
စစ်တွေ ဇွန် ၂၅
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ကောင်စီအဖွဲ့ဝင်များနှင့် ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များကို ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံးအစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ဝန်ကြီးက ပြည်နယ်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လွယ်ကူလျင်မြန် အဆင်ပြေ ချောမွေ့စေရေးနှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အလေးထား ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထုတ်ပြန်ပေးသည့် စံပြု လုပ်ထုံးလုပ်နည်းနှင့်အညီ လိုက်နာဆောင်ရွက်ရန်ကိစ္စများ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း များမှ အရေးကြီးသည့် ပြဋ္ဌာန်း ချက်များ၊ ရင်းနှီးမြှုပ်နှံမှု မူဝါဒ ဆိုင်ရာကိစ္စများ၊ ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ရင်းနှီး မြှုပ်နှံမှုမြှင့်တင်ရေး၊ ခွင့်ပြုပြီး လုပ်ငန်းများကိုလည်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကြပ်မတ်ဆောင်ရွက်ရေး ကိစ္စများ ကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်း က ပြည်နယ်အတွင်းရှိ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များ ကို ဆွေးနွေး ပြောကြား သည်။
ထို့နောက် တက်ရောက် လာကြသည့် ပြည်နယ် ရင်းနှီး မြှုပ်နှံမှု ကော်မတီဝင်များက လည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းခဲ့ကြ ရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်း ဆွေးနွေး ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနပြည်နယ်ဦးစီးမှူးရုံးသို့ သွားရောက် ၍ ရုံးလုပ်ငန်း ဆောင်ရွက်နေမှု များကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံ၍ အခက်အခဲများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်