နိုင်ငံတော်သြဝါဒါစရိယ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက် နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက  ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၏  ထေရုပ္ပတ္တိအကျဉ်း ဖွားမြင်တော်မူခြင်း

နိုင်ငံတော်သြဝါဒါစရိယ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဆန်ဆိုင်း (က)ရပ်ကွက် နဂါးနှစ်ကောင်ကျောင်းတိုက် ဦးစီးပဓာနနာယက  ဒေါက်တာဘဒ္ဒန္တဓမ္မသီရိ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက)၏  ထေရုပ္ပတ္တိအကျဉ်း
ဖွားမြင်တော်မူခြင်း

 

ဆရာတော်လောင်းလျာသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)  ကျိုင်းတုံ မြို့နယ် ယန်းကိန်ရွာ ခမည်းတော် ဦးဟောင်+ မယ်တော် ဒေါ်နန်းပင်း တို့မှ ၁၂၉၀ ပြည့်နှစ် နတ်တော်လပြည့်ကျော် ၉ ရက်၊ ဗုဒ္ဓဟူးနေ့တွင်  ဖွားမြင်တော်မူသော သားရတနာ ဖြစ်ပါသည်။
ရှင်ရဟန်းပြုတော်မူခြင်း
ဆရာတော်လောင်းလျာသည်   ၁၂၉၉ ခုနှစ်တွင်  တပေါင်းလဆန်း  ၁၅  ရက်နေ့တွင်   ကျိုင်းတုံမြို့၊   ကျိုင်းယင်းကျောင်း  ဆရာတော် ဘဒ္ဒန္တဓမ္မရံသီကို ဥပဇ္စျာယ်ပြု၍  မိဘနှစ်ပါးတို့၏ ပစ္စယာနုဂ္ဂဟကို ခံယူကာ ရှင်သာမဏေအဖြစ်သို့ရောက်ရှိခဲ့ပြီး ၁၃၁၀  ပြည့်နှစ်  ကဆုန် လဆန်း  ၁၃  ရက်နေ့တွင် ကျိုင်းတုံမြို့ ကျိုင်းယင်းကျောင်းခဏ္ဍသိမ်၌ ယင်းကျောင်းဆရာတော်   ဘဒ္ဒန္တဓမ္မရံသီကို    ဥပဇ္စျာယ်ပြုလျက် ကျိုင်းတုံမြို့ ကျိုင်းယင်းရပ်ကွက်နေ   ဦးဆန်း+ဒေါ်နန်းလှ  မိသားစု တို့၏   ပစ္စယာနုဂ္ဂဟကိုခံယူကာ   မြင့်မြတ်သော  ရဟန်းအဖြစ်သို့ ရောက်ရှိတော်မူခဲ့ပါသည်။ 
ပရိယတ္တိစာပေ သင်ယူဆည်းပူးတော်မူခြင်း
ဆရာတော်လောင်းလျာသည်   ကျိုင်းတုံမြို့နယ်  ယန်းကိန်ရွာ   ရွာဦးကျောင်းဆရာတော်၊   ကျိုင်းယင်းကျောင်းဆရာတော်   ဘဒ္ဒန္တ ဓမ္မရံသီ  စသော ဆရာတော်များထံတွင်  ပရိယတ္တိစာပေများကို သင်ယူဆည်းပူးတော်မူခဲ့ရာ ၁၃၂၀ ပြည့်နှစ်တွင် ဂုံရှမ်းဘာသာဖြင့် ဖြေဆိုအောင်မြင်တော်မူပြီး မူလဓမ္မာစရိယဘွဲ့ကို ရရှိတော်မူခဲ့ပါသည်။
သာသနာရေးအားပေး ဆောင်ရွက်တော်မူခြင်း
ဆရာတော်သည် နဂါးနှစ်ကောင်ပရိယတ္တိစာသင်တိုက်ကို    စတင် တည်ထောင်ပြီး စာသင်တိုက်ခွဲ (၄)တိုက် တည်ထောင်ဖွင့်လှစ်ကာ စာသင်သား  ရဟန်းသာမဏေများအား ပရိယတ္တိစာပေများ  နှစ်  ၅၀  တိုင်အောင် သင်ကြားပို့ချပေးတော်မူခဲ့ခြင်း၊ ရှမ်းတိုင်းရင်းသား ရဟန်း သာမဏေများကို    အစိုးရပါဠိပထမပြန်မူအတိုင်း   ဂုံရှမ်းဘာသာဖြင့် အကြိမ် (၅၀)တိုင် စာမေးပွဲများ နှစ်စဉ်ကျင်းပပေးခဲ့ခြင်း၊ ပိဋကတ်သုံးပုံ ကျမ်းစာများကို  မြန်မာဘာသာမှ  ဂုံရှမ်းဘာသာသို့  ပြန်ဆိုခဲ့ခြင်း၊  ပိဋကတ်သုံးပုံကျမ်းစာများကို  ဂုံရှမ်းဘာသာဖြင့် ကျောက်စာရေးထိုး ခဲ့ခြင်း၊  ၁၉၉၇ ခုနှစ်တွင် အ.လ.က  ကျောင်းမြေနေရာနှင့်  ကျောင်း အဆောက်အဦများ လှူဒါန်းခဲ့ခြင်း၊ ၁၉၉၈ ခုနှစ်တွင် ရွှေတိဂုံစေတီတော် ကြီးကို ဦးဆောင်၍ တည်ထားခဲ့ခြင်း၊ ၂၀၀၇ ခုနှစ်တွင် တာချီလိတ် ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်(ပရဟိတ) ဂေဟာကို  ဦးဆောင်၍ တည်ထောင်ဖွင့်လှစ်ခဲ့ခြင်း၊ ၂၀၀၄ ခုနှစ်တွင် မြို့နယ်သာသနာရေးမှူးရုံး    မြေနေရာနှင့် ရုံးအဆောက်အအုံကို  ဦးဆောင်၍ မတည်ဆောက်လုပ် လှူဒါန်းပေးခဲ့ခြင်း၊ ၂၀၁၂ ခုနှစ်တွင် တာချီလိတ်မြို့ ခရိုင်ပြည်သူ့ဆေးရုံ ကြီး  မြေနေရာနှင့် ငါးထပ်အဆောက်အအုံ လှူဒါန်းခဲ့ခြင်းနှင့်      သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့်တွင်    မြို့နယ်သံဃနာယကအဖွဲ့    ဥက္ကဋ္ဌ၊ သံဃသမ္မုတိရ သံဃာ့ကိုယ်စားလှယ်၊  နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် အဖြစ်    ဆောင်ရွက်တော်မူခဲ့ပြီး  ၁၉၉၆  ခုနှစ်မှစ၍    ယနေ့အထိ         နိုင်ငံတော်သြဝါဒါစရိယ ဆရာတော်အဖြစ် သာသနာ့တာဝန်များကို ထမ်းဆောင်တော်မူခဲ့ပါသည်။ 
ဘွဲ့တံဆိပ်တော် အလှူခံရရှိတော်မူခြင်း
ဤသို့လျှင်     ဗုဒ္ဓသာသနာအကျိုးကို ထက်သန်သော     ဝီရိယဖြင့်   သယ်ပိုးဆောင်ရွက်တော်မူခဲ့သော    ပရဟိတာဝဟဂုဏ်၊  သာသန ဟိတဓရဂုဏ်၊ ခမာဇာဂရိယဂုဏ်၊ သာသနဓုရာဝဟဂုဏ်၊ အဂ္ဂမဟာ ပဏ္ဍိတ လဒ္ဓလဉ္ဆနဂုဏ်၊  ရတ္တညူမဟာနာယကဂုဏ်၊ ပိဋကတ္တယဆေက ဂုဏ်၊ ဂန္ထန္တရဗာဟုသစ္စဂုဏ်၊ ဗဟုဇနဟိတသုခါဝဟဂုဏ်၊ ဂန္ထရစနာ ဂုဏ်၊ လဇ္ဇီပေသလသိက္ခာကာမဂုဏ် စသည်တို့နှင့် ပြည့်စုံတော်မူခြင်း တို့ကြောင့် နိုင်ငံတော်အစိုးရက ဆရာတော်ကြီးအား  ၂၀၀၅  ခုနှစ်တွင် “အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက” ဘွဲ့ တံဆိပ်တော်၊   ထိုင်းနိုင်ငံ   မဟာချူလာလောင်ကွန်းတက္ကသိုလ်က ၂၀၀၉  ခုနှစ်တွင် (Homorry    Ph.D,     Degree   From     Mahachulalongkornrajavidyalaya University,   Bangkok,   Thailand) ဘွဲ့၊ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်က ၂၀၁၀   ပြည့်နှစ်တွင်  ရတနရံသီဘွဲ့ တံဆိပ်တော်တို့ကို ဆက်ကပ် လှူဒါန်းခဲ့ပြီး နိုင်ငံတော်အစိုးရက ၂၀၂၁ ခုနှစ်တွင်   “အဘိဓဇမဟာရဋ္ဌ ဂုရု”  ဘွဲ့တံဆိပ်တော်မြတ်ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။
ဘဝနတ်ထံ ပျံလွန်တော်မူခြင်း
ဆရာတော်ကြီးသည်    သာသနာတော်အကျိုးကို      သယ်ပိုး ဆောင်ရွက်တော်မူရင်း သက်တော်(၉၆)နှစ်၊ သိက္ခာတော်(၇၇)ဝါအရ  ၁၃၈၅ ခုနှစ် ပြာသိုလပြည့်ကျော်(၁၄)ရက်၊ (၈-၂-၂၀၂၄)၊ ကြာသပတေး နေ့   (၀၀:၀၂)  နာရီအချိန်တွင်     ဘဝနတ်ထံပျံလွန်တော်မူကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိပါသည်။                                
သတင်းစဉ်