
နေပြည်တော် ဩဂုတ် ၁၇
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် အတွင်း တည်ထားသည့် ကမ္ဘာ့ဉာဏ်တော်အမြင့်ဆုံး ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဩဂုတ် ၈ ရက်မှစတင်၍ ရဟန်းရှင်လူ အများပြည်သူတို့ အခမဲ့လာရောက်ဖူးမြော်နိုင်ရန် ဖွင့်လှစ်ထားရှိရာ ဒသမမြောက်နေ့ဖြစ်သည့် ဩဂုတ် ၁၇ ရက်တွင် ဖူးမြော်သူဧည့်ပရိသတ်များ တဖွဲဖွဲ လာရောက်ဖူးမြော်လျက်ရှိသည်ကို မြင်တွေ့ရသည်။
အဖွဲ့အလိုက် ဘုရားဖူးများ၊ အနယ်နယ်အရပ်ရပ်မှ ဖူးမြော်သူများ၏ ကြည်ညို သဒ္ဓါအားကောင်းစွာ လှူဒါန်းပူဇော်နေမှုများနှင့် ပျော်ရွှင်စွာ လေ့လာကြည့်ရှုနေမှု များကို မြင်တွေ့ရသည်။ ဘုရားကြီးသို့ လာရောက်ဖူးမြော်သူများ၏ ပီတိစကား များ၊ အနုမောဒနာသာဓုခေါ်သံများနှင့် သဘောထားအမြင်များကို စုစည်းဖော်ပြ လိုက်ပါသည်။
ဆရာလေး ဒေါ်ပုညစာရီ
(စစ်ကိုင်းတောင်ရိုး၊ ချမ်းမြေ့သီတာ
သီလရှင်စာသင်တိုက်)
ဆရာလေးက စစ်ကိုင်းတောင်ရိုး ချမ်းမြေ့သီတာ သီလရှင်စာသင်တိုက်က နေ သူငယ်ချင်းတွေစုပေါင်းပြီး မာရဝိဇယ ဘုရားကြီးကို လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ဘုရားကြီး စပြီးတည် ကတည်းက ဖူးမြော်လိုတဲ့ဆန္ဒတွေ ဖြစ်နေမိပါတယ်။ အခုလို မာရဝိဇယ ဘုရားကြီးကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးရလို့ ဝမ်းသာပီတိ ဖြစ်ရပါ တယ်။ ကမ္ဘာမှာစကျင်ကျောက်နဲ့ထုဆစ် ထားတဲ့ဉာဏ်တော်အမြင့်ဆုံး မာရဝိဇယ ဘုရားကြီး တည်ထားပေးတဲ့အတွက် နောင်အနာဂတ်မှာ အများကြီးအေးချမ်း စေမယ်လို့ ရင်ထဲမှာ ပီတိဖြစ်မိပါတယ်။ မာရဝိဇယဘုရားကြီးအတွင်း တည်ဆောက် ပေးထားတဲ့ သာသနိကအဆောက် အအုံတွေနဲ့ ဘုရားဖူးပြည်သူတွေအတွက် ကြိုပို့ကားလေးတွေ စီစဉ်ပေးထားတာ ဘုရားဖူးပြည်သူတွေ အားလုံးအတွက် အဆင်ပြေပါတယ်။ ဘုရားကြီးအတွင်း လာရောက်ဖူးမြော်တဲ့ ပြည်သူတွေအတွက် အဆင်ပြေစေဖို့ ဖိနပ်စင်လေးတွေကို လည်း ယခုထက်ပိုပြီး စီစဉ်လုပ်ပေး ထားရင် ပိုပြီးတင့်တယ်စေမယ်လို့ ဆရာလေး မြင်မိပါတယ်။
ကိုခိုင်ထွန်းဇော် (ဇေယျာသီရိမြို့နယ်)
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်မှာ တည်ထားပူဇော် အောင်မြင် ခဲ့တဲ့ ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော် အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို ရဟန်း၊ ရှင်လူ၊ ဘုရား ဖူးပြည်သူအပေါင်း အခမဲ့လာရောက် ဖူးမြော်နိုင်ဖို့ ဩဂုတ် ၈ ရက်ကနေ ၁၆ ရက်အထိ အခမဲ့ ဖူးမြော်နိုင်တယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် နိုင်ငံပိုင် သတင်းစာတွေကို ဖတ်မိတဲ့အခါ ဩဂုတ် ၁၇ ရက်ကနေ ၁၉ ရက်အထိ ရက် သတ်မှတ်ထပ်တိုးထားတယ်ဆိုတာ သိရ တဲ့အတွက် ဒီနေ့ လာရောက်ဖူးမြော် တာဖြစ်ပါတယ်။
ရပ်ကွက်မှာရှိတဲ့မိသားစုတွေ၊ ရပ်ဆွေ ရပ်မျိုးတွေစုပေါင်းပြီးလာရောက်ဖူးမြော် တာ ဖြစ်ပါတယ်။ ဘုရားကြီးပရိဝုဏ်ထဲစပြီးရောက်ရှိပြီဆိုကတည်းက စိတ်နှလုံး ကြည်နူးမဆုံးဖြစ်မိပါတယ်။ ဘုရားကြီး ရင်ပြင်တော်ပေါ် တက်ရောက်တဲ့အခါ ရဟန်းရှင်လူ သက်ကြီးဘိုးဘွားတွေ အတွက် စက်လှေကားလည်း စီစဉ်ပေး ထားတာတွေ့ရတော့ ဝမ်းသာပီတိဖြစ်မိပါ တယ်။ ဘုရားကြီးရဲ့ရင်ပြင်တော်ပေါ်မှာလည်း ဘုရားဝတ်ပြုသူတွေ၊ တရားရွတ် ဖတ်သူတွေနဲ့ ကြည်နူးစရာကောင်းလှပါ တယ်။ ကျောက်စာရုံစေတီတွေ၊ မဟာ ဗောဓိညောင်ပင်ကိုလည်း ဖူးမြော်လေ့လာ ခဲ့ပါတယ်။
ဒေါ်ခင်ဝေ
(ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်)
နေပြည်တော်မှာ တည်ထားကိုးကွယ် တဲ့ မာရဝိဇယဘုရားကြီးကို လိုင်းကား စီးပြီး လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို ကြည်ညိုဖူးမြော် လို့မဝနိုင်အောင် ဖြစ်ရပါတယ်။ ဘုရားကြီး ရင်ပြင်ပေါ်ကိုရောက်တော့ သဒ္ဓါကြည်ညို စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတယ်။ ဘုရားကြီးဖူးပြီးမှ ပိုပြီးသဒ္ဓါကြည်ညိုစိတ် တွေ ပိုပြီးများလာတာ တွေ့ရပါတယ်။ ဒီမာရဝိဇယဘုရားကြီးအတွင်း တည် ဆောက်ထားတဲ့ အဆောက်အအုံတွေ အားလုံး တော်တော်များများလည်း ပြည့်စုံကောင်းမွန်ပါတယ်လို့ ပြောချင်ပါ တယ်။ သက်ကြီးဘိုးဘွားတွေအတွက် ဘုရားကြီးအတွင်း မပင်ပန်းရအောင် ကြိုပို့ကားလေးတွေနဲ့ လိုက်ပို့ပေးတာ ကောင်းပါတယ်။ မာရဝိဇယဘုရားကြီးကို လာရောက်ဖူးမြော်ကြတဲ့ ဘုရားဖူးပြည်သူ တွေကို ဘုရားကြီးအတွင်းက သက်ဆိုင်ရာ တာဝန်ရှိသူတွေက ဝိုင်းဝန်းကူညီကြပါ တယ်။ ဒီဘုရားကြီးကို ကျွန်မနဲ့အတူ ၁၃ ဦး လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ဇာတိမြေကို ပြန်လည်ရောက်ရှိတဲ့အခါ လည်း မာရဝိဇယဘုရားကြီးကို လာရောက် ဖူးမြော်ကြဖို့ မုဒိတာပွား တိုက်တွန်းသွား မှာ ဖြစ်ပါတယ်။ ကျွန်မတို့အနေနဲ့ နောက် လည်း လာရောက်ဖူးမြော်ချင်ပါသေး တယ်။
ဒေါ်ယဉ်ယဉ်အေး( နေပြည်တော်)
မာရဝိဇယဘုရားကြီးကို ဒုတိယ အကြိမ်မြောက် လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ အရင်အပတ် ဗုဒ္ဓဟူးနေ့က ပထမအကြိမ် လာရောက်ဖူးမြော်ခဲ့ပြီးပါ ပြီ။ မိသားစုနဲ့အတူ မာရဝိဇယဘုရားကြီး ကို လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို လာရောက် ဖူးမြော်ရတာ စိတ်ထဲမှာ ဝမ်းသာကြည်နူး မိပါတယ်။ မာရဝိဇယဘုရားကြီး စပြီး တည်မယ်လို့ ကြားသိရကတည်းက ဖူးချင်တယ်လို့ ပြောနေတာ၊ ကိုယ်တိုင် လာရောက်ဖူးရလို့ ကျေနပ်မိပါတယ်။ ရာသီဥတု ကြည်လင်ကောင်းမွန်တဲ့နေ့ တစ်နေ့ကျရင် နောက်တစ်ကြိမ် လာရောက်ဖူးမြော်ပါဦးမယ်။ ဇာတ်နိပါတ် တော်တွေ လေ့လာကြည်ညိုပြီး ဘာဝနာ တွေပွားများရသလို၊ ကျောက်စာရုံစေတီ တွေဖူးမြော်ပြီး ကိုယ့်ဘာသာ ကမ္ဘာကို သိရှိ၊ ပြသနိုင်အောင် အမြော်အမြင်ရှိရှိနဲ့ တည်ထားပေးတဲ့ ဦးဆောင်ဘုရားဒကာ နဲ့ အလှူရှင်တွေကိုလည်း မေတ္တာပို့သပါ တယ်။ မြန်မာနိုင်ငံအတွက်လည်း အတိုင်း မသိ ဂုဏ်ယူမိပါတယ်။
မပြည့်ပြည့်အောင် (မိတ္ထီလာမြို့နယ်)
မာရဝိဇယဘုရားကြီးကို ပထမအကြိမ် လာရောက်ဖူးမြော်တာ ဖြစ်ပါတယ်။ ရွာက လည်း နေ့တိုင်းလိုလို မာရဝိဇယဘုရားကြီး ဖူးမြော်ချင်လို့ ကားတွေစီးပြီး လာရောက် နေကြတာတွေ ရှိပါတယ်။ ဘုရားကြီးက ကြီးကျယ်ခမ်းနားပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဘာသာ ပိုပိုပြီး ချစ်ခင်မြတ်နိုး တန်ဖိုးထားတတ်ဖို့ လူကြီးမိဘတွေအနေ နဲ့ ကလေးငယ်တွေကိုလည်း ဖူးမြော် ကြည်ညိုလေ့လာနိုင်စေဖို့ လိုက်ပါပို့ဆောင် ပေးစေချင်ပါတယ်။ စကျင်ကျောက်တွေ မြန်မာနိုင်ငံမှာ အင်မတန်ထွက်တယ်ဆိုတဲ့ အသိလေးကို နောင်လာနောက်သား ကလေးသူငယ်တွေကနေ မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပြီး နိုင်ငံချစ်စိတ်၊ ဘာသာ တရားချစ်စိတ်၊ လူမျိုးချစ်စိတ်တွေ ပေါက်ဖွားလာမယ့် ဘုရားကြီးလည်း ဖြစ်ပါ တယ်။ ကျွန်မအနေနဲ့ နောက်တစ်ခေါက် လာရောက်ဖူးမြော်ချင်ပါသေးတယ်။
မနန်းမိုးပွင့်ဖြူ၊ ကျောင်းသူ
(ဇေယျာသီရိမြို့နယ်)
ကျွန်မကတော့ ဇေယျာသီရိမြို့နယ်က မိသားစုနဲ့ လာရောက်ဖူးမြော်တာ ပထမဦး ဆုံးဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို စပြီးဖူးလိုက်တဲ့အချိန်မှာ ရင်ထဲမှာ အေးချမ်းပြီးတော့ ကြည်ညိုစိတ် ဖြစ်ပေါ် ပါတယ်။ စိတ်လည်း အလွန်ချမ်းသာပါ တယ်။ ကျောင်းကလည်း မာရဝိဇယ ဘုရားကြီးကို ဖူးမြော်ဖို့ လိုက်ပို့မယ်လို့ လည်း ပြောပါတယ်။
ရုပ်မြင်သံကြားမှာ စတွေ့လိုက်တော့ ဘုရားကြီးဟာ ကြည်ညိုစရာအလွန်ပဲ ကောင်းပါတယ်။ ဘုရားကြီးကို ဖူးမြော် လိုတဲ့ဆန္ဒတွေ အတိုင်းမသိဖြစ်လာတဲ့ အတွက် မိသားစုတွေနဲ့ လာရောက်ဖူးမြော် တာ ဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီး ကို သူငယ်ချင်းတွေနဲ့ ဆွေမျိုးတွေကို တစ်ခေါက်လောက်တော့ လာရောက်ဖူး စေချင်ပါတယ်။
မြန်မာနိုင်ငံတစ်ဝန်းက ကျောင်းသား ကျောင်းသူတွေကိုလည်း ဘုရားကြီးကိုလာရောက်ဖူးမြော်ကြပါလို့ တိုက်တွန်း နှိုးဆော်လိုက်ပါတယ်။
ဟိန်းထက်ဇော်၊
နေဝင်းထွန်း (မြန်မာ့အလင်း)
ဓာတ်ပုံ- ဟိန်းထွန်း