
ရန်ကုန် ဇန်နဝါရီ ၄
ကိုရီးယားသမ္မတနိုင်ငံတွင် တရားမဝင် အလုပ်လုပ်နေသော နိုင်ငံခြားသားများအနေ ဖြင့် ဒဏ်ကြေးလွတ်ခွင့်အပြင် ပြန်ဝင်ခွင့် ကန့်သတ်ချက်များမှလည်း ကင်းလွတ်ခွင့် ရနိုင်မည့် နေရပ်ပြန်နိုင်ရေး အစီအစဉ်ကို ဖေဖော်ဝါရီလကုန်အထိ သက်တမ်းတိုးမြှင့် ထားကြောင်း အဆိုပါနိုင်ငံဆိုင်ရာ မြန်မာ သံရုံးက အသိပေးထားသည်။
အဆိုပါ အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၉ ရက်အထိ သက်တမ်းတိုးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း သံရုံးက ဆိုသည်။ အဆိုပါ ကာလအတွင်း မိမိဆန္ဒအလျောက် နေရပ်ပြန် မည့်သူများသည် ဒဏ်ကြေးကင်းလွတ်ခွင့်ရရှိ မည်ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံသို့ ပြန်ဝင် ရောက်နိုင်မည့် ပြည်ဝင်ခွင့် ကန့်သတ်ချက်များ မှလည်း ကင်းလွတ်ခွင့် ရရှိနိုင်မည်ဖြစ်သည်။
ကိုရီးယားသမ္မတနိုင်ငံ တရားရေးရာ ဝန်ကြီးဌာနက တရားမဝင်နေထိုင်သည့် နိုင်ငံ ခြားသားများ မိမိဆန္ဒအလျောက် နေရပ်ပြန် နိုင်မည့် အစီအစဉ်ကို ကာလသက်တမ်းတိုးမြှင့် ခဲ့မှုအပေါ် မြန်မာသံရုံးက ဇန်နဝါရီ ၃ ရက် တွင် အသိပေးကြေညာထားခြင်းဖြစ်သည်။
အဆိုပါ အစီအစဉ်ဖြင့် မိမိနေရပ်ပြန်လို သူများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ မိမိ ဆန္ဒအလျောက် နေရပ်ပြန်လိုကြောင်း စာရွက် စာတမ်း အထောက်အထားနှင့် လေယာဉ် လက်မှတ်တို့တင်ပြ၍ ကိုရီးယားသမ္မတနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနသို့ လျှောက်ထားနိုင် ကြောင်းလည်း သံရုံးကအသိပေးထားသည်။
အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ ကိုရီးယားသမ္မတနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဌာန၏ ဝက်ဘ်ဆိုက်သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။
‘‘ပြန်မယ့်သူတွေရှိတယ်။ ဒီမှာ အလုပ် လာလုပ်တာ အကြောင်းအမျိုးမျိုးနဲ့ Over stay လုပ်လိုက်တာပေါ့။ ဒီမှာငွေစုပြီးပြန်မယ့်သူတွေရှိနေပါတယ်။ အဖမ်းအဆီးလည်းရှိတော့သတိထားရတယ်လေ။ ကြိုဆိုရမှာပါ’’ ဟု ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံ သား ကိုထွန်းမြင့်က ဆိုသည်။
MT