ပူးတွဲအိမ်ရှင် ဩစတြေးလျကို ဂိုးပြတ်အနိုင်ယူပြီး အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲ အင်္ဂလန် တက်လှမ်း

 

အမျိုးသမီး   ကမ္ဘာ့ဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်မှ ဩဂုတ် ၁၆ ရက် ညနေ ၄ နာရီခွဲက ယှဉ်ပြိုင် ကစားခဲ့သည့်     ပူးတွဲအိမ်ရှင် ဩစတြေးလျနှင့်      နာမည်ကြီး အင်္ဂလန်အသင်းတို့    ပွဲစဉ်တွင် အင်္ဂလန်အသင်းက    အကြိတ် အနယ်ကစားပြီး သုံးဂိုး - တစ်ဂိုး ဖြင့် အနိုင်ရှိကာ အသင်းသမိုင်း တစ်လျှောက်    ပထမဆုံးအကြိမ် အဖြစ်    ဗိုလ်လုပွဲသို့   ထိုက်ထိုက် တန်တန် တက်လှမ်းနိုင်ခဲ့သည်။ 
ပရိသတ်     ၇၅၀၀၀  ကျော် လာရောက်ကြည့်ခဲ့သည့် အဆိုပါ ပွဲစဉ်တွင် ဩစတြေးလျအသင်းမှ အသင်းခေါင်းဆောင် ဆမန်သာကား အထူးခြေစွမ်းပြသထားနိုင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုးရယူနိုင်ခဲ့သည်။ နှစ်သင်းကြားခြေစွမ်းမှာ  သိသိသာသာ ကွာဟခြင်းမရှိသော်လည်း အဆုံးသတ်သေချာသည့် အင်္ဂလန်အသင်းက ဂိုးပြတ်နိုင်ပွဲဖော်ဆောင်ကာ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သည်။ ယနေ့ပွဲစဉ်တွင် ဩစတြေးလျအသင်းသည် ဂိုးရရှိနိုင်သည့် အပိုင် အခွင့် အရေး နှစ်ကြိမ်ထက် မနည်းရရှိခဲ့သော်လည်း ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပေ။ 
ပွဲချိန်ပြီးဆုံးရန်  နီးကပ်လာသည်နှင့်အမျှ ဩစတြေးလျအသင်း၏ ဖိအားပေးတိုက်စစ်ဆင်ကစားမှု ပိုမိုထိရောက်မှုရှိခဲ့သော်လည်း တစ်ဖက် ခံစစ်နှင့်   ဂိုးသမားတို့ကို  ကျော်ဖြတ်နိုင်ခြင်းမရှိသည့်အတွက် ဂိုးပြတ် ရှုံးပွဲ ကြုံတွေ့ကာ  ဗိုလ်လုပွဲတက်လှမ်းခွင့်နှင့်  လွဲချော်ခဲ့ခြင်း ဖြစ်သည်။ ဩစတြေးလျအသင်းအတွက် သွင်းဂိုးကို  ကားက သွင်းယူပေးပြီး အင်္ဂလန် အသင်းအတွက် သွင်းဂိုးများကို တိုနီ၊  ဟမ်းပ်နှင့် ရူစ်ဆိုတို့က သွင်းယူ ပေးခဲ့သည်။ 
ဩစတြေးလျအသင်းကို    ဂိုးပြတ်အနိုင်ယူကာ  နောက်တစ်ဆင့် တက်လှမ်းနိုင်ခဲ့သော   အင်္ဂလန်အသင်းသည်   အခြားတစ်ဖက်တွင် နာမည်ကြီး ဆွီဒင်ကို ကျော်ဖြတ်ကာ တက်လှမ်းလာသည့် စပိန်အသင်း နှင့် အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲယှဉ်ပြိုင်ရမည် ဖြစ်သည်။ အင်္ဂလန် နှင့်  စပိန်အသင်းတို့၏  အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲကို လာမည့် ဩဂုတ် ၂၀ ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။      

                         
အောင်ဇော်