
ယဉ်လာဒ်
အင်းလေးဆိုရင် မြန်မာနိုင်ငံမှာ အားလုံးသိပြီးသား ဖြစ်ပေမယ့် အင်းလေးလိုပဲ လှပတဲ့ ပုန်းအင်းဒေသ အကြောင်းကိုတော့ သိသူနည်းပါးကြမယ် ထင်ပါ တယ်။ ဘုရားလည်းဖူးရင်း ရိုးရာမုန့်လုပ်ငန်းတွေကို အစဉ်အဆက်လုပ်ကိုင်ကြတဲ့ သမိုင်းကြောင်းတွေ ရှိတဲ့ ရွာလေးဆီကို သွားရောက်လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ဖော်ပြ ပေးချင်ပါတယ်။
ရှမ်းပြည်နယ် တောင်ကြီးမြို့အနီး ကျောက် တစ်လုံးဒေသမှာတည်ရှိပြီး ရှေးဟောင်းစေတီ ပေါင်း ၂၅၀၀ ကျော် တစုတဝေးတည်းရှိနေတဲ့ မွေတော်ကက္ကူစေတီကို သွားရောက်ဖူးမြော်ပြီးရင် ဘုရားအနောက်ဘက်က တစ်နှစ်မှာ ရေခြောက်လ ကုန်းခြောက်လနေရတဲ့ ပုန်းအင်းဒေသထဲက ပင်လွန်ရွာလေးဆီကို သွားရောက်လည်ပတ် နိုင်ပါတယ်။
ပုန်းအင်းဒေသဟာ ဒုတိယအင်းလေးလို့ အမည် ခေါ်ဝေါ်ခံထားရပြီး သဘာဝအလှတရားများနဲ့ ခရီး သွားတွေကို ဆွဲဆောင်နိုင်တဲ့ဒေသလေး ဖြစ်ပါ တယ်။ ပုန်းအင်းဒေသမှာ ရွာပေါင်း ၃၀ ကျော်ရှိပြီး ရိုးရာမုန့်လုပ်ငန်းတွေကို ပင်လွန်ရွာလေးမှာ လုပ်ကိုင် ကြပါတယ်။ ပုန်းအင်းဒေသရဲ့ ရွာလေးတွေဆီကို မွေတော်ကက္ကူဘုရား အရှေ့ဘက်စောင်းတန်း ရေဆိပ်ကနေ စက်လှေနဲ့ သွားလို့ရပါတယ်။
မွေတော်ကက္ကူဘုရားရဲ့အရှေ့ဘက် စောင်းတန်း ကနေ ကြည့်လိုက်ရင် လွင်ပြင်ကြီးတစ်ခုကို တွေ့မြင်ရမှာဖြစ်ပြီး အဲဒီလွင်ပြင်ကို အလယ်ပိုင်း ပုန်းအင်းဒေသလို့ ခေါ်ဆိုတယ်လို့ လိုက်ပို့ပေးတဲ့ ဒေသခံက စာရေးသူကို ပြောပြပါတယ်။ အလယ် ပိုင်းလွင်ပြင်ကြီးတစ်ခုလုံးကိုခြုံပြီး ပုန်းအင်းဒေသ လို့ ခေါ်ဆိုကြတာဖြစ်ပါတယ်။
နောင်မွန်မြို့ကနေလည်း စက်လှေစီးပြီး ပုန်းအင်းကို သွားရောက်လည်ပတ်လို့ ရနိုင်ပါ တယ်။ ပုန်းအင်းဒေသဟာ ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ဟိုပုံးမြို့နဲ့ ဆီဆိုင်မြို့ အကြား ဆီဆိုင်မြို့နယ်ထဲမှာ တည်ရှိပြီး ကမ္ဘာကျော် အင်းလေးကန်နဲ့ဆိုရင် တောင်တစ်တောင်သာ ခြားထားပါတယ်။
စာရေးသူတို့သွားခဲ့တုန်းက နိုဝင်ဘာလမို့ ရေမရှိတာကြောင့် နန့်တံဘက်ချောင်းထဲကနေ ပင်လွန်ရွာဆီ သွားလည်ခဲ့ကြပါတယ်။ နန့်တံဘက် ချောင်းထဲကနေ မိနစ် ၂၀ ကျော်လောက်သာ စက်လှေစီးရပြီး ဘေးပတ်လည်မှာ တောင်တန်း တွေနဲ့ လှပတဲ့မြင်ကွင်းတွေကို တွေ့မြင်ရပါသေး တယ်။
စက်လှေစီးနေရင်း အရိုးပြိုင်းပြိုင်း တွေ့မြင်ရ တဲ့ အပင်တွေကိုလည်း တခြားမှာ သိပ်မတွေ့ရတော့ စာရေးသူက စက်လှေသမားကို မေးကြည့်ခဲ့တဲ့အခါ ဒီအပင်တွေက ရှမ်းလို မိုက်ခိုက်ပင်လို့ ခေါ်ကြပြီး ထူးခြားတာက ဒီအပင်တွေကိုကြည့်ပြီး ရာသီဥတု ကို တွက်ချက်ကြပြီး စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြတယ်လို့ ဆိုပါတယ်။ မိုက်ခိုက်အပင်မှာ အရွက်မရှိရင် မိုးကုန်ပြီလို့ သတ်မှတ်ကြတယ်လို့ စက်လှေသမားက ပြောပြပါတယ်။ မိုက်ခိုက်အပင် တိုင်းမှာ စာဘူးတောင်းအိမ်လေးတွေကို အစီအရီ တွေ့မြင်ရတာကလည်း တစ်မျိုးတစ်ဘာသာ လှပ နေပါသေးတယ်။
ပင်လွန်ရွာဟာ ရှမ်းရွာလေးဖြစ်ပြီး သမိုင်းဝင် နေရာတစ်ခုလည်းရှိတဲ့ ရွာလေးဖြစ်ပါတယ်။ ချောင်းကို အလယ်ကထားပြီး ရွာကို ဟိုဘက်ခြမ်း ဒီဘက်ခြမ်း ခွဲခြားထားပါတယ်။ ချောင်းရဲ့ အရှေ့ ဘက်ခြမ်းဟာ ဆီဆိုင်မြို့နယ်ထဲပါဝင်ပြီး ချောင်း အနောက်ဘက်ခြမ်းဟာ တောင်ကြီးမြို့နယ် နယ်နိမိတ်ထဲ ပါဝင်နေပါတယ်။ ရှမ်းတိုင်းရင်းသား တွေ အများဆုံး နေထိုင်ကြပါတယ်။
ပင်လွန်ရွာမှာ ရှေးအစဉ်အဆက်ကနေ ရိုးရာမုန့် တွေ လုပ်လာကြတာဖြစ်ပြီး အိမ်ခြေအားဖြင့် ၁၀၀ ကျော် ရှိပါတယ်။ မုန့်လုပ်တဲ့အိမ်ကတော့ အရင်က အိမ်ခြေ ၅၀ ကျော်လောက်ရှိပေမယ့် အခုဆိုရင် အိမ်ခြေ ၃၀ ကျော်လောက်သာ ကျန်ပါတော့တယ်။ ဘုရားပွဲတော်ကြီးတွေမှသာ ရိုးရာမုန့်တွေကို လုပ်ကိုင်ပြီး ရောင်းချလေ့ရှိပါတယ်။
ရိုးရာမုန့်တွေဖြစ်တဲ့ ဆန်လုံးစေး ၊ မုန့်ခေါင်းအုံး၊ မုန့်ကြွပ်၊ မုန့်ပြာလူး စတဲ့ မုန့်တွေကို လုပ်ကိုင်ကြပါ တယ်။ ကောက်ညှင်းနဲ့ အဓိကလုပ်ကြတာမို့ ကောက်ညှင်းဆန် စျေးကြီးရင်တော့ အများကြီး မလုပ်ကြဘဲ တစ်ပိုင်တစ်နိုင်သာ ပြုလုပ်ရောင်းချ ကြပါတယ်လို့ မုန့်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဒေသခံတွေက စာရေးသူကို ပြောပြပါတယ်။
ပင်လွန်ရွာဟာ ပုဂံမင်းဆက်က နရပတိစည်သူ မင်းကြီး တိုင်းခန်းလှည့်လည်စဉ်က ဘုရားတည်မယ့် နေရာကို ကျော်လွန်ခဲ့ပြီး ဖောင်တော်ဆိုက်ကပ်ခဲ့တဲ့ နေရာဖြစ်ခဲ့တဲ့ ရွာကလေးလို့ သမိုင်းမှတ်တမ်းတွေ အရ သိရပါတယ်။ မင်းကြီး ဖောင်တော်ပြန်လှည့်ကွေ့ တဲ့နေရာ ဖြစ်ခဲ့တာမို့ နောင်လွန်လို့ သမုတ်ခဲ့ပြီး ကာလကြာတဲ့အခါမှာ ပင်လွန်ရွာလို့ ခေါ်ဆိုကြတယ် လို့ သိရပါတယ်။
နရပတိစည်သူမင်းကြီး ဖောင်တော်ဆိုက်ကပ် ခဲ့တုန်းက ထမင်းတွေ ပိုနေခဲ့တာကြောင့် ထမင်း ပိုတွေကို နေခြောက်လှန်းခဲ့ကြရာက ဒေသခံ ရွာသူ ရွာသားတွေဟာလည်း ထမင်းကို နေခြောက်လှန်း ပြီး မုန့်လုပ်ငန်းတွေကို လုပ်ကိုင်လာခဲ့ကြောင်း၊ ရိုးရာမုန့်လုပ်ငန်းကို လက်ဆင့်ကမ်းလုပ်ကိုင်လာပြီး ဘုရားပွဲတော်ကာလတွေမှာ ဘုရားဖူးရင်းနဲ့ သွားရောက်ရောင်းချကြောင်း ပင်လွန်ရွာမှ ရှမ်းရိုးရာ ဆန်လုံးစေးမုန့်လုပ်ငန်း လုပ်ကိုင်သူ မဘုတ်က စာရေးသူကို ပြောပြပါတယ်။
ဒါကြောင့်မို့ ဒုတိယအင်းလေးလို့ ခေါ်ဆိုကြတဲ့ ပုန်းအင်းဒေသထဲက ရိုးရာမုန့်လုပ်ငန်းတွေကို လုပ်ကိုင်ကြတဲ့၊ ချစ်စရာကောင်းတဲ့ ပင်လွန်ရွာလေး ဆီကို သွားရောက်လည်ပတ်နိုင်စေဖို့ ဒီတစ်ပတ်ရဲ့ ခရီးသွားလမ်းညွှန်အနေနဲ့ ရေးသားဖော်ပြလိုက် ပါတယ်။ ။