
နေပြည်တော် သြဂုတ် ၂၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ဩဂုတ် ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးအဆင့်ရှိသူများနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားကြသည်။
(ယမန်နေ့မှအဆက်)
ဆက်လက်၍ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က မိမိတို့ဝန်ကြီးဌာန အနေဖြင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ Foreign Exchange Supervisory Committee (FESC)ကို အတွင်းရေးမှူးရုံးအနေဖြင့် ဆောင်ရွက်နေသည့် ဝန်ကြီးဌာနဖြစ်ကြောင်း၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ (FESC) ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၂၈/၂၀၂၂ နှင့်အတူ ၂၀၂၂ ခုနှစ် ဧပြီ ၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေကို ထိရောက်စွာအသုံးပြုနိုင်ရေးအတွက်၊ လိုအပ်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အတွက် ရည်ရွယ်၍ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ဈေးကွက်(Market) မပြည့်ဝသည့်အခါ အစိုးရအနေဖြင့် မူဝါဒအရဆောင်ရွက်ရသည့် အခြေအနေမျိုးဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြု
FESC ၏ အဓိကလုပ်ငန်းတာဝန်များမှာ နိုင်ငံအတွင်းရှိ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများမှ လိုအပ်နေသည့် စက်ပစ္စည်းယန္တရားများ၊ ကုန်ထုတ်လုပ်မှုအတွက် လိုအပ်သည့်အသုံး အဆောင်၊ ကုန်ကြမ်းပစ္စည်း အစရှိသည်တို့ကို တင်သွင်းရာတွင် လိုအပ်သည့်နိုင်ငံခြားသုံးငွေ စိစစ်ခွင့်ပြုခြင်းများ၊ ပြည်သူများအတွက် အဓိကမရှိမဖြစ်လိုအပ်သည့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး၊ ဓာတ်မြေ ဩဇာ အစရှိသဖြင့် ပိုးသတ်ဆေးအပါအဝင် တည်ဆောက်ရေးလုပ်ငန်း များအတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းများကို ဝယ်ယူ တင်သွင်းသည့်အခါ နိုင်ငံခြားသုံးငွေစိစစ်ခွင့်ပြုခြင်း၊ လူမှုရေးနှင့် ပတ်သက်၍ ပြည်ပကို ကျန်းမာရေး၊ ပညာရေးကိစ္စနှင့် သွားသည့်အချိန် များတွင်လည်း အတတ်နိုင်ဆုံးလဲလှယ်ပေးသည့် အနေအထားနှင့် အတူ နိုင်ငံခြားသုံးငွေကို စိစစ်ခွင့်ပြုခြင်းများရှိကြောင်း ပြောကြား သည်။
အကျဉ်းချုပ်တင်ပြရလျှင် FESC အနေဖြင့် နိုင်ငံတော်နှင့် ပြည်သူ များအတွက် မရှိမဖြစ် အရေးတကြီးလိုအပ်သည့် ကုန်စည်များကို မပြတ်လပ်စေရန်၊ (မရှိမဖြစ်ဆိုသည့်ကုန်ပစ္စည်းကို မိမိရည်ညွှန်းခြင်း ဖြစ်ကြောင်း)ဆိုလိုသည်မှာ Necessity ဖြစ်ကြောင်း၊ Luxury မဟုတ် ကြောင်း၊ ထို့ကြောင့် မရှိမဖြစ် အဓိကကုန်စည်များ တင်သွင်းနိုင်ရေးကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်ပေးလျက်ရှိသည်ဟု ပြောလို ကြောင်း၊ ဥပမာအနေဖြင့် တင်ပြရလျှင် မိသားစုတစ်စုတွင် မိခင် တစ်ယောက်က အကန့်အသတ်နှင့်ရှိနေသည့် မိသားစုဝင်ငွေကို မိသားစုတစ်စုလုံးအတွက် တစ်လလုံးလောက်အောင် ခွဲဝေပြီး သုံးစွဲ ရသည့် အနေအထားကဲ့သို့ဖြစ်ကြောင်း၊ ထိုသို့ စီမံခန့်ခွဲသည့်အတိုင်း နိုင်ငံတစ်ခုတွင် အကန့်အသတ်နှင့် ရှိနေသည့် ရသုံးကို စီမံခန့်ခွဲရသကဲ့ သို့ FE အဝင်အထွက်ကိုလည်း စီမံခန့်ခွဲရသည့် သဘောတရား ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) အနေဖြင့် ကော်မတီ စတင်ဖွဲ့စည်းသည့် ၄-၄-၂၀၂၂ ရက်နေ့မှစ၍ ပို့ကုန်တင်ပို့သူများ သည် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေ ၁၀၀ ရာခိုင်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာအမှတ် ၁၂/၂၀၂၂ သတ်မှတ်ချက်များနှင့်အညီ မြန်မာကျပ်ငွေနှင့်လဲလှယ်ပြီး ဆောင်ရွက် ခဲ့ကြောင်း၊ ထို့နောက် ၁၆-၈-၂၀၂၂ ရက်တွင် ပို့ကုန်တင်ပို့ခြင်းမှ ရရှိ သည့် ပို့ကုန်ရငွေ ပမာဏ၏ ၃၅ ရာခိုင်နှုန်းကို မိမိတို့အတွက် သုံးစွဲ နိုင်ပြီး AD လိုင်စင်ရဘဏ်မဟုတ်သော အခြားသူများထံသို့ လွှဲပြောင်း ခြင်း၊ AD လိုင်စင်ရဘဏ်များသို့ ရောင်းချခြင်းတို့ကို ဆောင်ရွက် နိုင်ပြီး ကျန်သည့် ၆၅ ရာခိုင်နှုန်းကို မြန်မာကျပ်ငွေနှင့် လဲလှယ်ရန် ဆောင်ရွက်ခဲ့ကြောင်း၊ ၆၅၊ ၃၅ ရာခိုင်နှုန်းနှင့် ဆက်လက်ပြီး ဆောင်ရွက်ခဲ့သည်ကို အားလုံးလည်း သိရှိပြီးဖြစ်ကြောင်း၊ FESC ဖွဲ့ စည်းပြီး ၄ လအကြာ ဩဂုတ်လပိုင်း၌ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၁၃-၇-၂၀၂၃ ရက်နေ့တွင် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ငွေ ပမာဏကို ၅၀၊ ၅၀ ရာခိုင်နှုန်းသတ်မှတ်ပြီး ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းကို ကြည့်ခြင်းအားဖြင့် FESC ၏မူဝါဒသည် တဖြည်းဖြည်းနှင့် ဖြေလျှော့မှုရှိလာသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံခြားငွေရရှိနိုင်မှုများပြားလာလေလေ ပြည်သူများအတွက် ပို၍ ဖြေလျှော့ပြီး ဆောင်ရွက်ပေးသည့် အနေအထားကို တွေ့ရှိရမည် ဖြစ်ကြောင်း ပြောကြားသည်။
မရှိမဖြစ်လိုအပ်သည့် အခြေခံလိုအပ်ချက်
နိုင်ငံတော်အနေဖြင့် ပို့ကုန်၏ရငွေ ၅၀ ရာခိုင်နှုန်းကို မြန်မာ ကျပ်ငွေဖြင့် လဲလှယ်လိုက်သည့်နေရာတွင် နိုင်ငံတော်နှင့် ပြည်သူ များအတွက် အဓိကမရှိမဖြစ်လိုအပ်သည့် အခြေခံလိုအပ်ချက်မှာ စက်သုံးဆီနှင့် စားသုံးဆီဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် စားသုံးဆီ လုံလောက်မှုမရှိခြင်းကြောင့် ပြည်ပမှတင်သွင်းရကြောင်း၊ ထို့ကြောင့် အဓိကလိုအပ်ချက်ဖြစ်သည့် စက်သုံးဆီနှင့် စားသုံးဆီအတွက် မိမိတို့ FESC မှ စီမံခန့်ခွဲပြီး ၅၀/၅၀ ရာခိုင်နှုန်းဖြင့်ပေး၍ နိုင်ငံတော်၏ ပံ့ပိုးထားသည့် လဲလှယ်နှုန်းနှင့်ပံ့ပိုးပြီး တင်သွင်းဆောင်ရွက်လျက် ရှိကြောင်း၊ နောက်ထပ်တစ်ခုအနေဖြင့် ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သည့် ဆေး၊ ဆေးကိရိယာများနှင့်ဆိုင်သည့် ပစ္စည်းများ၊ ထုတ်လုပ်မှုကဏ္ဍများတွင် မရှိမဖြစ်လိုအပ်သည့် ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မျိုးစေ့၊ စိုက်ပျိုးရေးနှင့်ပတ်သက်သည့် စက်ကိရိယာ ကုန်ကြမ်းများ၊ ပြည်သူများအတွက် လိုအပ်သည့် ဆေးနှင့်ဆေးပစ္စည်း များ၊ ကလေးနို့ မှုန့်အပါအဝင် စသည့်ကိစ္စရပ်များမှာ ဦးစားပေးစိစစ် ခွင့်ပြုပေးလျက်ရှိကြောင်း ပြောကြားသည်။
ထိုသို့ဆောင်ရွက်သည့်အခါ နိုင်ငံတော်၏ ပံ့ပိုးထောက်ပံ့မှုများ ကြောင့် စက်သုံးဆီတစ်လီတာ၏ ဈေးနှုန်းကို အာဆီယံနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံ၌ တစ်လီတာကို အမေရိကန်ဒေါ်လာ ၁.၀၇ ဒေါ်လာရှိကြောင်း၊ အာဆီယံ နှင့် အခြားသော အိမ်နီးချင်းနိုင်ငံများကို ၁၈-၈-၂၀၂၃ ရက်၏ ဈေးနှုန်း အရ ကြည့်မည်ဆိုလျှင် တစ်လီတာကို လာအို၌ ၁.၅၈ ဒေါ်လာရှိ ကြောင်း၊ ထိုင်း၌ ၁.၃၈၊ ကမ္ဘောဒီးယား၌ ၁.၂၅၊ ဖိလစ်ပိုင်၌ ၁.၂၅၊ စင်ကာပူ၌ ၂.၁၅၊ အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်၌ ၁.၁၊ အိန္ဒိယ၌ ၁.၂၈၊ ဘင်္ဂလားဒေ့ရှ်၌ ၁.၂ ဒေါ်လာရှိကြောင်း၊ အရှေ့အာရှနိုင်ငံများ ဖြစ်သည့် ဂျပန်၌ ၁.၂၃၊ တောင်ကိုရီးယားဆိုလျှင် ၁.၂၆ ဒေါ်လာ အစရှိသဖြင့် စက်သုံးဆီ၏ ဈေးနှုန်းများကို တွေ့ရှိနိုင်မည်ဖြစ်ကြောင်း၊ ထိုအကြောင်းအရာများကို US ဒေါ်လာနှင့် နှိုင်းယှဉ်ပြီး ပြောသွား ခြင်းဖြစ်ကြောင်း၊ မြန်မာကျပ်ငွေအနေဖြင့် ပြောရမည်ဆိုလျှင် တရုတ် နိုင်ငံ၌ ဓာတ်ဆီတစ်လီတာကို ၁၅၁၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၂၉၄ ကျပ် ပိုမိုများပြားခဲ့ကြောင်း၊ လာအိုနိုင်ငံ၌ ဓာတ်ဆီတစ်လီတာကို ၂၉၄၃ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၀၂၂ ကျပ် ပိုပြီးများပြားသည်ကို တွေ့ရှိရမှာဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၌ ဓာတ်ဆီတစ်လီတာကို ၂၅၆၉ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၂၈၀ ကျပ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဓာတ်ဆီ တစ်လီတာကို ၁၈၅၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၁၂၄ ကျပ်၊ အိန္ဒိယ နိုင်ငံ၌ ဓာတ်ဆီတစ်လီတာကို ၂၁၉၅ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၆၀၀ ကျပ် ပိုပြီးများခဲ့သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း ပြောကြား သည်။
အစိုးရက ပံ့ပိုးမှုများ
ထိုသို့ စက်သုံးဆီနှင့်ပတ်သက်ပြီး အစိုးရက ပံ့ပိုးမှုများရှိသကဲ့သို့ စားသုံးဆီနှင့်ပတ်သက်၍လည်း ပံ့ပိုးမှုများရှိကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်မှုများကြောင့် သက်ဆိုင်ရာဒေသတွင်း၌ စားသုံးဆီဖြစ်စေ စက်သုံးဆီဖြစ်စေ တစ်လီတာဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် ပိုမိုနည်းပါးသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ သို့သော် ဒေသ တွင်း၌ ဆီထွက်သည့် နိုင်ငံများဖြစ်သည့် ဥပမာ အင်ဒိုနီးရှား၊ မလေး ရှားတို့သည် စားအုန်းဆီထွက်သည့် နိုင်ငံများဖြစ်သည့်အတွက် မိမိတို့ နိုင်ငံကလည်း ဝယ်ယူစားသုံးနေသည့် နိုင်ငံဖြစ်သောကြောင့် ထိုနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် မိမိတို့နိုင်ငံမှာ ဈေးပိုများသည်ကို တွေ့ရှိရ ကြောင်း၊ ထို့ကြောင့် စားအုန်းဆီပေါက်ဈေးမှာ အစိုးရက ပံ့ပိုးသည့် ရာခိုင်နှုန်းများနှင့် လဲလှယ်နေရကြောင်း၊ ယနေ့ စားအုန်းဆီပေါက်ဈေး ကိုကြည့်မည်ဆိုလျှင် ရည်ညွှန်းဈေးမှာ ၄၀၆၅ ကျပ် ဖြစ်ကြောင်း၊ ကုမ္ပဏီလက်ကားဈေးမှာ ၈၀၀၀ ကျပ် ဖြစ်ကြောင်း၊ ဘုရင့်နောင် လက်ကားဈေးမှာ ၉၀၀၀ ကျပ် ဖြစ်ကြောင်း၊ လက်လီဈေးက ၁၀၀၀၀ ကျပ် ပေါက်နေကြောင်း၊ ထို့ကြောင့် စက်သုံးဆီ၊ စားသုံးဆီများကို နိုင်ငံတော်က ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ဈေးများနှင့် ပေးထားခြင်း ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေးစရိတ်များ၊ ထုတ်လုပ်မှုကုန်ကျ စရိတ်များ တက်လာသည့်အတွက် ဈေးတက်ပြီး ရောင်းသည့်အခါ မိမိတို့ FESC က နိုင်ငံတော်၏ စေတနာနှင့် ပံ့ပိုးပေးထားသည့် ဆောင်ရွက်မှုများသည် အရာမထင်သည့် ပုံစံမျိုးဖြစ်နေကြောင်း ပြောကြားသည်။
သာမန်အားဖြင့် စဉ်းစားကြည့်မည်ဆိုလျှင် စီးပွားရေးလုပ်ငန်းများ သည် အမြတ်ဆိုသည်ကို ရလိုကြမည်ဖြစ်ကြောင်း၊ သို့သော်လည်း ရသင့်ရထိုက်သည့်အမြတ်ကို ၁၀ ရာခိုင်နှုန်းထားမည်လား၊ ၂၀ ရာခိုင် နှုန်း ထားမည်လား၊ ၂၅ ရာခိုင်နှုန်း ထားမည်လား စသဖြင့် သတ်မှတ် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့သော် နှစ်ဆမြတ်လိုနေသည့် အနေအထားသည် မဖြစ်သင့်သည့်အနေအထားဖြစ်သည်ကို သုံးသပ် တွေ့ရှိရကြောင်း၊ ကမ္ဘာ့ဈေးနှုန်းကျသွားသည့်အချိန်တွင် လိုက်ပြီး ဈေးချပေးရမည့်သဘောဖြစ်ကြောင်း၊ တစ်ခါတလေတွင် စက်သုံးဆီ ဖြစ်စေ စားအုန်းဆီဖြစ်စေ၊ ရွှေဈေးဖြစ်စေ ကမ္ဘာ့ဈေးနှုန်းများက ကျနေသော်လည်း မြန်မာပြည်ထဲ၌ မကျသေးကြောင်း၊ အစရှိသဖြင့် ထိုအနေအထားများကို လေ့လာတွေ့ရှိရကြောင်း၊ စီးပွားရေးလုပ်ငန်း များအနေဖြင့် အမြတ်ကို လွန်ကဲစွာဦးစားပေးလွန်းသည့် လုပ်ငန်းရှင် များမဖြစ်ရန်၊ သမာသမတ်ကျပြီး စီးပွားရေးကျင့်ဝတ်ကို လိုက်နာသည့် စီးပွားရေးအသိုက်အဝန်းများဖြစ်ရန် လိုအပ်လျက်ရှိကြောင်း ပြော ကြားသည်။
နိုင်ငံတော်အနေဖြင့် တင်ပို့နေသည့်ပို့ကုန်များကို တိုးမြှင့်ရန် အရေးကိစ္စသည် Export Promotion ဖြစ်ကြောင်း၊ တင်သွင်းပြီး စားသုံးနေသည့် သွင်းကုန်များမှ မည်သည့်သွင်းကုန်အမျိုးအစား များကို ပြည်တွင်း၌ ထုတ်လုပ်နိုင်မလဲဆိုသည်မှာ Import Substi-tution ဖြစ်ကြောင်း၊ Export Promotion နှင့် Import Substitution ဖြစ်သည့် ပို့ကုန်တိုးမြှင့်ခြင်းနှင့် သွင်းကုန်ကိုအစားထိုးပြီး ထုတ်လုပ်မှုများကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေသည့်အချိန် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရန် အဓိက အားဖြင့် ပြည်တွင်းထုတ်လုပ်မှု (Domestic Production) သည် အရေးပါကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ကုန်ထုတ်လုပ် မှုကို အားပေးလျက်ရှိပြီး နိုင်ငံတော်၏ စုစုပေါင်း ကုန်ထုတ်လုပ်မှုကို တိုးတက်စေရန်အတွက် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လမ်းညွှန် ဦးဆောင်ပြီး ဆောင်ရွက်နေခြင်းသည် သွင်းအားစုများကို ပြတ်လပ်မှု မရှိရန် စီမံချက်များချမှတ်၍ ဆောင်ရွက်သကဲ့သို့ စီးပွားရေး ဦးတည်ချက်သုံးရပ်တွင်လည်း အတိအကျဖော်ပြထားကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် FESC ၏ဆောင်ရွက်မှုများသည် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးဦးတည်ချက်များနှင့် မည်သို့ချိတ်ဆက်ပြီး ဆောင်ရွက်နေသည်ကို အနည်းငယ်ရှင်းပြလိုကြောင်း ပြောကြား သည်။
ပြည်တွင်းအင်အားသည် ပြည်တွင်း၌ရှိသည်
ပြည်တွင်းအင်အားသည် ပြည်တွင်း၌ ရှိသည်ဆိုသကဲ့သို့ ပြည်တွင်း ထုတ်လုပ်မှုများကို အားကိုးကြရမည်ဖြစ်ကြောင်း၊ တစ်နည်းအားဖြင့် ပြည်တွင်းထုတ်လုပ်နိုင်စွမ်းကို ပိုပြီးတိုးတက်ရန် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စီးပွားရေးဦးတည်ချက်၌ ဖော်ပြထားသည့်အတိုင်း စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက်ခြင်းသည် မိမိတို့နိုင်ငံ၏ စားရေ ရိက္ခာလုံခြုံရေးကိုသာမက စိုက်ပျိုးရေးထုတ်ကုန်များကို တင်ပို့ ရောင်းချနိုင်ခြင်းဖြင့် ဒေသအတွင်းနှင့် ကမ္ဘာ့စားရေရိက္ခာဖူလုံမှုကိုပါ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး စသည့် အခြေခံကျသည့် ထုတ်လုပ်မှုများကို မျိုး၊ မြေ၊ ရေ၊ နည်းပညာစသည် ဖြင့် တိုးချဲ့ပြီးစိုက်ပျိုးရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွက် မိတ်ဖက် နိုင်ငံများဆီထံမှ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို စွမ်းဆောင်ရုံမကဘဲ ပြည်တွင်းရင်းနှီးမြှုပ်နှံမှု၊ တစ်နည်းပြောရလျှင် Myanmar Citizen Investment မြန်မာနိုင်ငံသားများ၏ ရင်းနှီးမြှုပ်နှံမှုများကို တိုးချဲ့၍ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုနှင့်အတူ ပူးပေါင်းပြီး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ စီးပွားရေးဦးတည်ချက် ဒုတိယအချက်၌ ဖော်ပြထား သကဲ့သို့ “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေး” ဆိုပြီး ချမှတ်ထားသည့်အတွက်၊ စုစုပေါင်း တိုင်းပြည်ထုတ်ကုန် GDP တိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ဆင့်တက်လုပ်ငန်းများအပါအဝင် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)များ၏ ဖွံ့ဖြိုးမှုလုပ်ငန်း များ၌ မူတည်နေကြောင်း၊ မြန်မာတစ်နိုင်ငံလုံး၌ ရှိနေသည့် စီးပွားရေး လုပ်ငန်းများ၏ ၉၅ ရာခိုင်နှုန်းကျော်သည် MSME စီးပွားရေးလုပ်ငန်း များဖြစ်နေသည့်အတွက် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုသည် တိုင်းပြည် ၏ စီးပွားရေးတိုးတက်မှု၊ တည်ငြိမ်မှုနှင့် ပို့ကုန်တင်ပို့နိုင်မှုတို့နှင့် တိုက်ရိုက်အချိုးကျဆက်စပ်လျက်ရှိကြောင်း၊ ထည့်သွင်းပြောကြား လိုသည်မှာ MSME လုပ်ငန်းများအနေဖြင့် အစိုးရ၏မူဝါဒ၊ အားပေး ကူညီမှုများအပြင် စီးပွားရေးလုပ်ငန်းများ၏ တိုးတက်ကြီးပွားလိုစိတ် (Own Political Will) ကိုယ်တိုင်ကလည်း မိမိလုပ်ငန်းကို တိုးတက် လိုပြီး “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဖြစ်ရန် အလွန်အရေးကြီးကြောင်း၊ နောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများသည် (Grown Up) ကြီးထွား လာပြီး ထုတ်ကုန်အရည်အသွေးများကို တိုးမြှင့်ခြင်း၊ ဈေးကွက်ရှာဖွေ ခြင်း၊ ထုပ်ပိုးမှုဒီဇိုင်းများ၊ ဒစ်ဂျစ်တယ်စီးပွားရေးစနစ်များတွင် ပါဝင် ဆောင်ရွက်ခြင်းများကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။
နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများကို မှာကြားရာတွင် “ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် MSME စီးပွားရေးလုပ်ငန်း များကို အားပေးမြှင့်တင်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းရှိ လိုအပ်သောအခြေခံစားသောက်ကုန်ပစ္စည်းများကို ပြည်တွင်း၌ အလုံအလောက် ထုတ်လုပ်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် ချည်မျှင်နှင့်အထည် အလိပ်များ၊ နို့နှင့်နို့ထွက်ပစ္စည်းများ၊ ရော်ဘာအခြေခံထုတ်ကုန်ပစ္စည်း လိုအပ်ချက်များကို နှစ်စဉ်ပြည်ပမှ တင်သွင်းနေရကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ နွားမွေးမြူရေး၊ ဝါနှင့်ရော်ဘာ စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်ပြီး ပြည်ပသို့ ကုန်ကြမ်း (Raw Material) တင်ပို့ခြင်းထက် ပြည်တွင်း၌ တန်ဖိုးမြှင့်ထုတ်ကုန်များ (Value Added) တင်ပို့ထုတ်လုပ်နိုင်မည်ဆိုပါက သွင်းကုန်ပမာဏကို လျှော့ချ နိုင်မည်ဖြစ်သကဲ့သို့ ပိုလျှံသည်များကို ပြည်ပသို့ တင်ပို့နိုင်မည် ဖြစ်ကြောင်း၊ ပြည်ပသွင်းကုန်များကို အတတ်နိုင်ဆုံး လျှော့ချနိုင်မည် ဆိုလျှင် FESC အနေဖြင့် နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချနိုင်မည် ဖြစ်ကြောင်း၊ ပြည်တွင်းထုတ်လုပ်မှုကို အားပေးနိုင်မည် ဖြစ်သကဲ့သို့ အလုပ်အကိုင်အခွင့်အလမ်းများကိုလည်း များစွာဖော်ဆောင်ပေး နိုင်မည်ဖြစ်သောကြောင့် အောင်မြင်အောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း” မှာကြားခဲ့ကြောင်း၊ ရော်ဘာထုတ်လုပ်မှုနှင့်ပတ်သက်၍ ရော်ဘာများဆိုလျှင် တင်သွင်းသည့် ကုန်ပစ္စည်းများတွင် ကားတာယာ အစရှိသည်များပါဝင်ကြောင်း၊ ကားတာယာကြီးများကို မထုတ်လုပ်နိုင် သေးဘူးဆိုလျှင် ပြည်တွင်း၌ မော်တော်ဆိုင်ကယ်၊ စက်ဘီး၊ သုံးဘီး တာယာအစရှိသဖြင့် ထုတ်လုပ်၍ အစားထိုးသွင်းကုန်အနေဖြင့် ထုတ်လုပ်နိုင်ခြင်းအားဖြင့် Import Substitution သွင်းကုန်သွင်းရ မည့် ပမာဏများ နည်းသွားမည်ဖြစ်ကြောင်း၊ MSME ၏ ထုတ်ကုန်များ လည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း များလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ ကျေးလက်နှင့်မြို့ပြ၏ လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းနိုင်မည်ဖြစ်သောကြောင့် ပြည်တွင်းထွက် ကုန်ကြမ်းများနှင့် MSME များ၏ ဖွံ့ဖြိုးမှုကြားကို ချိတ်ဆက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း ပြောကြားသည်။
ပြည်တွင်းစားသုံးဆီဖူလုံရေး
ထို့အတူ စီးပွားရေးဦးတည်ချက်၏ တတိယအချက်တွင် “ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်၍ ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိစေရန် ဆောင်ရွက်ပြီး နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည် အထိ ကြိုးပမ်းဆောင်ရွက်ရေး”ဟူ၍ ချမှတ်ထားကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲအနေဖြင့် ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာများကို ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ရန်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆီထွက်သီးနှံစိုက်ပျိုးမှု လျာထား ချက်ဧကကို ပြည့်မီအောင် ဆောင်ရွက်နိုင်စေရေးနှင့် အထွက်နှုန်း ပြည့်မီရေးများကို ကြိုးစားဆောင်ရွက်ရန်” မှာကြားခဲ့ကြောင်း၊ စိုက်ပျိုး ရေးတွင် Extensively နှင့် Intensively ဆိုပြီး ဧကတိုးချဲ့ စိုက်ပျိုး ခြင်းသည် Extensive ဖြစ်ကြောင်း၊ စိုက်ပျိုးဧကများတွင် သီးထပ် သီးညှပ်နှင့်အတူ မနားဘဲစိုက်ပျိုးသည့် အနေအထားများသည်လည်း အထွက်နှုန်းများကို တိုးတက်စေမည်ဖြစ်ကြောင်း၊ နည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ရေရရှိမှုများကို ပေါင်းစပ်လျှင် စားသုံးဆီ ဖူလုံမှုကို ပို၍အကျိုးရှိစေမည်ဖြစ်ကြောင်း၊ ဥပမာအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇွန်၊ ဇူလိုင်လခန့်က ဖြစ်မည်ထင်ကြောင်း၊ မိမိတို့နိုင်ငံတွင် အထူးသဖြင့် ရုရှား - ယူကရိန်း ပဋိပက္ခကြောင့် အင်ဒိုနီးရှားနိုင်ငံသို့ စားသုံးဆီများတင်သွင်းရသည့်အခါတွင် ၎င်းတို့သည် စားအုန်းဆီ ထုတ်လုပ်သော်လည်း ကိုယ်တိုင်မစားသုံးကြောင်း၊ ၎င်းတို့သည် ယူကရိန်းဘက်မှ နေကြာဆီကို တင်သွင်းစားသုံးကြကြောင်း၊ ၎င်းတို့ ထုတ်သည့် စားအုန်းဆီများကို မိမိတို့နိုင်ငံသို့ ရောင်းချကြောင်း၊ အဆိုပါ နိုင်ငံရေးပဋိပက္ခများကြောင့် ၎င်းတို့အနေဖြင့် တင်သွင်းမှု ခက်ခဲသောကြောင့် စားအုန်းဆီတင်ပို့မှုကို ရပ်လိုက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံတွင် စားအုန်းဆီဈေးနှုန်းများ ဈေးတက်ရခြင်း ဖြစ်ကြောင်း၊ မိမိဆိုလိုသည်မှာ ပြည်တွင်းထုတ်လုပ်မှုကို အောင်မြင် သေချာအောင်ထုတ်လုပ်မှသာလျှင် အခြားနိုင်ငံများကို မှီခိုအားထား ရသည့်ကိစ္စရပ်များ လျော့ကျသွားမည်ဖြစ်ကြောင်း၊ အာဆီယံစီးပွား ရေးဝန်ကြီးများအစည်းအဝေးတွင် မြန်မာနိုင်ငံမှ အာဆီယံစီးပွားရေး ဝန်ကြီးက အင်ဒိုနီးရှားအနေဖြင့် ဤကဲ့သို့ မလုပ်သင့်ကြောင်း၊ ဒေသ တွင်းနိုင်ငံများအနေဖြင့် မြန်မာနိုင်ငံသည် အင်ဒိုနီးရှားနိုင်ငံမှ အရေး ကြီးကုန်စည်ကို တင်သွင်းနေရသောကြောင့် ဒေသတွင်း၌ Share လုပ်ပြီး ဆောင်ရွက်သင့်သည်ကို ဆွေးနွေးခဲ့ကြောင်း၊ ထိုအချိန်တွင် စင်ကာပူ၊ ဘရူနိုင်းတို့မှ စီးပွားရေးဝန်ကြီးများက ၎င်းတို့သည်လည်း တင်သွင်းစားသုံးသည့် နိုင်ငံများဖြစ်သောကြောင့် အလားသဏ္ဌာန် တူစွာ ထောက်ခံဆွေးနွေးခဲ့ကြကြောင်း ပြောကြားသည်။
နိုင်ငံများသည် မိမိတို့အကျိုးစီးပွားကို ပိုဦးစားပေးကြကြောင်း၊ မိမိနိုင်ငံအခက်အခဲ ဖြစ်တော့မည်ဆိုပါက ပုံမှန်တင်သွင်းနေသည် များကို လျှော့ခြင်း၊ ရပ်ပစ်ခြင်းများရှိကြောင်း၊ ထို့ကြောင့် မိမိတို့ ပြည်တွင်းထုတ်လုပ်မှုတွင် မိမိစားသုံးမှုကို ဖူလုံအောင်ထုတ်လုပ် နိုင်ခြင်းသည် အကောင်းဆုံးဖြစ်ကြောင်း၊ ထို့ကြောင့် မူဝါဒကိစ္စရပ် များသည် FESC တွင် နိုင်ငံခြားငွေစီမံခန့်ခွဲမှုများကိုလည်း တင်သွင်း မှုကိစ္စရပ်၊ တင်ပို့မှုကိစ္စရပ်များသည် ငွေစီးဝင်လာမှုနှင့် စီးထွက်လာ မှုကို ပြဋ္ဌာန်းပေးနေခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် FESC အနေဖြင့် နိုင်ငံတော်၏မူဝါဒများနှင့်အညီ ဆက်စပ်ချိတ်ဆက်ဆောင်ရွက်သည့် အနေအထားကို မိမိအနေဖြင့် တင်ပြခြင်းဖြစ်ကြောင်း၊ မိမိရှေ့က မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ရှင်းလင်းပြောကြားသွား သည့်အတိုင်း Online Platform နှင့် အမေရိကန်ဒေါ်လာကို ရောင်းချ ပေးရာတွင် ရောင်းသူများ (Sellers) နှင့် ဝယ်သူများ(Buyers) Online တွင် ဆောင်ရွက်ကြခြင်းကြောင့် ဈေးကွက်၌ ပို၍အဆင်ပြေချောမွေ့ သည့် အနေအထားမျိုးဖြစ်လာကြောင်း၊ ထို့ကြောင့် FESC မှ ခွင့်ပြု ပေးလိုက်သည့် လိုင်စင်များအတွက်ဆိုလျှင် အထူးသဖြင့် မိမိအရှေ့က ပြောခဲ့သည့် ဆီနှစ်ဆီဖြစ်ကြောင်း၊ နိုင်ငံတော်မှ ပံ့ပိုးပေးထားသည့် နှုန်းထားအပြင် အမြင့်ဆုံးဝယ်ရသည့် နှုန်းထားသည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ Online Platform ဖြင့် ရောင်းချပေးနေသည့် အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၂၉၂၂ ကျပ် နှုန်းထားဖြင့်သာ ဝယ်ယူ ရခြင်းဖြစ်ကြောင်း၊ ဈေးကွက်ထဲ၌ ပြောနေသည့်အတိုင်း တစ်ဒေါ်လာ လျှင် ၃၀၀၀ ကျပ်ကျော်၊ ၄၀၀၀ နီးပါးဖြစ်သည်ကို ကြားသိရကြောင်း၊ ၃၀၀၀ ကျော် ဈေးနှုန်းဖြင့် ဝယ်ထားခြင်းမဟုတ်ကြောင်း၊ ဈေးနှုန်း အဆမတန်မြင့်တက်လာစေရန် လှုံ့ဆော်လိုသည့် ဝိသမလောဘနှင့် အတူ ဆောင်ရွက်နေသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် သင့်တင့်မျှတသည့်အမြတ်ရရှိရန်လိုကြောင်း၊ သမာသမတ်ကျစေလို ကြောင်း၊ အထူးသဖြင့် ဝင်ငွေ အကန့်အသတ်ဖြစ်နေသည့် လူအများစု၊ အိမ်ထောင်စုများအတွက် အရေးကြီးသော အခြေခံကုန်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်လို ကြောင်း၊ FESC အနေဖြင့် ဈေးနှုန်းတည်ငြိမ်စေလိုကြောင်း၊ အထူး သဖြင့် စျေးကွက်တည်ငြိမ်မှု၊ စျေးနှုန်းတည်ငြိမ်မှုကို ရည်မှန်းပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဈေးနှုန်းများကျလျှင် ထုတ်လုပ်သူများ ရှုံးမည်ဖြစ်ပြီး ဈေးနှုန်းများစွာတက်လျှင်လည်း စားသုံးသူများအတွက် မကောင်းကြောင်း၊ ထို့ကြောင့် ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရန် အရေးကြီးကြောင်း၊ ထို့ကြောင့် မိမိတို့ FESC ကော်မတီအနေဖြင့် ဈေးနှုန်းတည်ငြိမ်ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါ ကြောင်း ပြောကြားသည်။
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားဖြစ်နေ
ထို့ကြောင့် ယနေ့တင်ပြမှုသည် FESC ၏ ဆောင်ရွက်မှုအခြေအနေ၊ နိုင်ငံတော်၏ စီးပွားရေးမူဝါဒများနှင့်အညီ ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေ၊ သာမန်အမြတ်(Normal Profit) အနေအထားကို လက်ခံ နိုင်သော်လည်း စီးပွားရေးကဏ္ဍတွင် ဝိသမလောဘကို ရှေ့တန်း မတင်ဘဲ ကျင့်ဝတ်များနှင့်အညီ ပူးပေါင်းဆောင်ရွက်မည့် ပုဂ္ဂလိက ကဏ္ဍနှင့် စီးပွားရေးအသိုက်အဝန်းတို့ လိုအပ်ပါကြောင်း၊ မိမိအနေဖြင့် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက်တွင် တာဝန်ထမ်းဆောင်ခဲ့ သည့်အတွက် အတွေ့အကြုံတစ်ခုအနေဖြင့် ကျန်ခဲ့သည့်နှစ်များတွင် စီးပွားရေးလုပ်ငန်းရှင်များသည် အကြီးအကဲများနှင့်တွေ့ဆုံလျှင် မိမိတို့အစည်းအဝေးများ တက်ရကြောင်း၊ အကြီးအကဲများအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်း၊ ပြည်တွင်းထုတ်လုပ်မှုလုပ်ငန်းများကို Protection ကာကွယ်ပေးစေလိုကြောင်း၊ ပြည်ပမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများကို မယှဉ်ပြိုင်နိုင်ခြင်း စသည်တို့ကိုလည်း အကြီးအကဲ များကို ပြန်လည်တင်ပြလေ့ရှိကြောင်း၊ ယခုအချိန်သည် စီးပွားရေး လုပ်ငန်းရှင်များအတွက် အကောင်းဆုံးအချိန်ဖြစ်ကြောင်း၊ ပြည်တွင်း ထုတ်လုပ်မှုလုပ်ငန်းများကို တွန်းအားပေးခြင်း၊ MSME ကဏ္ဍများကို ဦးစားပေးခြင်း၊ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများကို သွင်းကုန်အစားထိုးရန် အကောင်းဆုံးအခြေအနေဖြစ်ကြောင်း၊ ထို့ကြောင့် မူဝါဒအရ အားပေး နေသည့် အခြေအနေများတွင် ဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းရှင် များအနေဖြင့် မိမိတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ထုတ်လုပ်နိုင်စွမ်း ရှိသည့် Investment အဖြစ်သို့ ကူးပြောင်းစေမည်ဖြစ်ကြောင်း၊ သို့မဟုတ်ပါက ပုဂ္ဂလိကကဏ္ဍများတွင် ရွှေဈေးကွက်၊ မြေဈေးကွက်၊ ကားဈေးကွက်၌ လှည့်ပတ်နေသည့် အရင်းအနှီးအလုံးအရင်းတစ်ခု သည် အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစားဖြစ်နေကြောင်း၊ ထို Wave ကြီးထဲတွင် လိုက်ပါစီးဆင်းနေသည့် အနေအထားဖြစ် ကြောင်း၊ ထိုအနေအထားမျိုးမဟုတ်ဘဲ Protective ဖြစ်ပြီး ထုတ်လုပ် နိုင်စွမ်းရှိသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် ဆောင်ရွက်ခြင်းအားဖြင့် ယခုကဲ့သို့ ဈေးကစားခြင်းများသည် Absorb ဖြစ်သွားမည်ဖြစ် ကြောင်း၊ အရင်းအနှီးအလုံးအရင်းကြီးတစ်ခုကို အားမနေစေရန်၊ ပို၍ Protective ဖြစ်စေရန် ဆောင်ရွက်နိုင်သည့် အနေအထားမျိုး ကိုလည်း ဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့ကြောင့် ဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရန်၊ နိုင်ငံတော်နှင့် ပြည်သူများအတွက် နိုင်ငံခြားငွေစီးဝင်မှုနှင့်စီးထွက်မှုကို စနစ်တကျ နှင့်မှန်ကန်စေရန် နိုင်ငံတော်နှင့် ပုဂ္ဂလိကကဏ္ဍမှ စီးပွားရေးလုပ်ငန်း ရှင်များအားလုံး ပူးပေါင်းပါဝင်ကြရမည်ဖြစ်ပါကြောင်း၊ စားသုံးသူ ပြည်သူများအနေဖြင့်လည်း ထိတ်လန့်ပြီး ဝယ်ယူမှုများ မဖြစ်စေရန် လိုအပ်ကြောင်း၊ ဈေးနှုန်းသည် Demand နှင့် Supply ရောင်းလိုအား နှင့် ဝယ်လိုအားဖြစ်ကြောင်း၊ ကြောက်အားလန့်အားဖြင့် ဝယ်ယူလေ ဈေးနှုန်းပိုတက်လေဖြစ်ပြီး ဈေးနှုန်းတည်ငြိမ်မှုခဲယဉ်းလေဖြစ် ကြောင်း၊ ထို့ကြောင့် ယနေ့ FESC ၏ လုပ်ငန်းရပ်များကို ရှင်းလင်း တင်ပြပြီး ပုဂ္ဂလိကကဏ္ဍမှ ပူးပေါင်းဆောင်ရွက်မှုများ၊ အမြတ်ကို ရှေ့တန်းတင်လွန်းခြင်းမရှိဘဲ၊ ဝိသမလောဘမပါဘဲ နိုင်ငံတော်နှင့်အတူ ပြည်သူများအတွက် ပူးပေါင်းပါဝင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါ ကြောင်း ပြောကြားသည်။
(ဆက်လက်ဖော်ပြပါမည်)