
အမျိုးသမီးကမ္ဘာ့ဖလား တတိယ နေရာလုပွဲအဖြစ် ဩဂုတ် ၁၉ ရက် မွန်းလွဲ ၂ နာရီခွဲက ဩစတြေးလျ နိုင်ငံ ဘရစ္စဘိန်းမြို့ရှိ ဘရစ္စဘိန်း အားကစားကွင်း၌ နာမည်ကြီး ဆွီဒင်နှင့် အိမ်ရှင် ဩစတြေးလျ အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ ဆွီဒင်အသင်း က နှစ်ဂိုးပြတ်အနိုင်ရရှိကာ တတိယနေရာ ရယူနိုင်ခဲ့သည်။
ပရိသတ် ၄၉၀၀၀ ကျော် လာရောက်ကြည့်ရှုခဲ့သည့် အဆိုပါ ပွဲစဉ်တွင် နှစ်သင်းကြားခြေစွမ်း သိသိသာသာ ကွာဟမှုမရှိသော်လည်း တိုက်စစ်ပိုင်းကျစ်လျစ်ကာ အဆုံးသတ် သေချာသည့် ဆွီဒင်အသင်းက နှစ်ဂိုးပြတ် အနိုင်ရရှိ ခဲ့ခြင်းဖြစ်သည်။ ပွဲချိန် မိနစ် ၃၀ ရရှိခဲ့သော ပယ်နယ် တီကိုရိုလ်ဖိုက အဆုံးသတ် ကန်သွင်းနိုင်ခဲ့တာ ကြောင့် ဆွီဒင်အသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။
ထို့နောက်တွင် ဩစတြေးလျ အသင်းက ချေပဂိုး ရရှိရန် လူစားအပြောင်းအလဲပြုလုပ်ကာ ဆွီဒင် အသင်းဘက်သို့ တိုက်စစ်ဆင်ကစားလာခဲ့သော် လည်း ပြိုင်ဘက် ခံစစ်နှင့် ဂိုးသမားကို ကျော်ဖြတ် နိုင်ခြင်း မရှိခဲ့ပေ။ပွဲချိန် ၆၂ မိနစ်တွင် ဆွီဒင်အသင်းက အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုး ထပ်မံရရှိခဲ့ပြီး အက်စ်လာနီက သွင်းယူပေးခဲ့သည်။
ဆွီဒင်အသင်းသည် ယခုနှစ် အမျိုးသမီးကမ္ဘာ့ ဖလားပြိုင်ပွဲတွင် အထူးခြေစွမ်းပြသကာ လက်ရှိ ချန်ပီယံ အမေရိကန်၊ ကစားဟန်မာကျောကျစ်လျစ် မှုရှိသည့် ဂျပန်အသင်းတို့ကို ကျော်ဖြတ်ကာ ဆီမီး ဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ သို့သော် လည်း ဆွီဒင်အသင်းသည် ဆီမီးဖိုင်နယ်တွင် စပိန် အသင်းကို ကျော်ဖြတ်နိုင်ခြင်း မရှိသည့်အတွက် ဗိုလ်လုပွဲတက်လှမ်းခွင့်နှင့် လွဲချော်ခဲ့သည်။ ထိုနည်း တူ ပြိုင်ဘက် ဩစတြေးလျအသင်းကလည်း ဒိန်းမတ်၊ ပြင်သစ်အသင်းတို့ကို ကျော်ဖြတ်ကာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်လှမ်းနိုင်ခဲ့သည်။ သို့သော်ငြား ဆီမီးဖိုင်နယ်တွင် အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့သည့်အတွက် ဗိုလ်လုပွဲတက်လှမ်းခွင့်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။
အောင်ဇော်