
ရန်ကုန် ဒီဇင်ဘာ ၂၇
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) တို့၏ (၂၉) ကြိမ်မြောက် သာသန တက္ကသီလ မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) မဟာဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် များ၏ ဒုတိယအဓိပတိ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တစန္ဒိမာဘိဝံသ အမှူးပြုသော တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဆရာတော် များ၊ နိုင်ငံတော်ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)တို့မှ သင်ကြားစီမံဆရာတော်များ၊ ဘွဲ့ခံသံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြပြီး သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦး လွင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် အမှူးပြု သော ပရိသတ်အပေါင်းတို့က နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်များ၏ ဒုတိယအဓိပတိ ဆရာတော် ဘဒ္ဒန္တစန္ဒိမာဘိဝံသ ထံမှ ငါးပါးသီလ ခံယူဆောက်တည် ကြသည်။
ထို့နောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များ၏ ဒုတိယအဓိပတိဆရာတော် ဘဒ္ဒန္တ စန္ဒိမာဘိဝံသက ယနေ့ဘွဲ့ခံယူကြ သည့် သာသနာ့အာဇာနည်တို့ သည် ပရိယတ် ပဋိပတ်တရား များကို နှစ်ရှည်လများ ကြိုးစား အားထုတ် သင်ယူခဲ့ကြပြီးဖြစ်၍ သာသနာတော်အတွက် များစွာ အထောက်အပံ့ပြုနိုင်သော အရည် အချင်းနှင့်ပြည်စုံသည့် ပုဂ္ဂိုလ်များ ဖြစ်ကြသည့်အားလျော်စွာ ‘‘ဗဟု ဇနဟိတာယ ဗဟုဇနသုခါယ လောကာနု ကမ္ပာယ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ’’ ဟူ၍ ဘုရားရှင် ဝိနည်းမဟာဝါ ပါဠိတော်၌ ညွှန်ပြတော်မူသော သာသနာပြုနည်းနှင့်အညီ မိမိတို့ သာသနာပြုကြရာ၌ အများသူငါ သတ္တဝါတို့ အကျိုးစီးပွားချမ်းသာများရရှိကြစေရန် မိမိတို့တတ်သိ နားလည်ထားသည်ကို ပိုမိုတတ်သိ နားလည်အောင် လေ့လာသင်ယူ ကြပြီး အခြားပုဂ္ဂိုလ်များကို လည်း တတ်သိနားလည်အောင် ဟောပြောပြသ ဆိုဆုံးမကြရန်နှင့် မိမိတို့ကိုယ်တိုင် သိက္ခာသုံးရပ် အကျင့်မြတ်တို့နှင့် ပြည့်စုံသည့် ပုဂ္ဂိုလ်မြတ်များအဖြစ် ပြည်တွင်း/ပြည်ပ နှစ်ဌာနတို့၌ သာသနာပြု လုပ်ငန်းများကို ဆောင်ရွက်တော် မူကြပါရန်ဖြင့် သာရဏီယဩဝါဒ ကထာမြွက်ကြားသည်။
ယင်းနောက် နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တစန္ဒနသာရက ‘‘ယနေ့ အပ်နှင်းလိုက်သည့် ဘွဲ့တံဆိပ်များသည် စာတွေ့ပိုင်း အနေဖြင့် တစ်စိတ်တစ်ဒေသ ပြီးဆုံးပြီဟု အဓိပ္ပာယ်သက်ရောက် သော်လည်း လက်တွေ့ပိုင်းအနေ ဖြင့် ယခုအချိန်မှသာ စတင်မည် ဖြစ်ပြီး မိမိတို့ ကျင်လည်ကူးခပ် နေသည့် နယ်ပယ်တွင် ဝမ်းစာပြည့် နေရန် အထူးလိုအပ်လှကြောင်း၊ စဉ်ဆက်မပြတ် သင်ယူလေ့လာ မှုများ ပြုလုပ်ကြရန် တိုက်တွန်း လိုကြောင်း’’ သမ္မောဒနီယဩဝါဒ ကထာ မြွက်ကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက သာသနာရေးဆိုင်ရာ များ လျှောက်ထားပြီး တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က မဟာဘွဲ့နှင်း သဘင်အခမ်းအနားနှင့် စပ်လျဉ်း ၍ လျှောက်ထားသည်။ (အပေါ်ပုံ)
ထို့နောက် နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်)မော်ကွန်းထိန်းဆရာတော် ဘဒ္ဒန္တ သုမနက တက္ကသိုလ်များအုပ်ချုပ် ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ စန္ဒနသာရ ထံတွင် ဘွဲ့ခံစာရင်းကို အတည်ပြု လက်မှတ်ရေးထိုးသည်။
ယင်းနောက် နိုင်ငံတော်ပရိ ယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မော်ကွန်းထိန်း ဆရာတော်တို့က ဘွဲ့တံဆိပ်တော် ခံယူကြမည့် သာသနတက္ကသီလ ဓမ္မပါရဂူ (Ph.D) ဘွဲ့ရ တစ်ပါး၊ သာသနတက္ကသီလ မဟာဓမ္မာ စရိယ M.A(Buddhism) ဘွဲ့ရ ၁၀ ပါး၊ သာသနတက္ကသီလဓမ္မာ စရိယ B.A(Buddhism) ဘွဲ့ရ ၂၈ ပါးတို့၏ ဘွဲ့တော်များကိုကြေညာ ၍ အုပ်ချုပ်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ကြီးထံတွင် ဘွဲ့ခံယူကြသည်။
ဆက်လက်၍ နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး) မော်ကွန်း ထိန်း ဆရာတော်က သာသန တက္ကသီလ မဟာဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ခံယူမည့်ရဟန်း တော်များနှင့် သာသနတက္ကသီလ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော် ခံယူ မည့် ရဟန်းတော်များအား တစ်ပါး ချင်း၏ ဘွဲ့တော်ကို ကြေညာ၍ ပါမောက္ခချုပ် ဆရာတော်များထံ ဘွဲ့ခံယူပြီး နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များ၏ ဒုတိယအဓိပတိ ဆရာတော်ကြီး ရှေ့မှောက်တွင် ဘွဲ့ခံရဟန်းတော် များက သာသနာပြု ကတိသစ္စာ ခံယူကြသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးနှင့် အခမ်းအနားတက် ရောက်လာကြသည့် ဧည့်ပရိသတ် အပေါင်းတို့သည် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့ တက္ကသိုလ်များ အုပ်ချုပ်ရေးဗဟို အဖွဲ့ဥက္ကဋ္ဌ၊ ဒေါက်တာဘဒ္ဒန္တစန္ဒ နသာရ ဆရာတော်ထံမှ အနု မောဒနာတရားနာယူ၍ ရေစက် သွန်းလောင်း အမျှပေးဝေ ကြသည်။
အခမ်းအနားအပြီးတွင် နိုင်ငံ တော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် ဆရာတော် အမှူးပြုသော ပင့်သံဃာ ၄၉ ပါး၊ ဘွဲ့ခံရဟန်း ၃၉ ပါး၊ စုစုပေါင်း ၈၈ ပါးတို့ကို ပြည်ထောင်စု ဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်အမှူးပြုသော ဌာနဆိုင်ရာ အကြီးအကဲများ၊ အလှူရှင်များ က ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းကြသည်။ (ဝဲပုံ)
ယနေ့ (၂၉) ကြိမ်မြောက် သာသနတက္ကသီလ မဟာဘွဲ့နှင်း သဘင်တွင် သာသနတက္ကသီလ ဓမ္မပါရဂူ (Ph.D) ဘွဲ့ရ တစ်ပါး၊ သာသနတက္ကသီလ မဟာဓမ္မာ စရိယ M.A(Buddhism) ဘွဲ့ရ ၁၀ ပါး၊ သာသနတက္ကသီလဓမ္မာ စရိယ B.A(Buddhism) ဘွဲ့ရ ၂၈ ပါး စုစုပေါင်းဘွဲ့ရ အရှင်မြတ် ၃၉ ပါး ဘွဲ့ခံယူခဲ့ပြီး နိုင်ငံတော် ပရိယတ္တိ သာသနာ့တက္ကသိုလ် များမှ (၂၉) ကြိမ်မြောက်အထိ ဘွဲ့ခံယူကြသည့် ရဟန်းတော် စုစုပေါင်း ၃၁၉၄ ပါး ပေါ်ထွန်းခဲ့ ကြောင်း သိရသည်။ သတင်းစဉ်