
မန္တလေး ဒီဇင်ဘာ ၂၀
ပြည်တွင်းပြည်ပလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအချင်းချင်းချိတ်ဆက်ပေးနိုင်ခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် မန္တလေး တိုင်းဒေသကြီး၏ စီးပွားရေးအလားအလာများ သိသာပေါ်လွင်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးစသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပသည့် Mandalay International Trade Fair & Investment Forum 2023 ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Mandalay Convention Center ၌ ကျင်းပသည်။
အခမ်းအနားသို့ ရင်းနှီးမြှုပ်နှံ မှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော်၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုး အောင်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန် ရှိသူ များ၊ မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်း၊ MRCCI ဥက္ကဋ္ဌ ဦးဝင်း ဌေး၊ ယူနန်၊ တက်ဟုန်း၊ ဟူနန် ကုန်သည်ကြီးများ အသင်းတို့မှ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနများနှင့် အသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ဧည့်ပရိသတ် များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်၊ ဦးထွန်းအုံနှင့် တာဝန်ရှိသူများက Mandalay International Trade Fair & Investment Forum 2023 ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး (ယာပုံ) ပြခန်းများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
အားပေးဆောင်ရွက်
ထို့နောက် Forum ကို ဆက်လက်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ကံဇော်က မန္တလေးတိုင်း ဒေသကြီးသည် အဓိကကျသည့် ကုန်သွယ်ရေး လမ်းကြောင်းများနှင့် ချိတ်ဆက် ထားနိုင်ပြီး စက်မှုလုပ်ငန်းများ ထွန်းကားသည့် တိုင်းဒေသကြီး ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံ အကြောင်းတရားများနှင့် ပြည့်စုံနေသည့် တိုင်းဒေသကြီးဖြစ် သည်နှင့်အညီ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်ဆောင် ရွက်ရန် နိုင်ငံတော်က အားပေး လျက်ရှိကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်းများအနေဖြင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ၏ ထုတ်လုပ် မှုကွင်းဆက်များတွင် ပါဝင်နိုင် ခြင်းဖြင့် ပြည်တွင်းထုတ်လုပ်မှု မြှင့်တင်နိုင်ရန် အလားအလာ ကောင်းများရှိကြောင်း၊ ယနေ့ အခမ်းအနားတွင်လည်း လုပ်ငန်း ရှင်များအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူပြုနိုင်မည့် ပူးပေါင်း ဆောင်ရွက်မှုကောင်းများ ဖော် ဆောင်နိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး ဦးထွန်းအုံက ယခုကဲ့သို့ နိုင်ငံတကာ ကုန်စည်ပြပွဲများကို အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း ကျင်းပခြင်းကြောင့် ပြည်တွင်း ပြည်ပလုပ်ငန်းရှင်များ အချင်းချင်း တွေ့ဆုံနိုင်ခြင်းဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးလာ ခြင်းမှတစ်ဆင့် ပို့ကုန်ကဏ္ဍ တိုးတက်ရေးကို အထောက်အကူ ပြုမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ကျင်းပသည့် နိုင်ငံတကာကုန်စည် ပြပွဲများမှတစ်ဆင့် နိုင်ငံတကာ တွင်ကျင်းပသည့် ကုန်စည်ပြပွဲ များသို့ ပြည်တွင်းကုန်ထုတ်လုပ် သူများနှင့် လုပ်ငန်းရှင်များပါဝင်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
လက်မှတ်ရေးထိုး
ထို့နောက် မန္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ်က MSME လုပ်ငန်း များ ရေရှည်ရပ်တည်ရှင်သန်သွား နိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးနေမှုများကို လည်း ကောင်း၊ UMFCCI ဥက္ကဋ္ဌက နိုင်ငံအတွင်းရှိ MSME လုပ်ငန်း များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်း ရှင်များ ပေါ်ထွန်းလာစေရေး အတွက် UMFCCI အသင်းချုပ် အနေဖြင့် ကြိုးပမ်းဆောင်ရွက် နေမှုများ၊ MRCCI ဥက္ကဋ္ဌက ပြပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များ နှင့် MRCCI အသင်း၏ လုပ်ငန်း ဆောင်ရွက်နေမှုများကို လည်း ကောင်း ရှင်းလင်းပြောကြားကြ ပြီး မန္တလေးတိုင်းဒေသကြီး အတွင်း စီးပွားရေးဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုအတွက် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း များကို ဆက်လက်ဆောင်ရွက်ကြ သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မန္တလေး တိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်၊ ၁၀၀ ရာခိုင်နှုန်း မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုဖြင့် နို့၊ ပဲနို့ရည် အမျိုးမျိုး နှင့် ရေသန့်ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဥရောပ၊ အာရှအဖျော်ယမကာ ကုမ္ပဏီ လီမိတက်နှင့် ၁၀၀ ရာခိုင်နှုန်း ကိုရီးယားနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဖြင့် တိရစ္ဆာန်အစားအစာနှင့် အခြား ဆက်စပ်ပစ္စည်းများ ထုတ်လုပ် ရောင်းချခြင်း ဆောင်ရွက်နေသည့် Sunjin Myanmar Co; Ltd များသို့ သွားရောက်ရာ တာဝန်ရှိသူများက ကူညီ ဆောင်ရွက်ပေးစေလိုသည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြ ကြသည်။
ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရင်းနှီးမြှုပ်နှံမှု တိုးချဲ့နိုင်ရေး၊ ထုတ်ကုန်တိုးမြှင့်နိုင်ရေး၊ အရည် အသွေးမီ ထုတ်ကုန်များဖြစ်၍ ပြည်ပသို့တင်ပို့နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ရေး၊ ဈေးကွက်ချဲ့ထွင် ရေး၊ ပြည်တွင်းထုတ်ကုန်ကြမ်း များ ပိုမိုဦးစားပေးအသုံးပြုရေး၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းမှု အစီအစဉ် (CSR) မြှင့်တင်ဆောင် ရွက်ရေး၊ လုပ်ငန်းစွန့်ပစ်ပစ္စည်း များမှ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးတို့နှင့် စပ်လျဉ်း ၍ အကြံပြုဆွေးနွေးကြပြီး စက်ရုံ လည်ပတ်နေမှုနှင့် ကုန်ထုတ်လုပ် နေမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးကြသည်။
သတင်းစဉ်