
ရန်ကုန် ဩဂုတ် ၂၉
မြန်မာ ယူ-၂၃ အသင်းသည် စက်တင်ဘာလတွင် ယှဉ်ပြိုင်ရမည့် ၂၀၂၄ အာရှဖလား ယူ-၂၃ ခြေစစ်ပွဲအတွက် ပဏာမကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။
အာရှဖလား ယူ-၂၃ ခြေစစ်ပွဲကို စက်တင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်း သည် တောင်ကိုရီးယားနိုင်ငံ၌ ကျင်းပမည့် အုပ်စု(ခ)တွင် တောင် ကိုရီးယား၊ ကာတာ၊ကာဂျစ္စတန် အသင်းတို့နှင့် ကျရောက်နေသည်။ မြန်မာအသင်းသည် အုပ်စုပွဲများ အဖြစ် စက်တင်ဘာ ၆ ရက်တွင် ကာဂျစ္စတန်အသင်း၊ စက်တင်ဘာ ၉ ရက်တွင် ကာတာအသင်း၊ စက်တင်ဘာ ၁၂ ရက်တွင် တောင် ကိုရီးယားအသင်းတို့နှင့် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ကာတာ အသင်းသည် ၂၀၂၄ အာရှဖလား ယူ-၂၃ ပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ်များကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်ဖြစ်ရာ ခြေစစ်ပွဲ အောင်မြင်ပြီး ဖြစ်သောကြောင့် ယင်းအသင်းနှင့် ရလဒ်များကို ထည့် သွင်းတွက်ချက်မည် မဟုတ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၃ အသင်း သည် ၂၀၂၃ အာဆီယံ ယူ-၂၃ ပြိုင်ပွဲ အပြီး သြဂုတ် ၂၃ ရက်ကတည်း က ပြန်လည်ပြင်ဆင်နေခြင်းဖြစ် ပြီး ဦးအောင်နိုင်က ယာယီနည်းပြ ချုပ်အဖြစ် ကိုင်တွယ်လျက်ရှိ သည်။ ဂျာမနီနိုင်ငံသား နည်းပြချုပ် ဖိုက်အွန်ဘိုင်နာသည် မြန်မာ့ လက်ရွေးစင်အသင်းနှင့် ယူ-၂၃ အသင်းကို ပူးတွဲတာဝန်ယူထားရ ပြီး မြန်မာ့လက်ရွေးစင်အသင်းသည် စက်တင်ဘာ ၈၊ ၁၁ ရက်တွင် နီပေါ လက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ကစားရန်ရှိသဖြင့် ၎င်းအနေဖြင့် လက်ရွေးစင်အသင်းကို ကိုင်တွယ် မည်ဖြစ်ပြီး မြန်မာ ယူ-၁၉ လူငယ် လက်ရွေးစင်အသင်း နည်းပြချုပ် ဦးအောင်နိုင်က အာရှဖလား ယူ-၂၃ ခြေစစ်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်းကို ယာယီကိုင်တွယ်သွား မည်ဖြစ်သည်။
မြန်မာ ယူ-၂၃ အသင်းသည် ပဏာမကစားသမား ၂၇ ဦးဖြင့် စတင်လေ့ကျင့်ခဲ့သော်လည်း နှစ်ဦး ပြန်လည်လျှော့ချခဲ့သဖြင့် ၂၅ ဦးသာ ကျန်ရှိတော့ကြောင်း သိရသည်။ မြန်မာ ယူ-၂၃ အသင်းသည် ယခု လကုန်ပိုင်းတွင် ပြည်တွင်းခြေစမ်းပွဲ တစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ယင်းပွဲအပြီးတွင် အပြီးသတ်လူရွေး ချယ်မည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် အာဆီယံ ယူ-၂၃ ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းကို အခြေခံ ဖွဲ့စည်းထားခြင်းဖြစ်သည်။ မြန်မာ အသင်းသည် ပြီးစီးခဲ့သည့် အာဆီယံ ယူ-၂၃ ပြိုင်ပွဲတွင် ရလဒ်မကောင်းဘဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF