
နေပြည်တော် ဇွန် ၂၄
ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားဝင်းအတွင်းရှိ ဘောလုံးအားကစားကွင်းအနီး မြေကွက်လပ်၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်က သတ်မှတ်နေရာ၌ ပိတောက်ပင်ကို စိုက်ပျိုးပေး သည်။
ထို့နောက် ဒုတိယဝန်ကြီး ဦးရဲတင့်၊ အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ပျိုးပင်များကို သတ်မှတ်နေရာ အသီးသီးတွင် စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဝန်ထမ်းများ စုပေါင်းသစ်ပင် စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေး သည်။
ယနေ့ စိုက်ပျိုးမှုတွင် စိန်ပန်း၊ တမာ၊ မဲဇလီ၊ ပိတောက်၊ ကုက္ကို၊ ခရေ၊ ရေတမာ၊ လျှော်ဖြူ၊ သပြေပူတ၊ စိန်တံချူ၊ သရက်၊ စွယ်တော်၊ ဗာဒံ၊ မန်ကျည်း စုစုပေါင်း သစ်ပင်/ပျိုးပင် ၆၀၀ စိုက်ပျိုးခဲ့ကြပြီး ယခုနှစ်မိုးရာသီ တွင် သစ်ပင်/ပျိုးပင် စုစုပေါင်း ၂၀၀၀ စိုက်ပျိုးလျက်ရှိသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့သည် Radio Transmitter-1 တွင် မေယု FM ထုတ်လွှင့်နေမှုကို လည်းကောင်း၊ Radio Transmitter-2 တွင် ထုတ်လွှင့်ရန် ပြင်ဆင်ဆောင်ရွက် နေမှုကိုလည်းကောင်း ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက် တည်ဆောက်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး Steel Structure နှစ်ထပ် အဆောက်အဦ အရွယ် အစား (၁၀၀ x ၇၅) ပေ ဆောက် လုပ်မှုတွင် အုတ်မြစ်စီ သံကူ ကွန်ကရစ်လောင်းခြင်း လုပ်ငန်း ပြီးစီးမှုနှင့် သံထည်လုပ်ငန်း များ ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် Conference Room တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများ ကာတွန်းရုပ်ရှင်ဖန်တီးမှု သင်တန်း ဖွင့်လှစ်လေ့ကျင့်နေမှုကို ကြည့်ရှု အားပေးခဲ့သည်။
သတင်းစဉ်