
နေပြည်တော် ဇွန် ၂၂
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာ-တရုတ်နယ်စပ် နမ့်ဆန်-ကိုးကန့် BP-125 ယာယီဂိတ် ဖွင့်လှစ်ရေး နှင့် ချင်းရွှေဟော်-မုန်တိန်(မိန်းတိန်) နယ်စပ်ဒုတိယဂိတ်သစ်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည် ထောင်စုဝန်ကြီးက မြန်မာ - တရုတ် နှစ်နိုင်ငံအကြား ကုန်သွယ် မှု လုပ်ငန်းအား စဉ်ဆက်မပြတ် ဆက်လက် ဆောင်ရွက်သွားနိုင် ရေးနှင့် နှစ်နိုင်ငံ လူဝင်/ ထွက်နှင့် ယာဉ်ဝင်/ထွက် စစ်ဆေးခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်ရန် အတွက် ရည်ရွယ်၍ ချင်းရွှေဟော်- မုန်တိန် (မိန်းတိန်) ဂိတ်သစ်ကို ဖွင့်လှစ်နိုင်ရေးအပေါ် ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးနိုင်ရန် တိုက်တွန်း လိုပါကြောင်း၊ ချင်းရွှေဟော်-မုန်တိန် (မိန်းတိန်) ဂိတ်သစ် ဖွင့်လှစ်ရေးကိစ္စနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ Focal ဝန်ကြီးဌာနအဖြစ် ဆောင်ရွက်ပြီး နိုင်ငံတော် အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့် အညီ ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း။
မြန်မာ - တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ် ရန်လုံကျိုင်းတံတား ပြုပြင်ဆောင်ရွက်နေစဉ် ကာလ အတွင်း BP-125 အနီး ယခင် စက်မှုဇုန်နေရာကို ယာယီဂိတ် ပေါက်အဖြစ် ဖွင့်လှစ်နိုင်ရေးကို လည်း သက်ဆိုင်ရာဌာနများက လုပ်ထုံးလုပ်နည်းနှင့် အညီ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း၊ နယ်စပ်ဂိတ် ဖွင့်လှစ်ခြင်းဖြင့် မြန်မာနိုင်ငံမှ ပို့ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင် မည်ဖြစ်ပြီး နိုင်ငံတော်အတွက် အကျိုးရှိမည် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများက နယ်နိမိတ်မျဉ်း တိုင်းတာပြီးစီးမှု၊ ယာယီဂိတ်နှင့် ဂိတ်အသစ်ဖွင့်လှစ် ရာတွင် လိုအပ်ချက်များ၊ ယာယီ ဂိတ်အမြန်ဆုံး ဖွင့်လှစ်နိုင်ရေး အတွက် ဆောင်ရွက်သင့်သည့် အချက်များကို ဝိုင်းဝန်းဆွေးနွေး တင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီး က ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ သတင်းစဉ်