ကျောက်ပန်းတောင်းမြို့နယ်၌ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဂဲမိုးအိုင်ခရီးစဉ်သစ် ဖော်ဆောင်ထားပြီး ခရီးသွားများ လာ‌ရောက်လေ့လာနိုင်

 

ညောင်ဦး   ဩဂုတ်   ၁၈


မန္တလေးတိုင်းဒေသကြီး  ကျောက်ပန်းတောင်း မြို့နယ်၌   သဘာဝအခြေခံခရီးသွားလုပ်ငန်းအဖြစ်  ဂဲမိုးအိုင်ခရီးစဉ်သစ်ကို  ဖော်ဆောင်ထားရှိရာ ခရီးသွား များ   လာရောက်လေ့လာနိုင်ကြောင်း   ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။


ညောင်ဦးခရိုင်  ကျောက်ပန်းတောင်းမြို့နယ် ဂဲမိုးအိုင်   ခရီးစဉ်ဒေသအသစ်   ရှာဖွေဖော်ဆောင် ထားသည့်  ဂဲမိုးအိုင်ခရီးစဉ်ဒေသအား ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှ တာဝန်ရှိသူ များ အကြိမ်ကြိမ်အခေါက်ခေါက်အခါခါသွားရောက် လေ့လာပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ရပ်ရွာ အခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်း အခြေခံ အကြောင်းအရာများနှင့်  ဂေဟစနစ်မပျက်ရှိနေသေး သည့်    ပုပ္ပါးတောင်မကြီး   တောင်ဘက်ခြမ်းအား ပြည်တွင်းခရီးသွားများသာမက   ပြည်ပခရီးသွား များပါ  စိတ်ဝင်စားမှုမြင့်တက်လာနိုင်ပြီး  ဒေသခံများ  အလုပ်အကိုင်အခွင့်အလမ်း  ရရှိစေရုံသာမက  သဘာဝတောတောင် ရေမြေကိုလည်း   မြတ်နိုးချစ်ခင်တန်ဖိုးထားလာစေနိုင်ရန်ရည်ရွယ် ပြီး ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း ဖော်ဆောင်ရခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန  လက်ထောက်ညွှန်ကြား ရေးမှူး ဦးမျိုးမင်းအောင် (ပုဂံရုံးခွဲ) က ရှင်းပြသည်။ 


ဂဲမိုးအိုင်ဒေသသစ်ခရီးစဉ်တွင်  ဂဲမိုးအိုင်၊  လက်ငါးချောင်းအိုင်၊ ဂဲတစ်လုံးစို့ နေရာ၊ ဗျောဗျောကျအိုင်၊ စကောဝိုင်းအိုင် ကျောက်သားလျှိုမြောင်တစ်လျှောက်ဝင်ရောက်၍ သဘာဝအခြေခံခရီးစဉ်တစ်ခုကိုလက်တွေ့ခံစားကြည့်ရှုနိုင်မည်ဖြစ်သကဲ့သို့    မြောက်ကျောက်အိုးရှိ ဒေသခံများအခေါ် ကြီးမားသည့်ကျောက်ဖျာကြီးများပေါ်  ရေစီးဆင်း ခဲ့ရာမှ ရေလှောင်ကန်ပုံသဏ္ဌာန်ဖြစ်ပေါ်နေခြင်းကြောင့် ကျောက်အိုးဟု ခေါ်တွင်ကြောင်း၊  ဂဲမိုးအိုင်ဟု   ခေါ်တွင်ရခြင်းမှာ  ရေအိုင်ကြီးပေါ် ကြီးမားသည့် (ကျောက်တုံးအမိုး) ဂဲကြီးမိုးနေသည့်အတွက် ဂဲမိုးအိုင်ဟု ခေါ်တွင်ကြောင်း၊ ဂဲတစ်လုံးစို့အိုင်သည် လျှိုမြောင်ကျောက်ရိုးတစ်ဖက် တစ်ချက်၏အလယ်တွင် ကြီးမားသည့် ကျောက်တုံးကြီးတည်ရှိနေခြင်း ကြောင့် ဂဲတစ်လုံးစို့အိုင်ဟု ခေါ်တွင်ခဲ့ကြောင်း၊ စကောဝိုင်းအိုင်သည် ယခင် ရေစီးကြောင်းတည့်တည့်တွင် ဝိုင်းစက်စက်အနေအထားဖြစ်နေသည့် အတွက် စကောဝိုင်းအိုင်ဟု ခေါ်တွင်ခဲ့ကြောင်း သိရသည်။


ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ခရီးစဉ်ဒေသ များအနေဖြင့် လဲဂွကျေးရွာနှင့်လက်ပံအိုင့်ကျေးရွာပတ်ဝန်းကျင်၏ တောင်ဘက် နှစ်မိုင်ခန့်အကွာ မဟာဗောဓိငါးထောင်(မတ်တစ်ထောင် တောင်တန်း)နှင့် ကြက်မောက်တောင်ဆည်၊ အနောက်ဘက် တစ်မိုင်ခန့် အကွာ ငွေတွင်းတောင် တောင်တန်းတွင် ဘုရားလေးဆူအား ဖူးမြော်နိုင် ပြီး မြောက်ဘက်နှစ်ဖာလုံအကွာတွင် နှစ်ပေါင်း ၉၀ ကျော်ခန့်ရှိ မပုပ် မသိုးရုပ်ကလာပ်တော် ဦးစန္ဓမထေရ်(ရဟန္တာ)ကိုဖူးမြော်နိုင်ကာ လဲဂွရွာ ရွှေနတ်တောင်ကုန်းပေါ်တွင် တည်ထားသည့် ရွှေနတ်တောင်စေတီ ဘုရားစုကိုလည်း ဖူးမြော်နိုင်သည်။  အဆိုပါ ရွှေနတ်တောင်စေတီ သမိုင်းအား ဒေသခံသက်ကြီးဘိုးဘွားများ၏တစ်ဆင့်စကားအရ ရွှေဖျင်း ညီနောင် ညီအစ်ကို နှစ်ဦး  ရွှေနတ်တောင်ဘုရားပွဲတိုင်း  လာရောက် ဆွမ်းကပ်၊ ပျော်စံသည့်ဘုရားဖြစ်ကြောင်းလည်း သိရသည်။ ကျောက်ပန်း တောင်း မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအလွန် ရပ်ရွာ အခြေပြု ခရီးသွားလုပ်ငန်း၊ သဘာဝအခြေခံခရီးသွားလုပ်ငန်းများနှင့် သင့်လျော်သည့်  ခရီးစဉ်ဒေသအသစ်များ  ရှာဖွေဖော်ထုတ်ပြီး ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုစေရန်နှင့် ပြည်တွင်း ပြည်ပခရီးသွားများ   တောတောင်ရေမြေသဘာဝအလှအပများကို  ခံစားနိုင်စေရန်ရည်ရွယ် ၍ ခရီးစဉ်ဒေသအသစ်များ  ဖော်ဆောင်နိုင်ရေး  ဆောင်ရွက်လျက်ရှိကြောင်း ဟိုတယ်နှင့်  ခရီးသွားညွှန်ကြားမှုဦးစီးဌာန (ပုဂံရုံးခွဲ)မှ သိရသည်။                                                            

ဒီပါလင်း