
နေပြည်တော် ဩဂုတ် ၁၆
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်တွင် တည်ထားပူဇော် အောင်မြင် ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိ ဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူ၊ ဘုရားဖူးပြည်သူအပေါင်း အခမဲ့ လာရောက်ဖူးမြော်နိုင်ရန် ဩဂုတ် ၈ ရက်မှစတင်၍ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်းဖွင့်လှစ်ထားရှိရာ ယနေ့ နဝမမြောက်နေ့ ဩဂုတ် ၁၆ ရက်တွင် လည်း အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ရဟန်းရှင်လူ ပြည်သူများဖြင့် ဘုရားကြီး ပရိဝုဏ်အတွင်း ကြိတ်ကြိတ်တိုးစည်ကား လျက်ရှိသည်။
စနစ်တကျစစ်ဆေး
ဘုရားဖူးလာ ပြည်သူများနှင့် မော်တော်ယာဉ်များ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေရန် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ယာဉ်ကြောများ ရှင်းလင်းပေးလျက်ရှိပြီး ဘုရားကြီးအဝင် လမ်းတစ်လျှောက်တွင် ဘုရားဖူးလာ ပြည်သူများ၏ မော်တော်ယာဉ်များ စနစ်တကျ စီတန်းရပ်နားထားသည်ကို မျက်စိတဆုံး တစ်မျှော်တစ်ခေါ် တွေ့ရ သည်။ မုခ်ဦးအဝင်သို့ ရောက်ရှိလာသည့် ဘုရားဖူးလာပြည်သူများကို လုံခြုံရေး ဝန်ထမ်းများက စနစ်တကျစစ်ဆေးလျက် ရှိရာ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူ များက ကြည်ဖြူစွာ အစစ်ဆေးခံကြသည်။
စတုဒိသာကျွေးမွေး
ဘုရားကြီးဖူးမြော်ရာတွင် ဘုရား ဖူးလာ လူငယ်လူရွယ်များက ခြေကျင် ဝင်ရောက်ကြပြီး ရဟန်းသံဃာတော်များ နှင့် သီလရှင်များ၊ သက်ကြီးဘိုးဘွားများ နှင့် ကလေးမိခင်များကို ဗုဒ္ဓဥယျာဉ်ဝတ္ထု ကံတော်အတွင်း မပင်မပန်း သွားလာနိုင် စေရန် ဘက်ဂီမော်တော်ယာဉ်ငယ်များဖြင့် အသွားအပြန် ပို့ဆောင်ပေးလျက်ရှိရာ မာရဝိဇယဘုရားကြီး၏ ပရိဝုဏ်အတွင်း ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများ အနေဖြင့် ကြည်ညိုသဒ္ဓါ ပွားများလျက် အလှူငွေများကို ဘုရားဂေါပကအဖွဲ့ထံ၌ လည်းကောင်း၊ အလှူခံပုံးအသီးသီးတွင် လည်းကောင်း စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ထည့်ဝင်လှူဒါန်းလျက် ရှိသည်။ သောက်ရေသန့်များ အခမဲ့ လှူဒါန်းခြင်းနှင့် စတုဒိသာ သက်သတ် လွတ်သီးစုံဒံပေါက်များကိုလည်း ပြည့်စုံ လုံလောက်စွာ ကျွေးမွေးလျက်ရှိသည်။
မာရဝိဇယဘုရားကြီး ရင်ပြင်တော် ပေါ်တွင် စိတ်အေးချမ်းသာစွာ ဘုရား ဝတ်ပြုသူများ၊ ပဌာန်းရွတ်ဖတ်သူများ၊ ဆုတောင်းမေတ္တာပို့သသူများ၊ ကြည်ညို သဒ္ဓါပွားသူများ၊ မုဒိတာပွားများသူများဖြင့် နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း မပျက် စည်ကားလျက်ရှိသည်။
များပြားစည်ကား
ဘုရားကြီး၏ ရင်ပြင်တော်ပေါ်ရှိ သဒ္ဓါ ဓိပတိ ခေါင်းလောင်းတော်ကြီးအား တီးခတ်၍ ကုသိုလ်ပြုအမျှဝေကြသူများ၊ ဘုရားရင်ပြင်တော် အောင်မြေပေါ်တွင် အဓိဋ္ဌာန် ဆုတောင်းဖူးမြော်ကြသူများ၊ ရင်ပြင်တော်ပတ်လည်ရှိ စကျင်ကျောက် များဖြင့် တည်ဆောက်ထားသော ဂန္ဓကုဋိ တိုက် ၂၄ ဆောင်အတွင်းရှိ ဇာတ်နိပါတ် တော်များအား စိတ်ပါဝင်စားစွာ လေ့လာ ဖတ်မှတ်နေကြသူများ၊ ကျောက်စာရုံ စေတီတော် အဆူ ၇၂၀ တို့တွင် ဖူးမြော် ကြည်ညိုသဒ္ဓါပွားများသူများ၊ မုစလိန္ဒ ကန်နှင့် နဂါးရုံဘုရားဖူးမြော်သူများ၊ အဂ္ဂါ ဓိပတိ သာသနာ့ဗိမာန်တော်ကြီးတွင် လေ့လာကြည်ညိုကြသူများနှင့် အသင်း အဖွဲ့လိုက် ဝတ်ရွတ်ပူဇော်သူများ၊ ဇရပ် များအတွင်း အသင်းအဖွဲ့လိုက်နားနေသူ များဖြင့် နေရာလပ်မရှိ များပြားစည်ကား လှသည်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော် ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက် မှစ၍ ၁၆ ရက်အထိ နံနက် ၆ နာရီမှ ည ၈ နာရီအတွင်း အခမဲ့လာရောက် ဖူးမြော်ကြည်ညိုနိုင်ရန် ဖွင့်လှစ်ထားရှိရာ ဘုရားဖူးများဖြင့် အထူးစည်ကားလျက် ရှိသည်ကို တွေ့ရှိရသဖြင့် ရပ်နီး၊ ရပ်ဝေးမှ ရဟန်း၊ ရှင်လူဘုရားဖူး ပြည်သူများ စိတ်အေးချမ်းသာစွာဖြင့် လာရောက် ဖူးမြော် ကြည်ညိုနိုင်ရန်အတွက် ဩဂုတ် ၁၇ ရက်မှ ၁၉ ရက်အထိ ထပ်မံ၍ ရက် သတ်မှတ်တိုးမြှင့် အခမဲ့ဖူးမြော်ကြည်ညို ခွင့်ပြုပေးသွားမည်ဖြစ်သည်။
ဝင်ရောက်လေ့လာကြည့်ရှု
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး သို့ ဩဂုတ် ၂၀ ရက်နှင့် နောက်ပိုင်း လာရောက်ဖူးမြော်ကြသူများအား မာရဝိ ဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥယျာဉ် တော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရန် အတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်း ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကုသိုလ်တော်ဖြစ်ပါဝင်နိုင်ရေး မြန်မာ နိုင်ငံသားလူကြီးတစ်ဦးလျှင် ၁၀၀၀ ကျပ် နှင့် နိုင်ငံခြားသားတစ်ဦးလျှင် 10 USD နှုန်းတို့ဖြင့် သတ်မှတ်ကောက်ခံသွားမည် ဖြစ်ကြောင်းနှင့် အသေးစိတ်ကို မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ Website ဖြစ်သည့် mbiw.myannet.com ၊ www.twitter.com/Maravijaya- နှင့် t.me/Maravijaya တို့တွင် ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါကြောင်း နိဗ္ဗာန် အကျိုးမျှော်၍ နှိုးဆော်အသိပေးအပ် ပါသည်။
ဟိန်းထက်ဇော် (မြန်မာ့အလင်း)
ဓာတ်ပုံ - အိမ့်ဘီလီယံမောင်