
၂၀၂၃-၂၀၂၄ ရာသီ ပရီမီယာလိဂ်ဘောလုံးပြိုင်ပွဲတွေကို စတင်ယှဉ်ပြိုင်ကစားလာတာဟာ အခုဆိုရင် ရာသီဝက် ကို ကျော်လွန်လာပြီ ဖြစ်ပါတယ်။ ပရီမီယာလိဂ်ပွဲစဉ် (၂၀) ပြီးဆုံးချိန်မှာ လီဗာပူးအသင်းက အမှတ်ပေးဇယားကို ဒုတိယနေရာမှ အက်စ်တွန်ဗီလာအသင်းထက် သုံးမှတ်အသာ ရမှတ် ၄၅ မှတ်နဲ့ ဦးဆောင်ထားနိုင်တယ်။ ဒါကြောင့် ဒီရာသီပရီမီယာလိဂ်ဖလားဆွတ်ခူးရေးမှာ လီဗာပူး၊ အက်စ်တွန်ဗီလာ၊ မန်စီးတီးအသင်းတို့ပဲ စိန်ခေါ် သွားနိုင်မလား မေးခွန်းတွေနဲ့ပြည့်နှက်နေချိန် အာဆင်နယ်အသင်းကရော ဖလားဆွတ်ခူးရေးလမ်းကြောင်း ပေါ်က သွေဖည်သွားပြီလား စိတ်ဝင်စားစရာကောင်းလာတယ်။
အာဆင်နယ်အသင်းအနေနဲ့ ယမန်နှစ် ပရီမီယာလိဂ်ဖလား ဆွတ်ခူး ရေးမှာ နည်းပြဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းကို အဓိက ယှဉ်ပြိုင်ခဲ့ရ သော်လည်း နောက်ပိုင်းပွဲစဉ်တွေမှာ မမျှော်လင့်ဘဲ ရမှတ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့လို့ အောင်မြင်မှုနဲ့ လက်တစ်ကမ်းအလိုမှာ လက်မြှောက်အရှုံး ပေးခဲ့ရတယ်။
ယခုနှစ်မှာလည်း အာဆင်နယ်အသင်းက ပရီမီယာလိဂ်ဖလား ဆွတ်ခူးရေး စိန်ခေါ်ပြောဆိုမှုတွေထဲ ထဲထဲဝင်ဝင်ပါဝင်နေပေမယ့် ဝက်စ်ဟမ်း၊ ဖူလ်ဟမ်အသင်းတို့ကို နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် အာဆင်နယ်အသင်းရဲ့နှစ်ပေါင်း ၂၀ အတွင်း ပရီမီယာလိဂ်ဖလား တစ်ကျော့ပြန်ဆွတ်ခူးရေးလမ်းကြောင်းပေါ်ကနေ သွေဖည်နေပြီလား ဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။
အာဆင်နယ်အသင်း နောက်ဆုံးကစားခဲ့တဲ့ ပရီမီယာလိဂ် ငါးပွဲမှာ ဘရိုက်တန်အသင်းကိုသာ နိုင်ပွဲရရှိထားပြီး သရေတစ်ပွဲနဲ့ ရှုံးပွဲ သုံးပွဲအထိ ကြုံတွေ့ထားတယ်။ နည်းပြတစ်ယောက်ဟာ မှော်အတတ် ပညာနဲ့ပွဲရလဒ်အဖြေကို ပြောင်းလဲနိုင်စွမ်းမရှိဘူးဆိုတာ လက်ခံနိုင် ပေမယ့် လူထုတ်ပုံ လွဲမှားမှု၊ ပွဲအပေါ်ချဉ်းကပ်ပုံမှားယွင်းမှုတွေကို အချိန်မီပြင်ဆင်နိုင်ခြင်း မရှိဘဲ အသုံးတည့်လာမှာပါ၊ နိုင်ပွဲရမှာပါဆိုတဲ့ မျှော်လင့်ချက်နဲ့ ရှေ့ဆက်နေတာက ချန်ပီယံလမ်းကြောင်းပေါ်ကနေ စနစ်တကျသွေဖည်ခြင်းသာဖြစ်တယ်လို့ ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ကြတယ်။
ပွဲစဉ် (၁၉) က ဝက်စ်ဟမ်းအသင်းနဲ့ ပွဲဆိုရင် အာဆင်နယ်အသင်း ဂိုးပေါက်ခြိမ်းခြောက်မှု အကြိမ် ၃၀ အထိ ရှိတဲ့အပြင် ဂိုးပေါက်တည့် မတ်မှုက ရှစ်ကြိမ်ထက်မနည်း ရှိခဲ့တယ်။ အဲဒီအချိန်မှာ ဝက်စ်ဟမ်း အသင်းက အာဆင်နယ်အသင်းဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှု စုစု ပေါင်း ခြောက်ကြိမ်သာရှိခဲ့ပြီး သုံးကြိမ် ဂိုးပေါက် တည့်မတ်မှုရှိခဲ့တယ်။ အဲဒီလို ပြိုင်ဘက်အပေါ် ဘက်စုံထောင့်စုံက သာလွန်မှုရှိခဲ့ပေမယ့် ပွဲ အပြီးမှာ အာဆင်နယ်အသင်း နှစ်ဂိုးပြတ် ရှုံးနိမ့်ခဲ့တယ်။ အဲဒီပွဲစဉ်မှာ အာဆင်နယ်အသင်းအနေနဲ့ ရရှိလာတဲ့ အခွင့်အရေးတွေကို ဂိုးဖြစ် ပြောင်းလဲနိုင်ခဲ့ရင် အနည်းဆုံး ငါးဂိုးလောက်ရရှိနိုင်ပေမယ့် အသင်း တိုက်စစ်ကစားသမားတွေ ဂိုးအဖြစ်ပြောင်းလဲနိုင်စွမ်း မရှိခဲ့ကြဘူး။
အသင်းရလဒ်ဆိုးရွားလေလေ ဆုဖလားနဲ့ ပိုအလှမ်းဝေးလေလေမို့ ရလဒ်ကောင်းရရှိရေးအတွက် အာဆင်နယ်အသင်းတိုက်စစ်မှာ ပွဲ အဖြေကို အချိန်မရွေးပြောင်းလဲနိုင်စွမ်းရှိတဲ့ ထိပ်တန်းအရည်အသွေးမြင့် တိုက်စစ်မှူး တစ်ဦးဦး လိုအပ်တယ်လို့ ထောက်ပြကြတယ်။ လက်ရှိ အသင်းမှာ ဂျေဇူး၊ ဟာဗက်ဇ်၊ အင်ခီတီယာ၊ မာတင်နယ်လီ၊ ဆာကာတို့ရှိ သော်ငြား အသင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိဘူး။ ဂျေဇူးဆိုရင် ၁၅ ပွဲမှာ သုံးဂိုး၊ ဟာဗက်ဇ်က ၁၉ ပွဲမှာ လေးဂိုး၊ အင်ခီတီ ယာက ၁၉ ပွဲမှာ ငါးဂိုး၊ မာတင်နယ်လီက ၁၈ ပွဲမှာ နှစ်ဂိုးသာ သွင်းယူ ထားနိုင်သေးတယ်။ အသင်းအတွက် ဂိုးအများဆုံးသွင်းယူထားတဲ့ ဆာကာကလည်း ခြောက်ပွဲမှာ တစ်ဂိုးသာ သွင်းယူထားနိုင်တဲ့အထိ ဂိုးသွင်းယူမှုပိုင်း သိသိသာသာ ကျဆင်းသွားတယ်။
ဒါကြောင့် နည်းပြအာတီတာအနေနဲ့ ယခုအပြောင်းအရွှေ့ဈေးကွက် မှာ မျက်နှာသစ်တိုက်စစ်ကစားသမားတစ်ဦး မဖြစ်မနေ ခေါ်ယူဖို့ လိုအပ်တယ်ဆိုတာ အဲဒီအချက်အလက်တွေက ထောက်ပြနေပြီး အသင်းရဲ့ လိုအပ်ချက်တွေကို အချိန်မီဖြည့်တင်းနိုင်ခြင်း မရှိဘူးဆိုရင် လမ်းကြောင်းမှန်ပေါ် ရောက်လာဖို့ထက် ပိုမိုဆိုးရွားတဲ့ လမ်းစဉ်တွေပဲ ဦးတည်နေလိမ့်မယ်လို့ ဆိုကြတယ်။
အာဆင်နယ်ရဲ့ လာမယ့်ပရီမီယာလိဂ် ငါးပွဲမှာ ခရစ္စတယ်ပဲလေ့စ်၊ နော်တင်ဟမ်ဖောရက်စ်၊ လီဗာပူး၊ ဝက်စ်ဟမ်း၊ ဘန်လေအသင်းတို့နဲ့ ယှဉ်ပြိုင်ရဖို့ ရှိတယ်။ အသင်းကြီးအနေနဲ့ လီဗာပူးတစ်သင်းလောက်သာ ရှိတယ်။ ပဲလေ့စ်နဲ့ လီဗာပူးကို အိမ်ကွင်းမှာ ကစားရမှာဖြစ်ပြီး နော်တင် ဟမ်၊ ဝက်စ်ဟမ်း၊ ဘန်လေအသင်းတို့ကို အဝေးကွင်းမှာ သွားရောက် ကစားရမှာပါ။
ဒါကြောင့် အာဆင်နယ်အသင်းအနေနဲ့ လာမယ့်ပွဲစဉ်တွေမှာ စုစည်းမှုကောင်းကောင်း၊ ကျစ်ကျစ်လျစ်လျစ် နဲ့ နေရာစုံထောင့်စေ့အောင် မခိုမကပ်ဘဲ ကစားရင် ရလဒ်ကောင်းတွေ ရရှိပြီး ဖလားဆွတ်ခူးရေးလမ်း ကြောင်းပေါ် ရောက်လာဖွယ်ရှိတယ်။ မည်သို့ပင်ဆိုစေ အာဆင်နယ် အသင်းအနေနဲ့ ပြိုင်ဘက်ကို လက်မြှောက်အရှုံးပေးအောင် ကြိုးပမ်းရင်း ကိုယ်တိုင်ဒူးထောက်လက်မြှောက်ရတဲ့အဖြစ်မျိုးနဲ့ ထပ်မံကြုံတွေ့ရ ဦးမလားဆိုတာကတော့ လက်ကျန်ပွဲစဉ်တွေမှာ ဆက်လက် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။ ။
မိုး