သတင်းအဆိပ်ခတ် အနိဋ္ဌာရုံများစေတဲ့ TNN

Type

 

မြင့်မြတ်

ယနေ့ကမ္ဘာကြီးမှာ ပထဝီနိုင်ငံရေး၊ စီးပွားရေးအရ အချက်အချာကျတဲ့နိုင်ငံ၊ အချင်းချင်းညီညွတ်မှုအားနည်းတဲ့နိုင်ငံ၊ အားနည်းချက်တွေရှိတဲ့နိုင်ငံတွေဟာ အင်အားကြီးနိုင်ငံမျိုးစုံရဲ့ဖိအားအမျိုးမျိုးနဲ့ ထိုးဖောက် မွှေနှောက်တိုက်ခိုက်ခံရတတ်တဲ့ အစဉ်အလာဆိုးကြီးဟာ မဆန်းတော့ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ အမျိုးမျိုးဖိနှိပ်ကြတဲ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာအရပါ အင်အားချည့်နဲ့အောင် မီဒီယာအားနဲ့ဝါဒအမျိုးမျိုးဖြန့် နှောင့်ယှက်လေ့ရှိကြပါတယ်။ တောင်အာရှနဲ့အရှေ့တောင်အာရှရဲ့ ဗဟိုချက်မတစ်ခုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ပထဝီနိုင်ငံရေးအရ အားသာချက်ကို ရိုက်ချိုးဖို့ အင်အားကြီးနိုင်ငံတွေအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့က ကြိုးပမ်းအားထုတ်နေကြမှုကို မြင်အောင်ကြိုးစားရာမှာ သတင်းမီဒီယာအားနဲ့ ဝိုင်းဝန်းဖိနှိပ်မှုတချို့ကို ကျွန်တော်တို့မြန်မာပြည်သူတွေ  မျက်ခြည်မပြတ် သိရှိထားဖို့လိုပါတယ်။
TNN ဆိုတာ
ယခုလည်း       ထိုင်းသတင်းမီဒီယာတစ်ခုက ဖိအားပေးနှောင့်ယှက်ခဲ့ပြန်ပါပြီ။    TNN  Online channel က လွှင့်ထုတ်ချက်တစ်ခုအရ ဖြစ်ပါတယ်။ စစ်ရိပ်စစ်ငွေ့တွေကြားမှာ  ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ညီညွတ်မှုရအောင်  အိမ်နီးချင်းနိုင်ငံများနဲ့ မိတ်ဆွေ ကောင်းဖြစ်မှုကို မနည်းကြိုးစားရှာဖွေ တည်ဆောက် နေရတဲ့အခြေအနေမျိုးမှာ ယခုလို   ထိုင်းမီဒီယာရဲ့ ထုတ်လွှင့်ချက်ဟာ   မြန်မာနိုင်ငံနဲ့    အိမ်နီးချင်းနိုင်ငံ တွေအကြား မိတ်ဆွေဖြစ်မှုအနေအထား    လျော့ကျ သွားအောင်၊   ချစ်ကြည်ရင်းနှီးမှုပျက်ပြားအောင်၊ ရန်ဘက်အသွင်ဆောင်လာအောင်၊ မြန်မာနိုင်ငံတွင်း မှာ ပဋိပက္ခတွေ ပိုပြင်းထန်လာပြီး  ပျက်စီးခြင်းဆိုက် အောင်  မီးလောင်ရာလေပင့် လုပ်ဆောင်မှုတစ်ရပ်လို့ သာ ထင်မြင်မိပါတယ်။ TNN   ကို   နောက်ကြောင်း လိုက်ကြည့်ရင် ၎င်း Thai News   Network ဟာ ပေါ်ပြူလာအွန်လိုင်းသတင်းချန်နယ်တစ်ခုဆိုတာ မှန်ပါတယ်။    တစ်လအတွင်း    တစ်ကမ္ဘာလုံးက ကြည့်ရှုသူပေါင်း ၅၅ သန်းအထိ  ရှိခဲ့တဲ့     ချန်နယ် တစ်ခုဖြစ်ပါတယ်။ ကြည့်ရှုသူတွေထံ အမေရိကန် နဲ့အနောက်ဘက်ယိမ်း   နိုင်ငံရေး၊    စီးပွားရေး၊ ဖြေဖျော်မှုသတင်းမျိုးစုံကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အချိန်နဲ့တစ်ပြေးညီ    အရောက်ပို့ပေးနိုင်တယ်လို့ ဆိုပါတယ်။ သူတို့ဆီက သူတို့ဖော်ပြချက်သက်သက် အနေနဲ့တော့    သတင်းတွေဟာ    တိကျတယ်၊ ဘက်မလိုက်ဘူး၊ မြန်ဆန်တယ်ပေါ့။
ဒါပေမယ့်လည်း သတင်းမီဒီယာတွေရဲ့ထုံးစံ၊ အများရဲ့ဝေဖန်ရှုတ်ချမှုတွေလက်ကတော့ မလွတ်ပါ ဘူး။TNN နဲ့ပတ်သက်ပြီး ယခုနောက်ပိုင်းမှာ ဝေဖန် မှု၊ အငြင်းပွားမှုတွေ တိုးသည်ထက်တိုးလာနေတာ မှတ်သားရပါတယ်။    အနောက်ယိမ်းသတင်းဌာန ဆိုတော့ သတင်းမှားဖြန့်ဝေမှု၊ ဘက်လိုက်ပြီးသတင်း တင်ပြမှုတွေနဲ့ပတ်သက်ပြီး   သက်သေစွပ်စွဲချက်တွေ နဲ့အတူ ဝေဖန်ခံနေရခြင်း  ဖြစ်ပါတယ်။    သတင်း တင်ပြမှုမှာ ကျင့်ဝတ်သိက္ခာမရှိ၊ သမာသမတ်မကျ၊  ယုံကြည်အားထားရမှုမရှိတဲ့အချက်အလက်များနဲ့ပတ်သက်ပြီး ဝေဖန်ခံရခြင်း ဖြစ်ပါတယ်။
ချစ်ကြည်ရင်းနှီးမှုပျက်ပြားအောင် ဆောင်ရွက်ခဲ့လေသလား
ဒီလိုဝေဖန်မှုတွေနဲ့  ပတ်သက်ပြီး    လောလော ဆယ် မြန်မာနိုင်ငံအပေါ် ဘက်လိုက်ဖော်ပြခဲ့မှုနဲ့ထင်ဟပ်ပြီး ကျင့်ဝတ်သိက္ခာပိုင်းမှာ     ၎င်းသတင်း ဌာနရဲ့ အားနည်းချက်များကို  ချိန်ထိုးကြည့်ရပါမယ်။ ချန်နယ်ရဲ့ဖော်ပြချက်အရ    မြန်မာနိုင်ငံ    အရှေ့ မြောက်ဒေသမှာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး       မြောက်ပိုင်းစစ်သွေးကြွသုံးဖွဲ့ ပေါင်းပြီး နယ်မြေလုစစ်ပွဲတွေဖော်ဆောင်နေတယ် ဆိုတဲ့အချက်က    မှန်ပါတယ်။    စစ်ပွဲဟာ  အရှေ့ မြောက်ဒေသကနေ ရခိုင်မြောက်ပိုင်း၊  ရှမ်းတောင်၊ ကယားအစပ်၊ နောက်ပိုင်း   ကရင်ပြည်နယ်အထိ စစ်မီးပွားအောင် လှုံ့ဆော်မှုတွေ ရှိနေပါတယ်။ အချို့ နေရာတွေမှာ  တိုက်ပွဲတွေပြင်းထန်ပြီး    နှစ်ဖက် အကျအဆုံးတွေရှိနေပါတယ်။  တိုက်ပွဲတွေကြောင့် တပ်မတော်ကအရာရှိနဲ့ စစ်သည်တွေ အိန္ဒိယနိုင်ငံ ဘက်ရောက်ရှိသွားခြင်းမျိုး   ရှိခဲ့ပေမယ့်    နှစ်နိုင်ငံ တာဝန်ရှိသူများညှိနှိုင်းပြီး   ရောက်ရှိသွားသူတွေကို မြန်မာနိုင်ငံဘက်က  အချိန်မဆိုင်း လေကြောင်းနဲ့ပြန်လည်ခေါ်ယူပေးလျက် ရှိပါတယ်။ ဒီပဋိပက္ခမှာ လူထောင်ပေါင်းများစွာ   အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်၊ သူတို့အခေါ်  ရိုဟင်ဂျာခေါ်တဲ့  ဘင်္ဂါလီတွေနဲ့လည်း ဘာမှသက်ဆိုင်ခြင်းမရှိပါဘူး။ မြန်မာလူမျိုးထဲမှာပါဝင်ခြင်းမရှိတဲ့   ဘင်္ဂါလီတွေ   ဟိုဘက်ဒီဘက်ရောက် ခြင်း၊   မရောက်ခြင်းဟာ   မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။  TNN အနေနဲ့   ဘင်္ဂါလီ သမိုင်းအပါအဝင်    မြန်မာနိုင်ငံအနောက်တံခါး  အရေးကိစ္စများနဲ့   ပတ်သက်ပြီး    သတင်းအချက် အလက် ခိုင်ခိုင်မာမာ ရယူသင့်တယ်လို့သာ ယူဆပါ တယ်။   မမှန်တဲ့    အချက်အလက်များကြောင့် နာမည်ကြီးသတင်းဌာနတစ်ခုအနေနဲ့    အလွန့် အလွန် အရှက်ရမှုဖြစ်စေတယ်ဆိုတာ  သတိချပ်ဖို့ လိုပါတယ်။
ဒီနေရာမှာ TNN အနေနဲ့မသိမသာ ရန်တိုက်ပေး မှုတစ်ခုကို ပြုခဲ့တယ်လို့   ယူဆနိုင်ပါတယ်။   နိုင်ငံ နယ်စပ်များမှာ တိုက်ပွဲဖြစ်ပွားမှုတိုင်းမှာ  တစ်နိုင်ငံ ရဲ့ဖြစ်စဉ်ဟာ အိမ်နီးချင်းနိုင်ငံ နယ်စပ်ဒေသအချို့ ပေါ်မှာ   သက်ရောက်မှုရှိစမြဲပါပဲ။   ဖြစ်ပေါ်မှုတိုင်းမှာ လည်း အိမ်နီးချင်းကောင်းပီသစွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်လေ့ရှိကြပါတယ်။ မြန်မာနဲ့ အိန္ဒိယနိုင်ငံ များဟာ အိမ်နီးချင်းကောင်းပီသပြီး  ချစ်ကြည်ရင်းနှီး တဲ့  မိတ်ဆွေနိုင်ငံများ ဖြစ်ကြပါတယ်။   နှစ်နိုင်ငံ နယ်စပ်ပြဿနာများဖြစ်ပေါ်တိုင်း  ပြည်တွင်းရေး ပြဿနာလိုသဘောထား   ဝင်ရောက်စွက်ဖက်လေ့ မရှိ နားလည်မှုရှိရှိ အပြန်အလှန် ကူညီလေ့ရှိကြတဲ့ နိုင်ငံများ ဖြစ်ပါတယ်။ ယခုလည်း  မြန်မာဘက်က ဖြစ်စဉ်မှာ  တစ်ဖက်နယ်ခြားကို  ရောက်ရှိသွားတဲ့ အရာရှိ၊ စစ်သည်တွေကို မလာရ၊ မဝင်ရ ပိတ်ပင် ခြင်းမရှိဘဲ   ကောင်းစွာစောင့်ရှောက်ထားတဲ့အထိ တာဝန်သိတဲ့    မိတ်ဆွေကောင်း   ဖြစ်ပါတယ်။
ဟိုဘက်ဒီဘက် နှစ်နိုင်ငံကြား  ပြဿနာဖြစ်လာရင် ပြဿနာ မိမိထံမကူးအောင်    ကြိုတင်တားဆီးတဲ့ အနေနဲ့နယ်ခြားမှာ လိုအပ်တဲ့ အတားအဆီးများဆောင်ရွက်ခြင်းဟာလည်း သဘာဝကျပြီး သူ့နိုင်ငံ၊ သူ့အရေးကိစ္စဖြစ်တဲ့အတွက်        ဒေသတွင်းမှာ ဘာပြဿနာမှမရှိပါဘူး။     ဒီလိုအခြေအနေမှာ ယခုလို   အိန္ဒိယနိုင်ငံ  နယ်စပ်ကိစ္စကို    အထူးပြု မီးမောင်းထိုးပြခြင်းဟာ  မြန်မာနဲ့   အိန္ဒိယအကြား နဂိုမူလ ချစ်ကြည်ရင်းနှီးမှုကို    ဖျက်ဆီးရန်နဲ့ နှစ်နိုင်ငံကြား     ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်ခြင်းလို့ မှတ်ယူပါတယ်။   ပေါ်ပြူလာဖြစ်ပါ တယ်ဆိုတဲ့  သတင်းဌာနတစ်ခုအနေနဲ့   မှားယွင်းတဲ့ အချက်အလက်တွေမှာအခြေခံပြီး     ထုတ်လွှင့်တဲ့ ကျင့်ဝတ်နဲ့မလျော်တဲ့လုပ်ရပ်အဖြစ်      ဝေဖန်ရမှာ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံနဲ့      မြန်မာနိုင်ငံတို့ဟာလည်း အိမ်နီးချင်းနိုင်ငံများပီပီ တစ်ဦးနဲ့တစ်ဦး နားလည်မှု ရှိရှိ  ယနေ့ကာလ    ပူးပေါင်းဆောင်ရွက်မှုများမှာ အပြုသဘောမှတ်ချက်များစွာနဲ့         အားရဖွယ် တိုးတက်မှုများရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ဒါကြောင့် TNN ထိုင်းနိုင်ငံသတင်းဌာနတစ်ခုက    ယခုလိုတင်ပြ ချက်များဟာ ရိုးသားမှုရှိရဲ့လား၊ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ  တုံ့ဆိုင်းသွားအောင် မသိမသာ ဆောင်ရွက်ချက်တစ်ခုလေလား   ယူဆနိုင်ဖွယ်ရာ ရှိလာပါတယ်။ ထိုင်းနဲ့မြန်မာခေါင်းဆောင်များဟာ နှစ်နိုင်ငံလုံးတည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက် ရေးကို အပြန်အလှန်လိုလားကြသူများ ဖြစ်ပါတယ်။ ထိုင်းအစိုးရက  မြန်မာနိုင်ငံရဲ့  ငြိမ်းချမ်းရေးဖြစ်စဉ် များမှာ ပါဝင်ကူညီလေ့ရှိသလို      မြန်မာနိုင်ငံဘက် ကလည်း  ထိုင်းနိုင်ငံရဲ့  နိုင်ငံရေးအာဏာလွန်ဆွဲပွဲ တွေမှာ ဘယ်တုန်းကမှ ဝင်ရောက်စွက်ဖက်ခြင်းမျိုး မရှိခဲ့ပါဘူး။ ဒီအချက်ကို TNN အနေနဲ့ ဂုဏ်သိက္ခာရှိရှိ၊ ဘက်လိုက်မှုကင်းကင်း      ဖော်ပြသင့်ပါတယ်။ သတင်းဌာနတစ်ခုအနေနဲ့ သိရှိလိုက်နာပြီးဖြစ်ရမယ့် အခြေခံအချက်များလည်းဖြစ်ပါတယ်။
နှစ်ဖက်တရားမျှတမှုရှိရှိ ဖော်ပြသင့်
      TNN အနေနဲ့    အိမ်နီးချင်းနိုင်ငံတစ်ခုရဲ့ ဟိုးအဝေးတစ်ဖက်က ကိစ္စတွေထက်   ကိုယ့်နိုင်ငံတွင်းနဲ့နီးစပ်ရာကို ပိုပြီးအာရုံစိုက်သင့်တယ် မဟုတ် ပါလား..။ ရေးမယ်ဆို  ဘက်လိုက်မှုကင်းကင်းနဲ့ ဖော်ပြရေးသားစရာ   များစွာရှိပါတယ်။   TNN အပါအဝင် မြန်မာ့အရေးကို အရေးတကြီး ဖော်ပြချင် နေတဲ့ သတင်းမီဒီယာတွေကို   ကျွန်တော်တို့ဘက်က တောင်းဆိုချင်တာတွေ   ရှိပါတယ်။    သူတို့ဆီမှာ မြန်မာအရေးနဲ့ပတ်သက်ပြီးလည်း  ရေးသားတင်ပြ သင့်တာတွေများစွာ   ရှိနေကြမှာပါ။  သို့ပေမယ့် လတ်တလောနဲ့   အပေါ်ယံပဲကြည့်ပြီး       တင်တဲ့ သတင်းမျိုးတော့မဖြစ်ပါစေနဲ့လို့  တောင်းဆိုပါရစေ၊ မူလအကြောင်းရင်းခံကို  မှန်မှန်ကန်ကန်ရှာဖွေတတ် တဲ့  သတင်းသမားမျိုးနဲ့     တင်ပြချက်မျိုးတွေသာ ဖြစ်သင့်ပါတယ်။    ယနေ့မြန်မာနိုင်ငံမှာ      ဖြစ်နေ ပျက်နေတာတွေဟာ   ကျားဖြန့်ကိစ္စအကြောင်းပြပြီး နယ်မြေလုစစ်နယ်ရှင်တွေရဲ့ တိုက်ပွဲတွေပဲဖြစ်နေပါ တယ်။ အာဏာဟာ သေနတ်ပြောင်းဝက ထွက်တယ် ဆိုတဲ့ သူတစ်လူငါတစ်မင်း   စစ်ဘုရင်မူးယစ်ရာဇာ တွေရဲ့   စားကျက်လုပွဲတွေ၊   ငါနဲ့မတူငါ့ရန်သူ၊  လူသတ်၊ မုဒိမ်းကျင့်၊  သတ်ဖြတ်၊ မီးရှို့၊     ခိုးဆိုး လုယက်ဖြစ်စဉ်တွေကို    လက်တွေ့မြင်အောင် ကြည့်ပြီးမှ နှစ်ဖက်တရားမျှတမှုရှိရှိ ဖော်ပြစေချင်ပါ တယ်။ မြန်မာနိုင်ငံအပေါ်   အလုံးစုံပျက်စီးရေး ပြည်တွင်းပြည်ပညှပ်ပြီး   လုပ်ဆောင်ချက်တွေကို မြင်အောင်ကြည့်ပြီး နားလည်မှုရှိရှိနဲ့    ပဋိပက္ခ ပိုမကြီးထွားအောင် စောင့်ထိန်းတင်ပြသင့်တယ်လို့ ယူဆပါတယ်။
ဘက်မလိုက်ခြင်းဆိုတဲ့    အချက်ဟာလည်း သတင်းဌာနကောင်း  တစ်ခုရဲ့ လက္ခဏာတစ်ရပ် ဖြစ်ပါတယ်။ အဖျက်ကို အဖျက်မှန်း၊   အပြုကိုအပြု မှန်းသိပြီး   မှန်ရင် မှန်တယ်၊ မှားရင်မှားတယ်  တိတိကျကျ ဖော်ပြ နိုင်ခြင်းဟာ      နားထောင်ကြည့်ရှုသူတွေရဲ့   ယုံကြည်မှုကို တိုးပွားစေပါတယ်။   ယခု  TNN ရဲ့ ဖော်ပြချက်မှာ   အဖျက်သမားတွေရဲ့       အဖျက် လုပ်ရပ်များစွာကို           ဖုံးကွယ်ထားတဲ့အပြင်    မြန်မာနိုင်ငံအစိုးရနဲ့ပြည်သူတွေရဲ့    အပြုသဘော တည်ဆောက်မှုတွေကိုလည်း       ဘက်လိုက်ပြီး မျက်ကွယ်ပြုထားပြန်ပါတယ်။       မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး၊     ဖွံ့ဖြိုးတိုးတက်ရေး၊    အနာဂတ် ဒီမိုကရေစီအရေး      ဆောင်ရွက်ချက်တွေဟာ အမြောက်အမြားရှိပြီး ဖြစ်ပါတယ်။    သမာသမတ် ကျကျနဲ့ မြင်အောင်ကြည့်ဖို့ပဲလိုပါတယ်။
မိမိနဲ့မိမိပတ်ဝန်းကျင်ကိုလည်း 
မြင်အောင်ကြည့်တတ်ရန်လို
မိမိကိုယ်မိမိ     အင်အားကြီးဆိုသူတွေဟာ ဩဇာတိက္ကမကြီးမားအောင် အရာရာကို ထိန်းချုပ် နေကြပါတယ်။ မိမိပါဝါတက်ဖို့  မီဒီယာအပါအဝင် စစ်ရေး၊ စီးပွားရေး၊ နည်းပညာအားနဲ့   အခြားသူများ အားနည်းပြိုလဲအောင်  ပြုလုပ်နေကြတယ်။ TNN အနေနဲ့   မိမိရဲ့မီဒီယာပါဝါကို  ဘက်တွေကြား မျှတအောင်အသုံးပြုသင့်ပါတယ်။  အင်အားကြီးတွေ ရဲ့ပါဝါအားပြိုင်ပွဲမှာ ဘက်မလိုက် မျှတစွာ နေသင့်ပါ တယ်။ သူများအပေါ်  လက်ညှိုးထိုးတာများရင် မိမိလည်းတန်ပြန်ဒဏ်ခံရတတ်ပါတယ်။ စိတ်ကြွဆေး မှောင်ခိုအရောင်းအဝယ်နဲ့    အဖျက်လုပ်ရပ်ချည်း လုပ်နေတဲ့    ဒေသတွင်း    မူးယစ်ရာဇာတွေကြောင့် ထိုင်းလူငယ်တွေ ပျက်စီးမယ့်အရေးတွေးပြီးပြည်သူ တွေမြင်အောင်     ချပြရပါမယ်။         မြန်မာ- ဘင်္ဂလားဒေ့ရှ်- အိန္ဒိယဘက်က  မွတ်ဆလင်အရေး ချည်းလည်းမကြည့်ဘဲ  ဗုဒ္ဓဘာသာနိုင်ငံတစ်ခုဖြစ်တဲ့ ထိုင်းတောင်ပိုင်း      မွတ်ဆလင်အရေးကိုလည်း   အလေးအနက်ထားဖို့  လိုပါမယ်။   ထိုင်းနိုင်ငံနဲ့ ပတ်သက်ပြီး မြန်မာဘက်က ဝင်ရောက်စွက်ဖက် ခြင်းများ    လုံးဝမရှိခဲ့သလို     သင်တို့နိုင်ငံမှာ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအပေါ်  အဖျက်လုပ်ရပ် လုပ်နေသူတွေ အခြေပြုခိုအောင်း လှုပ်ရှားနေသူတွေ နဲ့ ပတ်သက်ပြီးလည်း     သတိတရဖော်ပြပေးမယ် ဆိုရင်   မြန်မာပြည်သူတွေအနေနဲ့  လွန်စွာကျေးဇူး တင်မိမှာ ဖြစ်ပါတယ်။ ယနေ့ကာလ  ကမ္ဘာကြီး ဟာ အလွန်ပဲ အကဲဆတ်တယ်ဆိုတာ သတိပြုပြီး TNN အနေနဲ့မြင်အောင်ကြည့်ရမှာပါ။ အိမ်နီးချင်း နိုင်ငံတစ်ခုမှာ မတည်ငြိမ်  မအေးချမ်းမှုကနေ    နီးစပ်ရာ နိုင်ငံတွေဆီ   အလွယ်တကူပျံ့နှံ့သွားတတ် ပြီး၊ ဒေသတွင်း   ပဋိပက္ခကြီးအထိ ရောက်ရှိသွား နိုင်တဲ့      အခြေအနေများကို     တွက်ဆပြီး   နောက်ဆက်တွဲ အရှုပ်အထွေးတွေ ဖြစ်မလာအောင်      မီဒီယာအားနဲ့     ထိန်းညှိဖော်ပြသင့်တယ်လို့ ထင်မြင်မိပါတယ်။
ထိုင်း TNN  online  today  အနေနဲ့   ယနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ အိမ်နီးချင်း မြန်မာနိုင်ငံ  ကွက်ကွက်လေးအနေနဲ့ပဲ စဉ်းစားနေလို့မရသလို   စိတ်ခံစားမှုသက်သက် မီဒီယာတစ်ခုအဖြစ်လည်း မခံယူသင့်ပါဘူး။  မဖြစ် နိုင်တာတွေ   စဉ်းစားတာများရင်      ဖြစ်နိုင်တာတွေ ပျောက်ပြယ်သွားတတ်ပြီး   သတင်းအဆိပ်ခတ်တာ များသွားရင် အနိဋ္ဌာရုံတွေသာ   များပြားလာနိုင် ကြောင်းကို TNN အနေနဲ့ သိထားဖို့  လိုပါမယ်။ သတင်းထောက်တွေ၊ အစီအစဉ်တင်ဆက်သူတွေ အနေနဲ့ဒိုမီနို(domino)    သက်ရောက်မှုသဘော တရားလောက်တော့ ပထဝီနိုင်ငံရေးကျမ်းကျေပြီး ဖြစ်သင့်ပါတယ်။ နိုင်ငံတကာမှာ   ဩဇာပြိုင်သူများ အကြား   စစ်ရိပ်စစ်ငွေ့နဲ့     တင်းမာပြင်းထန်နေတဲ့ အချိန် အနေအထိုင်မတတ်ရင်     ကိုယ်နေတဲ့နိုင်ငံပါ ကြားညှပ်သွားနိုင်တယ်ဆိုတာ      ဒေသတွင်း ဘဝတူအချင်းချင်း အမြင်ကျယ်ကျယ်  မြင်တတ် ကြည့်တတ်   ရပါမယ်။ အိမ်နီးချင်းမြန်မာနိုင်ငံ အပေါ်     မသိမသာကနေ     ပေါ်ပေါ်ထင်ထင်     နှောင့်ယှက်ဖျက်ဆီးလာနေတဲ့အရေးမှာ      TNN အနေနဲ့  အနောက်ဩဇာခံ     အသုံးချခံမီဒီယာ   မဖြစ်စေလိုပါဘူး။    မိမိကြောင့်   အနုတ်သဘော ဆောင်တဲ့  ကမ္ဘာ့အခင်းအကျင်းမျိုးအထိ ဖြစ်မသွား အောင်  သမာသမတ်ကျသင့်ပါတယ်။ နောက်ဆုံး ပြောချင်တဲ့အချက်တစ်ခုက     ဒီမိုကရေစီနိုင်ငံ တစ်ခုက   သတင်းဌာနတစ်ခုအနေနဲ့ ဒီမိုကရေစီရဲ့ တန်ဖိုးကို       ကိုယ့်ကြောင့်ပျက်စီးသွားခြင်းမျိုး   မဖြစ်အောင် ဂရုပြုဖို့ လိုတယ်ဆိုတဲ့အချက်ပါပဲ။ သင်တို့       ကြိုက်ပါတယ်ဆိုတဲ့    ဒီမိုကရေစီရဲ့ အန္တရာယ်ရန်ကို   မီဒီယာအားနဲ့  အကောင်းဆုံး   ကာကွယ်နိုင်ပါစေဟူ၍သာ      မှတ်ချက်ပြုလိုက် ပါ့မယ်။     ။