်သူများအား ရေသွား ပက်မိလျှင် သူ့ကိုရေပက်သည့် ကလေး ကို ခေါင်းမှကိုင်၍ ကိုယ့်ပုံးထဲမှရေဖြင့်ပင် တစ်ခွက်ပြီးတစ်ခွက် ပြန်လောင်းခံရ သဖြင့် ထွက်ပြေးရသည်များလည်းရှိသေး သည်။ သင်္ကြန်၏ ချစ်စရာ၊ ပျော်ရွှင်စရာ ကောင်းလှသည့် ဓလေ့များပင် ဖြစ်ပေ၏။ မိန်းမပျိုရှိသည့်အိမ်ဆိုလျှင် ထိုမိန်းမပျို ကို ရေပက်ရန် ကာလသားများက တဝဲ လည်လည်နှင့် ချောင်းကြတော့သည်။ တစ်ခါတစ်ရံ မိန်းမပျိုကိုရေပက်ရန် သူမ ၏ မိဘမောင်ဖားထံ ခွင့်တောင်းလျှင် ကြည်ကြည်ဖြူဖြူပင် အိမ်အပြင် ထွက်ပေး၍ ရေပက်ခံကြသည်။ အကဲပို သည့်သူများက မိန်းမပျိုအား ခေါင်းမှ လောင်းမိ၍ အအော်အငေါက် ခံရသည် များလည်း ရှိသေးသည်။ အငေါက်ခံရ လျှင် စိတ်ဆိုးဖို့နေနေသာသာ တဟေး ဟေးနဲ့ ပျော်၍ပင်မဆုံးနိုင်။ လူကြီးသူမ များကို ရေပက်လိုပါက “သင်္ကြန်ရေနဲ့ ကန်တော့ပါရစေ” ဟု ယဉ်ကျေးစွာ ခွင့်တောင်း၍ တရိုတသေ ရေလောင်းကြ လေ့ရှိသည်။ သင်္ကြန်တွင်းဖြစ်၍ တစ်ဦး ကိုတစ်ဦး ရေပက်ဖျန်းကစားကြသော် လည်း ယဉ်ကျေးမှုမပျက်၊ အစဉ်အလာ မပျက်၊ ယဉ်ကျေးစွာ ဆော့ကစားကြ သည်မှာ နှစ်ကူးသင်္ကြန်၏ အနှစ်သာရဟု လည်း ဆိုနိုင်ပါ၏။
အကမဏ္ဍပ်နှင့် အလှပြယာဉ်
မြန်မာ့ရိုးရာအတာသင်္ကြန်ရက်များတွင် နေ့ခင်းပိုင်း၌ ရေပက်ကစားကြပြီး ညပိုင်းတွင် အလှပြယာဉ်၊ သံချပ်ယာဉ် များက ရိုးရာအကမဏ္ဍပ်များသို့ သွားရောက်၍ ဖျော်ဖြေကြသည်။ ဆုပေး မဏ္ဍပ်ဆိုလျှင် အလှပြယာဉ်များက ပြိုင်ပွဲဝင်သီချင်းများဖြင့် သီဆိုပြိုင်ပွဲဝင် ကြသည်။ သို့ဖြစ်၍ အလှပြယာဉ်များက ပြိုင်ပွဲဝင်သီချင်းများကို အပြိုင်အဆိုင် စပ်ဆိုကြသည်။ ယာဉ်ကိုလည်း သင်္ကြန် ရိုးရာမပျက် အလှဆုံးပြင်ဆင်ကြသည်။ သင်္ကြန်နားနီးလျှင် ငွေကြေးတတ်နိုင်၍ သင်္ကြန်ပိုးရှိသူများက အလှပြယာဉ်များ ထွက်ရန် စိုင်းပြင်းကြ၏။ ရပ်ကွက်ထဲမှ ဝါသနာတူလူငယ်များ စုကြသည်။ သီချင်းရေး၊ သံချပ်ရေးပြီး အိမ်တစ်အိမ် တွင်စုကာ သီချင်းတိုက်၊ သံချပ်တိုက်ကြ သည်။ သူ့ထက်ငါ ကောင်းအောင်၊ ငွေဖလားဆုရအောင် ကြိုးပမ်းကြသည်။ တော်တော်တန်တန် ဝါသနာပိုးနှင့်မရ။ အလုပ်ပျက်၊ အအိပ်ပျက်နှင့် နေ့နေ့ညည ပြင်ဆင်ရသည်။ ထို့ကြောင့်လည်း သင်္ကြန်ရောက်လျှင် သင်္ကြန်သီချင်း ကောင်းများကို နှစ်စဉ်ကြားကြရသည်။ ဗဟိုမဏ္ဍပ်တွင် အလှပြယာဉ်ဆု၊ မဏ္ဍပ် ဆု၊ အကဆု၊ သီချင်းဆု စသဖြင့် ဆုများ ပေးအပ်သဖြင့် အပြိုင်အဆိုင်ဖျော်ဖြေ ကြရာ ကြည့်သူအပေါင်းမှာ တဝကြီး ကြည့်ရသည်။ ကြည့်သူများကလည်း ညပိုင်းတွင် မဏ္ဍပ်တကာလှည့်၍ ကြည့်ပြီး ဘယ်မဏ္ဍပ်ရဲ့ အပြင်အဆင်က လှတာ၊ ဘယ်အဖွဲ့က အကကောင်းတာ၊ အဆိုကောင်းတာ၊ ဘယ်အလှပြယာဉ် ကတော့ ဘယ်လိုကောင်းတာ စသဖြင့် နောက်ရက်တွင် ပြော၍မဆုံးတော့။ နာမည်ကြီး အကမဏ္ဍပ်များဆို လူတိုး၍မပေါက်တော့။ သံချပ်အဖွဲ့များ ၏ ထိထိမိမိသံချပ်များဆိုလျှင် ပရိသတ် အကြိုက်ပင်။ အလှပြယာဉ်ဖျော်ဖြေမှု ကောင်းလျှင် ထိုအလှပြယာဉ်နောက်သို့ စက်ဘီးဖြင့် တကောက်ကောက် လိုက်ကြည့်ရသည်မှာ မောရမှန်း၊ ပင်ပန်း ရမှန်းပင်မသိ။ သင်္ကြန်သီချင်းကောင်း လျှင် လူတိုင်းပါးစပ်ဖျားသို့ ထိုသီချင်း ရောက်တော့သည်။ထို့ကြောင့်လည်း အကမဏ္ဍပ်များ၊ အလှပြယာဉ်များဖြင့် စည်ကားခဲ့သော သင်္ကြန်ကာလများအတွင်းက မြန်မာ့ ရိုးရာသင်္ကြန်သီချင်းကောင်းများ အများ ဆုံး ထွက်ခဲ့သည်ကို တွေ့ရသည်။ ထိုသီချင်းများမှာ သင်္ကြန်ကာလရောက် တိုင်း လွှမ်းမိုးခဲ့သည်မှာ ယနေ့ထက် တိုင်ပင်ဖြစ်၏။ ထိုစဉ်က ဌာနဆိုင်ရာ များ၊ ရပ်ကွက်အလိုက်နှင့် တစ်ဦးချင်း ငွေကြေးတတ်နိုင်သူများက အကမဏ္ဍပ် များ၊ အလှပြယာဉ်များကို ဦးဆောင် လုပ်နိုင်ကြသဖြင့် သင်္ကြန်ကို စည်ကား စွာ ဆင်နွှဲနိုင်ခဲ့ကြသည်။ အပြိုင်အဆိုင် ဟုပင် ဆိုနိုင်သည့်ကာလဖြစ်သည်။ သင်္ကြန်မတိုင်မီကပင် ကြိုတင်ပြင်ဆင် ကြ၏။ သင်္ကြန်ပြီးလျှင်တော့ အတိုးချ ပင်ပန်းကြတော့၏။ ပင်ပန်းလည်း ခဏ သာ ဖြစ်၏။ နောက်နှစ် သင်္ကြန်ချိန်ရောက် လျှင် သင်္ကြန်ပိုးများ ထလာပြန်ကြသည်။ နောက်ပိုင်းတွင် အကြောင်းအမျိုးမျိုး ကြောင့် သင်္ကြန်ပွဲစည်ကားမှုများ လျော့ကျလာခဲ့သည်။ ထိုသို့သောသင်္ကြန် မြင်ကွင်းများ၊ ဖန်တီးမှုများ၊ ဖျော်ဖြေမှု များ မကြည့်ရ၊ မကြားရတော့သည်မှာ ဆယ်စုနှစ်များပင် တိုင်ခဲ့လေပြီ။ လွမ်းမောတမ်းတစရာ အတိတ်၏ သင်္ကြန်ပုံရိပ်များပင်။
သင်္ကြန်ယဉ်ကျေးမှုအစဉ်အလာများ
မြန်မာတို့၏ နှစ်ကူးအတာသင်္ကြန် သည် ရေပက်ဖျန်းသည့် ပွဲတော်ဟု ဆိုသော်လည်း တစ်ဦးကိုတစ်ဦး ရေပက် ဖျန်းရုံ သက်သက်မဟုတ်။ ရေပက်ကစား သည့် အဓိပ္ပာယ်၊ အနှစ်သာရနှင့် ယဉ်ကျေးမှုအစဉ်အလာများ ရှိကြ၏။ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းရာ တွင် နှစ်ဟောင်းမှ အညစ်အကြေးများ၊ မကောင်းမှုများ ကင်းစင်စေရန်နှင့် ကောင်းသောအတိတ်ကောင်း၊ နိမိတ် ကောင်းများရရှိစေရန်အလို့ငှာ အတာ ရေပက်ဖျန်းခြင်း၊ ကောင်းမှုကုသိုလ်ပြု ခြင်းများဖြင့် နှစ်ကူးကြ၏။ ရှေးယခင်က သင်္ကြန်ချိန်ရောက်လျှင် နန်းမြို့တံခါး ၁၂ ရပ်မှ အခါတော်ကြား အမြောက် သုံးချက်စီဖောက်၍ သင်္ကြန်ကျသည်ကို နိုင်ငံသို့ အသိပေးကြောင်း ဆရာမကြီး လူထုဒေါ်အမာက “အမေ့ ရှေးစကား” တွင် ရေးသားထားသည်။ ကျွန်တော်တို့ သိတတ်သည့်အရွယ်တွင် သင်္ကြန် အမြောက်ဖောက်သံ မကြားရတော့။ ထိုသင်္ကြန် အမြောက်ဖောက်သံသည် အသံမည်ရန်အတွက်သာ ဖောက်ခြင်း ဖြစ်သဖြင့် ထိခိုက်မှုမရှိကြောင်း၊ ထို့ကြောင့် “ဟန်သာရှိပြီး အဆန် မပါဘူး၊ သင်္ကြန်အမြောက်ပဲ” ဟု တင်စားပြောကြကြောင်း ဆရာမကြီးက မှတ်တမ်းတင် ရေးသားထားသည်ကို တွေ့ရပါသည်။
ပုံမှန်အားဖြင့် အတာသင်္ကြန်ပွဲသည် အကြို၊ အကျ၊ အကြတ်၊ အတက်နေ့ဟူ၍ လေးရက်ကြာမြင့်သည်။ အကြတ်နေ့ နှစ်ရက်ဖြစ်ပါက ငါးရက်ကြာမြင့်သည်။ အကြိုနေ့တွင် ရေပက်ကစားလေ့ မရှိ သော်လည်း အချို့ကတော့ အကြိုနေ့တွင် ပင် ရေကစားကြသည်လည်း ရှိကြသည်။ အကျ၊ အကြတ်နှင့် အတက်နေ့များတွင် ရေပက်ကစားကြပြီး အတက်နေ့ပြီး နှစ်ဆန်း ၁ ရက်နေ့တွင်မူ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ပရိတ်တရားတော် များ ရွတ်ဖတ်ပူဇော်ခြင်း၊ အလှူဒါနပြု ခြင်းနှင့် ကုသိုလ်ကောင်းမှုပြုခြင်းတို့ ပြုကြသည်။ နှစ်ကူးတွင် ပက်ဖျန်းသည့် သင်္ကြန်ရေသည် အန္တရာယ်ကင်းသည်ဟု ရှေးလူကြီးသူမများက ပြောဆိုခဲ့သဖြင့် သင်္ကြန်တွင်း၌ တစ်ကြိမ်တစ်ခါလောက် ဖြစ်ဖြစ် ရေအစိုခံလေ့ရှိကြသည်။ ဆရာ ဦးဘသိန်း (မန္တလေး) က “ရေပက်ခံမယ်” သီချင်းတွင် သင်္ကြန်ရေဆိုတာ အန္တရာယ် ကင်းတယ်၊ ပက်စမ်းခင်ရယ်…” ဟု ဖွဲ့ဆို သီကုံးခဲ့သည်။ သင်္ကြန်ရေကစားရာတွင် ချစ်ကြည်ခြင်း၊ ကျီစယ်ခြင်း၊ ပျော်ရွှင် စေခြင်း၊ အေးချမ်းစေခြင်း အဓိပ္ပာယ် များစွာဖြင့် တစ်ဦးကိုတစ်ဦး အတာရေ ပက်ဖျန်းကြ၏။ နှစ်ကာလများပြောင်းလဲ လာသည့်အလျောက် ရေပက်ကစားကြ သည့် သွင်ပြင်များနှင့် ပုံစံများ ပြောင်းလဲ လာသော်လည်း သင်္ကြန်၏အဓိပ္ပာယ်၊ အနှစ်သာရနှင့် ယဉ်ကျေးမှု အစဉ်အလာ ဓလေ့များမှာ မပြောင်းမလဲရှိနေဆဲ ဖြစ်ပါသည်။
ခေတ်အလိုက် လူမှုပတ်ဝန်းကျင်၏အခြေအနေများကြောင့် ပြောင်းလဲမှုများ ရှိတတ်ကြသော်လည်း မည်သည့်လူမျိုး မဆို မိမိတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံ များကို အစဉ်အဆက်လက်ဆင့်ကမ်း ထိန်းသိမ်းကာ နှလုံးသားထဲ၊ ရင်ထဲတွင် မြတ်နိုးစွာ ထိန်းသိမ်းထားလေ့ရှိကြပါ သည်။ မြန်မာ့ရိုးရာအတာသင်္ကြန်သည် လည်း ထို့အတူပင် ဖြစ်၏။ သင်္ကြန်ချိန် ရောက်တိုင်း ကျွန်တော်တို့၏အသိတွင် သင်္ကြန်ဝိညာဉ်တို့ နိုးထလာကြစမြဲ ဖြစ်သည်။ သင်္ကြန်ကာလအတွင်း ရေမကစားသည့်တိုင် သင်္ကြန်၏ အစဉ် အလာများနှင့်အညီ ဖြတ်သန်းကြလေ့ ရှိသည်မှာ သင်္ကြန်၏ချစ်စရာဓလေ့ပင် မဟုတ်ပါလား။ သင်္ကြန်ရောက်လျှင် ကုသိုလ်ဒါနပြုရန်၊ ဥပုသ်သီလဆောက် တည်ရန်အတွက် မသိစိတ်တွင် အလိုလို ပေါ်လာတတ်ကြသည်။ မိမိတို့ တတ်နိုင် သလောက် တစ်ဦးတည်းမှဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ အယုတ်အလတ် အမြတ်မရွေး မုန့်လုံးရေပေါ်ကျွေးခြင်း၊ စတုဒိသာကျွေးမွေးခြင်းဖြင့် ကုသိုလ်ပြု ကြလေ့ရှိသည်။ သင်္ကြန်ရောက်သည်နှင့် လူကြီးများက ဘုန်းကြီးကျောင်းများသို့ သွား၍ ဥပုဒ်သီလ ဆောက်တည်ကြသည်။ အချို့ကလည်း ရေမကစားဘဲ ဥပုသ်ယူ ကြသည်။ အချို့က သင်္ကြန်တွင်း တစ်ပတ်၊ ဆယ်ရက် ကိုယ်နိုင်သရွေ့ ဒုလ္လဘရဟန်းဝတ်ကြသည်။
နှစ်ဆန်း ၁ ရက်နေ့ ရောက်လျှင် နှစ်သစ်ကို ကောင်းမှုကုသိုလ်များပြုကာ ဖြတ်သန်းကြသည်။ ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဇီဝိတ ငါးလွှတ်ခြင်း များဖြင့် ကုသိုလ်ယူကြသည်။ မိမိ ရပ်ကွက်အတွင်းရှိ သက်ကြီးရွယ်အို အဘိုးအဘွားတို့ကို ခြေသည်းလက်သည်း ညှပ်ပေးကြသည်၊ ခေါင်းလျှော်ပေးကြ သည်မှာ မြန်မာတို့၏ ချစ်စရာဓလေ့ များပင်ဖြစ်၏။ အချို့ကလည်း ဘုရား ကျောင်းကန်များသို့သွား၍ ဘုရား ရေသပ္ပာယ်ကြသည်၊ ရောင်တော်ဖွင့်ကြ သည်။ အချို့ကလည်း မိမိအိမ်ရှိ ဘုရား ကို ရောင်တော်ဖွင့်ကြသည်။ လူငယ် လူလတ်တို့က ရပ်ကွက်အတွင်းရှိ ရေတွင်းရေကန်များကို ဆယ်ပေး၍ သန့်ရှင်းပေးကြသည်။ ထိုဓလေ့ကို ယခုအခါ မြို့ကြီးပြကြီးတွင် သိပ်မတွေ့ ရတော့။ ရေတွင်းရေကန် အသုံးနည်းသွား ခြင်းကြောင့်လည်းဖြစ်မည်။ နယ်ဘက် များတွင်တော့ ထိုဓလေ့ကို တွေ့ရသေး ၏။ နှစ်ဆန်း ၁ ရက်နေ့ ညနေပိုင်း တွင် သံဃာတော်များပင့်၍ ရပ်ကွက် လမ်းထောင့်များ၌ အန္တရာယ်ကင်းပရိတ် ရွတ်ဖတ်ကြသည်။ ထိုအစဉ်အလာသည် မြန်မာမင်းများလက်ထက်ကပင် ရှိခဲ့ သည်ဟု သိရပါသည်။ နှစ်ကူးတွင် အတိတ်ကောင်း နိမိတ်ကောင်းများ ယူကြသကဲ့သို့ အန္တရာယ်ကင်းစေရန် ဖြစ်သည်။ ညပိုင်း၌ မိသားစုအတွင်း အဘိုးအဘွားနှင့် မိဘတို့ကို သားသမီး တို့က ကန်တော့ကြသည်။ မိဘများ ကလည်း နှစ်သစ်ဆုမွန်ကောင်းများ ဆုတောင်းပေးကြ၏။ ယဉ်ကျေးသိမ်မွေ့ သည့် သင်္ကြန်အစဉ်အလာများပင် ဖြစ်ပေ၏။
လွမ်းစရာ့ပုံရိပ်များ
ရှေးမြန်မာမင်းများလက်ထက်မှပင် စတင်ခဲ့သည့် မြန်မာတို့၏နှစ်ကူးသင်္ကြန် ပွဲတော်နှင့် ယဉ်ကျေးမှုအစဉ်အလာများ ကို ရေးရမည်ဆိုလျှင် ကုန်နိုင်မည်မထင်။ ထိုယဉ်ကျေးမှုအစဉ်အလာတို့ အနက် အချို့မှာ အချိန်ကာလအလျောက် ပြောင်းလဲနေသည်များရှိပါ၏။ ပြောင်းလဲ သည်ဆိုရာတွင် ခေတ်၏တိုက်စားခြင်း၊ ပြင်ပယဉ်ကျေးမှု့လွှမ်းမိုးခြင်းတို့ကို မဆို လိုပါ။အစဉ်အလာမပျက်သော၊ တိုးတက် သော ပြောင်းလဲခြင်းများကို ဆိုပါသည်။ ခေတ်ကာလ တိုက်စားမှုများကြောင့် ပြောင်းလဲမှုများရှိသည့်တိုင် ရိုးရာသင်္ကြန် ပွဲတော်၏ အနှစ်သာရများ၊ အစဉ်အလာ များနှင့် ချစ်စရာဓလေ့တို့မှာ မိမိတို့ အတွက် မည်သည့်အရာနှင့်မျှ အစားထိုး ၍ ရနိုင်လိမ့်မည်မထင်။ သင်္ကြန်ချိန်ခါ ရောက်တိုင်း လွမ်းဆွတ်သတိရမိသည်မှာ ယခုနှစ်မှမဟုတ်၊ နှစ်စဉ်နှစ်တိုင်းပင်။ နှစ်များ မည်မျှပြောင်းစေကာမူ ဟောင်း မသွားနိုင်သည်ကိုတော့ မအံ့ဩတော့ပါ။ မြန်မာနှစ်သစ်ကူး၍ တူးပို့သံကြားလျှင်၊ ပန်းပိတောက်များ ရွှေရည်လူးလျှင် ရင်ကိုလှုပ်ခတ်စေသည့် သင်္ကြန်၏ အတိတ်ပုံရိပ်တို့ နှစ်စဉ်ပေါ်နေဦး တော့မည်။ ။
- Log in to post comments