
မုံရွာ ဇန်နဝါရီ ၆
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိအောင် ကြိုးပမ်းဆောင်ရွက်ရေး ညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၅ ရက် က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ စားသုံးဆီ လုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်း ဒေသကြီးဝန်ကြီးချုပ်က မိမိတို့ တိုင်းဒေသကြီးအတွင်း ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက် ရေးကို ပဓာနကျသည့် တာဝန် တစ်ရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃- ၂၀၂၄ ခုနှစ်တွင် မြေပဲ ၈၇၃၁၆၂ ဧက၊ နှမ်း ၁၀၈၂၄၀၇ ဧကနှင့် နေကြာ ၃၇၃၃၄၂ ဧက လျာထား စိုက်ပျိုး ဆောင်ရွက်မည်ဖြစ်၍ တာဝန်ရှိသူအားလုံး အလေးထား ဆောင်ရွက်သွားကြရန် လိုအပ် ကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်လျက်ရှိသည့် စပါး၊ ဆီထွက်သီးနှံ၊ ပဲမျိုးစုံနှင့် အခြားသီးနှံများ၏ ပန်းတိုင် ရည်မှန်းချက်ကို ပြည့်မီအောင် စိုက်ပျိုးနိုင်မည် ဆိုပါက တိုင်းဒေသကြီး၏ ဆန်၊ ဆီ၊ ပဲ ဖူလုံမှုများ ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး၏ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် လျာထားဧက များ တိုးမြှင့်နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများ ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်သွားကြရန် လိုကြောင်း တိုက်တွန်းပြောကြား သည်။(ယာပုံ)
ယင်းနောက် တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များက တိုင်းဒေသကြီးအတွင်း စားသုံးဆီ ထုတ်လုပ်မှုနှင့် ကုန်သွယ်မှုဆိုင်ရာများ၊ အမှန် တကယ်လိုအပ်သော စားသုံးဆီ များနှင့် ပြည်ပသို့ တင်ပို့သည့် ဆီထွက်သီးနှံများ၊ တိုင်းဒေသကြီး အတွင်း ဆီစက်များ တည်ဆောက် ထားရှိမှု အခြေအနေများ၊ ဆီထုတ်လုပ်မှုပမာဏ စားသုံးဆီ ကြိတ်ခွဲနိုင်ရေးနှင့် ထောက်ပံ့ ပေးအပ်ရန် လိုအပ်မှုအခြေအနေ များ၊ ဆီထွက်သီးနှံ စိုက်ပျိုး ထုတ်လုပ်မှုနှင့် သမဝါယမအသင်း များ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စားသုံးဆီ ထုတ်လုပ်မှုတွင် ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များ ဖိတ်ခေါ်ခြင်း ဆိုင်ရာများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ဆီထွက် သီးနှံ ယခင်နှစ်စိုက်ပျိုး၊ ရိတ်သိမ်း မှုနှင့် ယခုနှစ်စိုက်ပျိုးရိတ်သိမ်းမှု အခြေအနေများ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီး ဌာနနှင့် ရေအရင်းအမြစ်ဦးစီး ဌာနတို့က ဆီထွက်သီးနှံများ စိုက်ပျိုးရေရရှိရေး၊ စက်မှုလယ်ယာ ဦးစီးဌာနက ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရေးတွင် စက် ကိရိယာသုံးစွဲမှု အခြေအနေများ၊ ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာနက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရန်ပုံငွေ လျာထားချက်များ စသည်တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် မုံရွာကုန်စည်ဒိုင် ဥက္ကဋ္ဌနှင့် ဆီစက်ပိုင်ရှင်ကြီးများ အသင်းမှ တာဝန်ရှိသူများက မိမိတို့လုပ်ကိုင် ဆောင်ရွက်နေသည့် လုပ်ငန်း အခြေအနေများနှင့် ဆီထွက်သီးနှံ တိုးမြှင့်စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက် လာသူများ၏ ဆွေးနွေးတင်ပြချက် များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။
တိုင်းဒေသကြီး(ပြန်/ဆက်)