
မိုး(အလရ)
အာဆီယံနိုင်ငံများအနေဖြင့် ကုန်ထုတ်နိုင်စွမ်းနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်သားထုပေါ်ပေါက်လာစေရန် အန္တရာယ်ကင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ပတ်ဝန်းကျင်ဖန်တီးပေးခြင်းတွင် အထောက်အကူဖြစ်စေရန် အာဆီယံလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကွန်ရက် (ASEAN Occupational Safety and Health Network, ASEAN-OSHNET) ကို ၂၀၀၀ ပြည့်နှစ်တွင် အာဆီယံနိုင်ငံများက လက်မှတ်ရေးထိုး၍ ဖွဲ့စည်းထူထောင်ခဲ့ကြသည်။
ASEAN-OSHNET အနေဖြင့် ဒေသတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးစနစ် အဆင့်မြှင့်တင်နိုင်ရေး အဖွဲ့ဝင် နိုင်ငံများ ဆွေးနွေးညှိနှိုင်း၍ လုပ်ငန်းအစီအစဉ်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိအမြင်များ မျှဝေနိုင်ရေး ညီလာခံများ ကျင်းပခြင်းတို့ကို နှစ်စဉ်ကျင်းပသည့် အပြင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အလေးထား ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းရှင်များအား အသိအမှတ်ပြုသည့် အနေဖြင့် နှစ်နှစ်လျှင်တစ်ကြိမ် ဆုချီးမြှင့်ပေးလျက် ရှိသည်။
ဒေသတွင်း အကောင်းဆုံးလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ချက်ကောင်းမွန်သည့် ကုမ္ပဏီများကို အများပြည်သူသိရှိစေရန်နှင့် ချီးမြှင့်ပေးရန်၊ ဒေသ တွင်းလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးပုံရိပ်အား မြှင့်တင်ပေးရန်၊ ဒေသတွင်း လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်လိုသည့် ဆန္ဒများ ဖြစ်ပေါ်လာစေရန်၊ ဒေသတွင်းနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရေးကောင်းမွန်သည့် ပုံရိပ်များ ဖြစ်ပေါ်လာစေရန်၊ ဒေသတွင်း ကျင့်သုံးနေသည့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအလေ့အထများကို လုပ်ငန်း များအကြား ကျင့်သုံးနိုင်စေရန်ဆိုသည့် ရည်ရွယ် ချက်များဖြင့် ရွေးချယ်ချီးမြှင့် ဆောင်ရွက်ပေးခြင်း ဖြစ်သည်။
စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်
အဆိုပါ ကွန်ရက်အနေဖြင့် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို စနစ်တကျ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင်များအား ရွေးချယ်နိုင်ရေး ဆုလျှောက်လွှာပုံစံများ၊ ဆုရွေး ချယ်ရေးစံနှုန်း သတ်မှတ်ချက်များကို ရေးဆွဲ သတ်မှတ်ထားပြီးဖြစ်သည်။ ASEAN-OSHNET အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မိမိတို့နိုင်ငံမှ ဝင်ရောက် ယှဉ်ပြိုင်သည့် လုပ်ငန်းများအား ASEAN-OSHNET ၏ ဆုရွေးချယ်ရေး စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်၍ ASEAN-OSHNET ဆုချီးမြှင့်ခြင်း အခမ်း အနားမတိုင်မီ အမည်စာရင်း ပေးပို့ရသည်။
ဆုအမျိုးအစား နှစ်မျိုးသတ်မှတ်
ASEAN-OSHNET Excellence Award နှင့် ASEAN-OSHNET Best Practices Award ဟူ၍ ဆုအမျိုးအစား နှစ်မျိုး သတ်မှတ်၍ ဆုရွေးချယ်ရေး စံနှုန်းသတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ချီးမြှင့် ပေးလျက်ရှိရာ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ လုပ်ငန်းခွင်များတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးအခြေအနေအပေါ် မူတည်၍ ကိုက်ညီ သည့် ဆုအမျိုးအစားကို လျှောက်ထားနိုင်မည် ဖြစ်သည်။ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးစနစ် ထူးခြားကောင်းမွန်စွာ ဆောင်ရွက်ထားသည့်လုပ်ငန်းများသည် ASEAN-OSHNET Excellence Award အား လျှောက်ထားနိုင် ပြီး မည်သည့် ကုန်ထုတ်လုပ်ငန်းမဆို ဝင်ရောက် ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အထ၊ ကျင့်စဉ်များ ချမှတ်ဆောင်ရွက်မှုကို အားပေးချီးမြှောက်ရန် ရည်ရွယ်၍ အလုပ်သမား ၅၀ မှ ၃၀၀ လုပ်ကိုင်သည့် ကုန်ထုတ်လုပ်ငန်းများနှင့် အလုပ်သမား ၃၀၀ မှ ၆၀၀ လုပ်ကိုင်သည့် လုပ်သား အခြေပြုလုပ်ငန်းများအနေဖြင့် လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးကို အကောင်းဆုံး ဆောင်ရွက်ထားပါက ASEAN-OSHNET Best Practices Award ကို ချီးမြှင့် ပေးလျက်ရှိပါသည်။
အလုပ်သမားဝန်ကြီးဌာန အလုပ်ရုံနှင့်အလုပ် သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည် အာဆီယံ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆု ချီးမြှင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှ စက်ရုံ၊ အလုပ်ရုံများ ရရှိစေရေးအတွက် ASEAN-OSHNET က ချမှတ်ထားသည့် စံနှုန်း သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ချီးမြှင့်နိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပါသည်။
အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနသည် သက်ဆိုင်ရာဌာနနှင့် ကျွမ်းကျင် ပညာရှင်များ ပါဝင်သည့် ဆုရွေးချယ်ရေးအဖွဲ့များ ဖွဲ့စည်းခြင်း၊ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းကုမ္ပဏီများ မှ လုပ်ငန်းပိုင်ရှင်များ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆုများ ယှဉ်ပြိုင် လျှောက်ထားနိုင်ရေး အများပြည်သူများ သိရှိရန် ကြေညာခြင်း၊ လျှောက်လွှာများ စိစစ်အကဲဖြတ်ခြင်း၊ ကွင်းဆင်းစစ်ဆေးခြင်းတို့ ဆောင်ရွက်၍ ASEAN-OSHNET ၏ စံနှုန်းသတ်မှတ်ချက်များနှင့်အညီ အကဲဖြတ် ရွေးချယ်ပါသည်။ အကဲဖြတ်ရွေးချယ် ထားသည့် စက်ရုံများသည် ASEAN-OSHNET က ချီးမြှင့်သည့် ဆုရရှိမည်ဖြစ်ပြီး အာဆီယံအဖွဲ့ဝင် နိုင်ငံများ၊ အာဆီယံဒေသတွင်း လုပ်ငန်းပိုင်ရှင်များ၊ နိုင်ငံတကာ လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်း ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ တက်ရောက်သည့် ASEAN-OSHNET ညီလာခံတွင် မိမိလုပ်ငန်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်နေသည့် အခြေအနေများ ရှင်းလင်း တင်ပြနိုင်သည့် အခွင့်အရေး ရရှိမည်ဖြစ်သည်။
လုပ်ငန်းခွင်ဖန်တီးရာတွင် အထောက်အကူဖြစ်
ထို့ပြင် ASEAN- OSHNET ညီလာခံသို့ တက်ရောက်ခြင်းဖြင့် အာဆီယံ ဒေသတွင်းနှင့် နိုင်ငံတကာတွင် တိုးတက်ပြောင်းလဲနေသည့် နည်းပညာများနှင့်အညီ ကျင့်သုံးနေသည့် လုပ်ငန်း ခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေး ဆိုင်ရာ အလေ့အကျင့်ကောင်းများကို လေ့လာသိရှိ နိုင်မည်ဖြစ်ပြီး မိမိလုပ်ငန်းခွင်တွင် ပိုမိုကောင်းမွန် သည့် လုပ်ငန်းခွင်အခြေအနေများ ဖန်တီးရာတွင် အထောက်အကူဖြစ်စေသည့် အသိအမြင်များ တိုးတက်လာမည် ဖြစ်သည်။
ASEAN-OSHNET Excellence Award နှင့် ASEAN-OSHNET Best Practices Award လျှောက်ထားသည့် အလုပ်ရှင်များသည် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက သတ်မှတ်ထားသည့် လျှောက်လွှာပုံစံနှင့်အတူ မိမိစက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်း၏ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ဆောင်ရွက်ထားမှု မှတ်တမ်းစာအုပ်၊ အကျဉ်းချုပ် ရှင်းလင်းတင်ပြချက် မိနစ် ၃၀ ခန့် Power Point Presentation တို့အား ပြင်ဆင်ပေးပို့ရန် လိုအပ်ပြီး ဆုရွေးချယ်ရေးအဖွဲ့၏ လူတွေ့စစ်ဆေးခြင်းနှင့်ကွင်းဆင်းစစ်ဆေးခြင်းတို့ကို ခံယူရမည်ဖြစ်သည်။
မိမိလုပ်ငန်း၏ ပုံရိပ်ကို မြှင့်တင်
ASEAN-OSHNET ဆုများကို ၂၀၁၆ ခုနှစ်မှစ၍ နှစ်နှစ်လျှင် တစ်ကြိမ် ရွေးချယ်ချီးမြှင့် ပေးလျက်ရှိရာ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၆ ခုနှစ်၊ ၂၀၁၈ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်များတွင် Excellent Award အတွက် စက်ရုံလေးရုံ၊ Best Practices Award အတွက် စက်ရုံလေးရုံတို့ကို ရွေးချယ်ပေးနိုင် ခဲ့ပြီး ASEAN-OSHNET ဆုချီးမြှင့်ခြင်း အခမ်းအနား များသို့ တက်ရောက်ပြီး ဆုများရယူနိုင်ခဲ့သည်။ ASEAN-OSHNET ဆုများအား ယှဉ်ပြိုင်လျှောက်ထားခြင်းကြောင့် လုပ်ငန်းပိုင်ရှင်များအနေဖြင့် လုပ်ငန်းခွင်ရှိ အလုပ်သမားများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ် သည့် လုပ်ငန်းခွင်များဖြစ်စေရေး ဖန်တီးဆောင်ရွက် ပေးနေမှု အခြေအနေများအား ပြသပြီး မိမိလုပ်ငန်း ခွင်၏ ဂုဏ်သိက္ခာ အဆင့်မြှင့်တင်နိုင်ခြင်း၊ အလုပ် သမားများအတွက် ကောင်းမွန်သည့် လုပ်ငန်းခွင် အဖြစ် ဖန်တီးဆောင်ရွက်ပေးနေသည့် လုပ်ငန်း အဖြစ် အသိအမှတ်ပြုခံရသည့်အတွက် ရင်းနှီးမြှုပ်နှံ မှုများအား ဖိတ်ခေါ်ရာတွင် အထောက်အကူ ဖြစ်နိုင်ခြင်း၊ မြန်မာနိုင်ငံရှိ လုပ်ငန်းပိုင်ရှင်များသည် လည်း အာဆီယံဒေသတွင်း နိုင်ငံများနည်းတူ ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်း ပြသနိုင်ခြင်းတို့ကြောင့် မိမိလုပ်ငန်း၏ ပုံရိပ်ကို မြှင့်တင်ပေးနိုင်သည့် အခွင့် အရေးတစ်ရပ်ပင် ဖြစ်ပါသည်။
၂၀၂၄ ခုနှစ်တွင် (၅) ကြိမ်မြောက် ASEAN-OSHNET လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေး နှင့်ကျန်းမာရေးဆု ချီးမြှင့်ပွဲ အခမ်းအနားကို စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် အလှည့်ကျ ကျင်းပ ပြုလုပ်မည်ဖြစ်ရာ ၂၀၂၄ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဆုလျှောက်လွှာများ ခေါ်ယူခြင်းနှင့် ဆုရွေးချယ်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်မည်ဖြစ်သည့်အတွက် လုပ်ငန်းပိုင်ရှင်များအနေဖြင့် မြန်မာနိုင်ငံ ကိုယ်စားပြုဆုများရယူနိုင်ရေး ပါဝင်ယှဉ်ပြိုင် လျှောက်ထားကြရန် တိုက်တွန်းအပ်ပါသည်။
ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် လုပ်ငန်းခွင်များဖြစ်အောင် ဆောင်ရွက်ပေးနိုင်ပါက အလုပ်သမားများ၏ ကုန်ထုတ်စွမ်းရည်တိုးတက်ပြီး လုပ်ငန်းများ အကြား ယှဉ်ပြိုင်စွမ်းအား မြင့်တက်လာမည် ဖြစ်သည့်အတွက် လုပ်ငန်းပိုင်ရှင်များအနေဖြင့် လုပ်ငန်းခွင်များတွင် ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ ယဉ်ကျေးမှုအဆင့်မြှင့်တင်နိုင် ရေး တတ်စွမ်းသမျှ ကြိုးစားအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ။
- Log in to post comments