လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်   ဇွန်    ၂၃ 

   
ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထား ရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၏   လုပ်ငန်းကော်မတီ တစ်ခုဖြစ်သော လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးနှင့်   အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ပထမအကြိမ်     လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။


ထောက်ပံ့ပေးလျက်ရှိ
အစည်းအဝေးတွင် လူသားချင်းစာနာထောက် ထားမှုအကူအညီပေးရေးနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖော်ဆောင်ရေး    လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က  တိုက်ပွဲ နှင့်လူမှုရေးပဋိပက္ခများတွင် ဒေသတွင်းနေထိုင်သူ များသည် ၎င်းတို့၏ နေရပ်ဒေသ၊ အိုးအိမ်စည်းစိမ် များကိုစွန့်ခွာပြီး ပိုမိုလုံခြုံသည်ဟု ယူဆသည့်နေရာ များသို့ တိမ်းရှောင်ခဲ့ကြပါကြောင်း၊ ဝန်ကြီးဌာန အနေဖြင့် ကယ်ဆယ်ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာ ဖိုးများအပါအဝင် ထောက်ပံ့မှုများ ထောက်ပံ့ပေး လျက်ရှိကြောင်း။


ဖေဖော်ဝါရီလမှ ယနေ့အချိန်အထိ ကချင်ပြည် နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှ နေရပ်ပြန် များအတွက်  ဆန်ရိက္ခာ  တစ်လစာ၊ ပြောင်းရွှေ့စရိတ်၊      ကယ်ဆယ်ရေးပစ္စည်းနှင့်      တာပေါ်လင်စများ  စုစုပေါင်းတန်ဖိုးငွေကျပ်သန်း ၅၀  ကျော်  ထောက်ပံ့ ပေးနိုင်ခဲ့ကြောင်း၊ ထို့အတူ ဖေဖော်ဝါရီလမှ ယနေ့ အချိန်အထိ IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်း များ၌       လက်ရှိနေထိုင်သူများအတွက်လည်း ဆန်ရိက္ခာဖိုးငွေကျပ်သန်း ၂၄၀၀ ကျော် ထောက်ပံ့ ပေးနိုင်ခဲ့ပါကြောင်း၊    ပြန်လည်နေရာချထားမည့် နေရာများတွင် မည်သို့ဆောင်ရွက်ရမည်၊  မည်သို့ ဆောင်ရွက်သင့်သည်ကို ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။


ဆွေးနွေးပြောကြား


ထို့နောက် ဒုတိယဥက္ကဋ္ဌ-၁ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီးနှင့် လုပ်ငန်းကော်မတီ   ဒုတိယဥက္ကဋ္ဌ-၂  တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသော အမြဲတမ်း အတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်များ၊   ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊       တာဝန်ရှိသူများက  လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။                  

 

  သတင်းစဉ်