
နေပြည်တော် ဩဂုတ် ၂၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၄) အခြေခံ ပညာအထက်တန်းကျောင်း၊ ပျဉ်းမနားမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ သင်ကြားသင်ယူနေမှုများ၊ ကျောင်းအတွင်း သန့်ရှင်းသာယာရေးနှင့် ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုများ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနေမှုများကို ကြည့်ရှုအားပေးကြသည်။
ရှေးဦးစွာ ဇမ္ဗူသီရိမြို့နယ်ရှိ အမှတ်(၁၄) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူ များ အေးချမ်းစွာပညာသင်ကြားနေမှုကို ကြည့်ရှု အားပေးပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာကို ကြိုစားသင်ယူကြစေလိုကြောင်း၊ ရည်မှန်းချက်ထား ၍ ပညာကို အစဉ်တစိုက် ကြိုးစားသွားပါက အောင်မြင်သောဘဝကို မလွဲမသွေပိုင်ဆိုင်ရရှိမည် ဖြစ်ကြောင်း၊ ကျန်းမာရေးကောင်းမွန်အောင် အထူး ဂရုစိုက်ကြရန်နှင့် ကျန်းမာကြံ့ခိုင်စေရေး ကိုယ် ကာယလေ့ကျင့်ခန်းများ စနစ်တကျဆောင်ရွက်ကြ စေလိုကြောင်း၊ ပညာတတ်ရုံသာမက အကျင့်စာရိတ္တ ကောင်းမွန်ပြီး ယဉ်ကျေးလိမ္မာသူ၊ မျိုးချစ်စိတ် နိုင်ငံ ချစ်စိတ်ရှိသူ လူတော်လူကောင်းဖြစ်အောင် ကြိုးစား သင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ပျဉ်းမနား မြို့နယ် အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းသို့ သွားရောက်၍ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
သတင်းစဉ်