
နေပြည်တော် မတ် ၂၆
ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ အစိတ်အပိုင်းအား ပဉ္စမအကြိမ် ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မဟာမင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
အခမ်းအနားသို့ လယ်ဝေးမြို့နယ် သံဃနာယက ဥက္ကဋ္ဌ မြို့ဦးဓမ္မာရုံဆရာတော် ဘဒ္ဒန္တအဂ္ဂစာရ အမှူးပြုသော ဆရာတော်သံဃာတော် အရှင်သူမြတ် များ ကြွရောက်ချီးမြှင့်တော်မူကြပြီး စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့် သန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင်နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး လယ်ဝေးမြို့နယ် သံဃနာယကဆရာတော် အမှူးပြုသော သံဃာတော် အရှင်သူမြတ်တို့က မေတ္တာပို့ဂါထာတော်များကို ရွတ်ဆိုပူဇော်၍ မေတ္တာပြုတော်မူသည်။ ထို့နောက် ဘုရား ဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ် အပေါင်းတို့က အရိယာသာဝိတ္ထီဂါထာ၊ ဘုရား ဂုဏ်တော်ကိုးပါး၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော် ပါဝင် သော ရတနတ္တယပူဇာဂါထာများနှင့် မေတ္တာပို့လင်္ကာ များကို သံပြိုင်ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။
ဆက်လက်ပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီး၏ ဆင်းတုတော် အပိုင်း(၄)ကို လယ်ဝေးမြို့နယ် သံဃနာယက ဆရာတော်က ဦးဆောင်၍ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများ၊ ဘုရားဒါယကာများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဆိုပူဇော် ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိဖဿ မုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ဆင်းတုတော် အပိုင်း(၄)ကို အပူဇော်ခံမည့် နေရာသို့ ဆက်လက်ပင့်ဆောင်တော်မူကြသည်။
ယင်းနောက် ဗုဒ္ဓသာသနံစိရံတိတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ရာ ဝတ်အသင်းများက အရပ်ဆယ်မျက်နှာ မေတ္တာပို့ လင်္ကာများဖြင့် မေတ္တာဘာဝနာပွားများ ပူဇော်ခြင်း နှင့် အမျှပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး အခမ်းအနား အောင်မြင်ပြီးမြောက်ခြင်း အထိမ်း အမှတ်အဖြစ် ရတနာရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုး ခဲ့ကြသည်။
ယနေ့ကြိုဆိုပင့်ဆောင်သည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ ဆင်းတုတော်အပိုင်း (၂)အရန် အလေးချိန် ၅၆၃ တန်နှင့် ဆင်းတုတော်အပိုင်း (၄)အလေးချိန် တန် ၈၀၀ ရှိပြီး အဆိုပါအစိတ်အပိုင်းများအား မတ်လ ၂၀ ရက်နေ့တွင် ဆီမီးခုံဆိပ်ကမ်းမှ Modular Trailer များဖြင့် ပင့်ဆောင်ခဲ့ကာ နေပြည်တော်ကောင်စီ နယ်မြေ မင်္ဂလာနေရာသို့ မတ် ၂၅ ရက်တွင် ရောက်ရှိ ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်