
နေပြည်တော် ဧပြီ ၅
တရားမဝင် ပြည်ဖျက်မီဒီယာ များက ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကျောက်စခန်း ကျေးရွာကို ဧပြီ ၃ ရက်နှင့် ၄ ရက်တို့တွင် တပ်မတော်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း များကြောင့် ရွာတစ်ဝက်ခန့် ပျက်စီးသွားကြောင်း သတင်းတု၊ သတင်းအမှားများကို လူမှု ကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် စွပ်စွဲရေးသားထားပြီး ပြည်သူများ အထင်အမြင်လွဲမှား စေရန် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
လုပ်ကြံရေးသားဖြန့်ဝေ
တပ်မတော်သည် နိုင်ငံတော် ကာကွယ်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာကို ကာကွယ်စောင့်ရှောက်လျက်ရှိပြီး တရားမဝင် ပြည်ဖျက်မီဒီယာများ နှင့် အကြမ်းဖက်သောင်းကျန်းသူ များက နိုင်ငံတွင်းတည်ငြိမ် အေးချမ်းမှုမရှိစေရန်နှင့် တရား ဥပဒေစိုးမိုးမှု မရှိစေရန်အတွက် နယ်မြေလုံခြုံရေး ဆောင်ရွက် နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် တပ်စခန်းများကို တိုက်ခိုက် ခြင်း၊ ၎င်းတို့ကို အားပေး ထောက်ခံခြင်းမရှိသည့် ဒေသခံ ပြည်သူများကို ဒလန်ဟုစွပ်စွဲ၍ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ကျေးရွာ များကို မီးရှို့ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင် နေပြီး လူမှုကွန်ရက်စာမျက်နှာ များတွင် တပ်မတော်အပေါ် အပြစ်ပုံချကာ လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို မိဘပြည်သူ များအနေဖြင့် သိရှိပြီးဖြစ်သည်။
သတင်းတုများဖြစ်
ယခုဖြစ်စဉ်တွင်လည်း ကချင် ပြည်နယ် မိုးမောက်မြို့နယ်တွင် လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်းကို KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမား များက လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပြီး ယင်းလက်နက်ကြီးကျည် များသည် အဆိုပါ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ် များ မီးလောင်ပျက်စီးခဲ့ကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်နှင့် မြေပြင် သတင်းပေးပို့မှုများအရ သိရှိရပြီး လူမှုကွန်ရက်တွင် ဖြန့်ဝေနေသည့် သတင်းများမှာ သတင်းတု၊ သတင်းအမှားများသာ ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်