
နေပြည်တော် ဩဂုတ် ၂၉
ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၁၀) ကြိမ်မြောက်အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဗဟို လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဗဟိုလယ်ယာမြေစီမံခန့်ခွဲ မှုအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က နိုင်ငံတော်အကျိုးငှာဖြစ်စေ၊ အများပြည်သူအကျိုးငှာ ဖြစ်စေ သိမ်းယူခဲ့သော လယ်ယာမြေများအား လယ်ယာ မြေလုပ်ပိုင်ခွင့်ရရှိသူများ နစ်နာမှုမရှိစေရေး တည်ဆဲ လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ နစ်နာ ကြေး လျော်ကြေးများ အချိန်မီပေးလျော်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် သက်ဆိုင်ရာလုပ်ငန်းအလိုက် အသုံးပြု သည့်မြေကို မြေအမည်ပေါက်ပိုင်ဆိုင်ရေးလုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်ထားရန် အရေးကြီးကြောင်း၊ လယ်မြေကို စပါးသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် အချို့သောနေရာဒေသများ၌ ဒေသရေမြေရာသီဥတု နှင့်ကိုက်ညီပြီး ဝင်ငွေပိုမိုရရှိနိုင်မည့် သီးနှံ Cash Crop ပြောင်းလဲစိုက်ပျိုးခွင့် တင်ပြလာမှုများအပေါ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် လယ်ယာ မြေဥပဒေ ပုဒ်မ၂၈ ပုဒ်မခွဲ(က)အရ သတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီး ဒေသအတွင်း ဆန်စပါးဖူလုံမှုနှင့် ပတ်ဝန်းကျင်လယ်ယာမြေများကို ထိခိုက်နိုင်မှုမရှိပါက တောင်သူများအတွက် ဒေသနှင့် ကိုက်ညီပြီး ဝင်ငွေပိုမိုရရှိနိုင်သော သီးနှံ Cash Crop ကို ပြောင်းလဲစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း။
အခြားတစ်ဖက်တွင်လည်း လယ်ယာမြေများ တိုးချဲ့အသုံးပြုနိုင်ရန် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း များစီမံခန့်ခွဲရေးကော်မတီများက စိုက်ပျိုးလုပ်ကိုင် ခွင့်ပြုခဲ့သောမြေများတွင် လုပ်ပိုင်ခွင့်ရဧရိယာ အားလုံးကို စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ဖော်ထုတ်လုပ်ကိုင်ပြီးစီးခြင်း၊ သီးနှံပင်များ စိုက်ပျိုး ဖြစ်ထွန်းမှုရှိပြီး ဆွတ်ခူးနိုင်ရန် အရွယ်ရောက်ရှိနေ ခြင်း၊ အနာဂတ်တွင် လယ်ယာမြေအဖြစ် ဆက်လက် တည်တံ့သွားရန် အခြေအနေရှိခြင်း၊ လယ်ယာမြေ အဖြစ် ဆက်လက်တည်တံ့သွားခြင်းဖြင့် နိုင်ငံတော် နှင့် ပြည်သူလူထုအကျိုးစီးပွားအတွက် ပိုမိုဖော် ဆောင်ပေးနိုင်ခြင်း စသည့်အချက်များနှင့် ညီညွတ် ပြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းကို အရင်းအနှီး ကုန်ကျခံ၍ စိုက်ပျိုးလုပ်ကိုင်သူက လယ်ယာမြေ အဖြစ် ပြောင်းလဲသတ်မှတ်ပေးရန် ဥပဒေနှင့်အညီ လျှောက်ထားလာမှုများအပေါ် လယ်ယာမြေဥပဒေပါ အခွင့်အရေးများ ခံစားနိုင်ရေးနှင့် လယ်ယာမြေများ ဥပဒေနှင့်အညီ တိုးချဲ့နိုင်ရေး ဆောင်ရွက်ပေးရန် လိုကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦး က ဆွေးနွေးဆောင်ရွက်ရမည့် လုပ်ငန်းစာတွဲများအား ဖတ်ကြားတင်ပြရာ တက်ရောက်လာကြသူများက သုံးသပ်ဆွေးနွေးဆောင်ရွက်ကြသည်။
ယနေ့ကျင်းပသည့် ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့၏ (၁၀) ကြိမ်မြောက် အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့်ရရှိထားပြီး စိုက်ပျိုးလုပ်ကိုင်မှုတည်ငြိမ်နေသည့် မြေများအား လယ်ယာမြေဥပဒေ ပုဒ်မ ၃၄ နှင့် လယ်ယာမြေ နည်းဥပဒေ ၃၅၊ ၃၆ တို့အရ လယ်ယာမြေအဖြစ် သတ်မှတ်ပေးရန် လျှောက်ထားလာသည့် လုပ်ငန်း ရပ်များ၊ လယ်ယာမြေတွင် MSME လုပ်ငန်းနှင့် သက်ဆိုင်သောကိစ္စရပ်များ ဆောင်ရွက်ရန် အခြား နည်းအသုံးပြုခွင့် တင်ပြလာသောကိစ္စရပ်များ အပါ အဝင် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့်နှင့် စပ်လျဉ်း၍ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့် က လယ်ယာမြေ ဥပဒေ၊ နည်းဥပဒေပါ ပြဋ္ဌာန်းချက် များအရ တင်ပြလာသော စာတွဲများအပေါ် ဆွေးနွေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်