
နေပြည်တော် ဧပြီ ၉
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်း အရာ သန်းခေါင်စာရင်း ကောက်ယူရေး လုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီက ပြည်ထောင်စုနယ်မြေ နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ ဗဟိုသန်းခေါင် စာရင်း ကော်မရှင်ဥက္ကဋ္ဌ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ် မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဌေးလှိုင်နှင့် ဒေါက်တာ မျိုးသန့်၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ၊ နေပြည် တော်ကောင်စီနှင့်ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီ ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဒေသဖွံ့ဖြိုးရေးတွက်ချက်နိုင်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းဆိုသည်မှာ လူဦးရေ ဆိုင်ရာ အကြောင်းအရာ၊ စီးပွားရေး၊ လူမှု ရေး အကြောင်းအရာများကို တစ်နိုင်ငံလုံး (သို့မဟုတ်) သတ်မှတ်နယ်မြေဒေသ တစ်ခုအတွင်း၌ရှိသည့်လူတိုင်းကို တစ်ကြိမ် တည်း၊ တစ်ပြိုင်တည်း ကောက်ယူသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူခြင်းကြောင့် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်း များအတွက် ခိုင်လုံသော အခြေခံ စာရင်းအင်းကိန်းဂဏန်းများရရှိစေခြင်း၊ နောင်လာမည့်နှစ်များအတွက် စီမံကိန်း များ ရေးဆွဲရာတွင် ပိုမိုတိကျမှုရှိစေရန် ခိုင်လုံသော ခန့်မှန်းလူဦးရေများ တွက်ချက် ပေးနိုင်ခြင်း၊ ယခင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းများနှင့် ယခုကောက်ယူ ခဲ့သည့် သန်းခေါင်စာရင်းမှ ရရှိလာသည့် အချက်အလက်များကို နှိုင်းယှဉ်ဆန်းစစ် လေ့လာနိုင်ခြင်း၊ လူမှုရေး၊ စီးပွားရေး နှင့် အခြားနမူနာကောက်စစ်တမ်းများ အတွက် အခြေခံစာရင်းအင်းများရရှိနိုင် ခြင်း၊ မဲဆန္ဒရှင်စာရင်း ခန့်မှန်းရရှိနိုင်ခြင်း၊ လူဦးရေ ပျံ့နှံ့မှုနှင့် နိုင်ငံသား၊ နိုင်ငံခြား သားစိစစ်ခြင်းလုပ်ငန်းများ၊ နိုင်ငံတကာ လူဦးရေစာရင်းများတွင် မှန်ကန်စွာ နှိုင်းယှဉ်နိုင်ခြင်း၊ နိုင်ငံတော်၏ လူဦးရေ မူဝါဒရေးဆွဲရေးတွင် အထောက်အကူပြု နိုင်ခြင်း၊ သက်ဆိုင်ရာ ဒေသအလိုက် လိုအပ်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တွက်ချက်နိုင်ခြင်းစသည် တို့ကို အကျိုးရှိရှိ အသုံးပြုဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း။
ထို့ကြောင့် ကမ္ဘာ့နိုင်ငံအများစုတွင် သန်းခေါင်စာရင်း ကောက်ယူခြင်း လုပ်ငန်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိပြီး မိမိတို့နိုင်ငံအနေဖြင့် လည်း ၂၀၁၄ ခုနှစ်တွင် ပြည်လုံးကျွတ် အဆင့် ဆောင်ရွက်ပြီးနောက် ၁၀ နှစ် အကြာ ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို စီမံဆောင် ရွက်ခြင်းဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြားကာလများတွင် မိမိတို့ နိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားမှု၊ အကြမ်းဖက်အဖွဲ့အစည်းများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ပြည်တွင်း/ပြည်ပသို့ ရွှေ့ပြောင်းသွားလာ မှုများရှိသည့်အတွက် လူဦးရေဆိုင်ရာ ပြောင်းလဲမှုဖြစ်စဉ်များ မလွဲမသွေဖြစ်ပေါ် မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားဆိုင်ရာ ပြောင်းလဲ မှုများကို နှိုင်းယှဉ်လေ့လာ သုတေသန ပြုပြီး လိုအပ်သည့် မူဝါဒ၊ စီမံကိန်းများ ချမှတ်ရန်အတွက် ၂၀၂၄ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ကို မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။
ကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့်ရှိမည်
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် တိုင်းဒေသ ကြီး/ ပြည်နယ်အလိုက် ခရိုင်/ မြို့နယ်/ ရပ်ကွက်/ ကျေးရွာအုပ်စု စသည်တို့ကို အခြေခံ၍ ၂၀၂၄ ခုနှစ်တွင် ရှိလာမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စု အရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထား ပါကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် (Census Unit) ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက် ပေါင်း ၁၁၀၀၀၀ ခန့်ရှိမည်ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူဆောင်ရွက် ရန်လျာထားပြီး နေပြည်တော်ကောင်စီ အနေဖြင့် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၁၀၉၄ ဦး ခန့်ထားဆောင်ရွက် ရန် လျာထားပါကြောင်း၊ စာရင်းကောက်ယူ ရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့် မူ (De Facto) ဖြင့် အသုံးပြုမည်ဖြစ်ပြီး စာရင်းကောက်များက Tablet များ အသုံးပြု၍ ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်း ကောက်ယူသည့်စနစ် (Computer Assisted Personal Inter-views-CAPI) ဖြင့် ကောက်ယူဆောင်ရွက် မည်ဖြစ်ပါကြောင်း၊ စာရင်းကောက်ယူ ခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည် ဖြစ်ပြီး သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင်ယံအချိန်ဖြစ်ပြီး အိမ်ထောင်စု မေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့အစည်းမေးခွန်းပုံစံအတွက် မေးခွန်း ၁၈ ခုကို မေးမြန်းကောက်ယူမည်ဖြစ် ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူ ရာတွင် Tablet များအသုံးပြု၍ CAPI စနစ်ဖြင့် ကောက်ယူသည့်အတွက် မေးမြန်း ကောက်ယူထားသည့် အချက်အလက်များ အား အချိန်တိုအတွင်း နေပြည်တော် ရုံးချုပ်ရှိ Server သို့ ပေးပို့နိုင်ပြီး အားလုံး ကောက်ယူပြီးစီးသည်နှင့် လူဦးရေဆိုင်ရာ အချက်အလက်များကို အမြန်ဆုံးထုတ်ပြန် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ သန်းခေါင်စာရင်း၏ ရှေ့ပြေး လူဦးရေစာရင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ လကုန်တွင် ထုတ်ပြန်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းအတွက် စာရင်းစစ်၊ စာရင်းကောက်နည်းပြ သင်တန်းနှင့် ဆင့်ပွားသင်တန်းအဆင့်ဆင့် ကို ၂၀၂၄ ခုနှစ် ဩဂုတ်လမှ စတင်ဖွင့်လှစ် သွားမည်ဖြစ်ပြီး ဗဟိုအဆင့်နည်းပြ သင်တန်းကို နေပြည်တော်တွင် လည်း ကောင်း၊ အထူးနည်းပြသင်တန်းကို နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် အားလုံးတွင် လည်းကောင်း၊ ခရိုင်နည်းပြ သင်တန်းကို ခရိုင်အဆင့် ၁၂၆ နေရာ တွင်လည်းကောင်း၊ စာရင်းစစ်၊ စာရင်း ကောက်သင်တန်းကို မြို့နယ်အဆင့်နေရာ ၉၀၀ ခန့်တို့တွင်လည်းကောင်း ဖွင့်လှစ် သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွက် မရှိမဖြစ်လိုအပ်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက် အလက်များရရှိစေရန် ကြိုးပမ်းဆောင် ရွက်လျက်ရှိသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူကာ ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ကြိုတင်ပြင်ဆင်ခြင်းဆောင်ရွက်
ထို့နောက် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက ပြည်ထောင်စုနယ်မြေ၊ နေပြည် တော်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းနှင့် ပတ်သက်၍ ကော်မတီအဆင့်ဆင့် ဖွဲ့စည်းထားရှိမှု၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ပြည်သူ့အင်အား ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာခိုင်ခိုင်စိုး က လူဦးရေ၏ အခန်း ကဏ္ဍ၊ သန်းခေါင်စာရင်းကောက်ယူခြင်း မှရရှိနိုင်မည့် အချက်အလက်များ၊ လူဦးရေ ပြောင်းလဲမှုဖြစ်စဉ်၏ အရေးပါမှု၊ သန်းခေါင် စာရင်းအချက်အလက်များမှ ဖော်ထုတ် ချက် အကျဉ်းချုပ်တို့ကို ရှင်းလင်း ဆွေးနွေးတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လွှဲပြောင်း ပေးအပ်ရာ နေပြည်တော် သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက လက်ခံရယူခဲ့ကြောင်း သိရသည်။
သတင်းစဉ်