(၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023) ကျင်းပပြုလုပ်

 

နေပြည်တော်   ဩဂုတ်   ၁၆


(၁၁) ကြိမ်မြောက်    နိုင်ငံ တကာလုံခြုံရေးညီလာခံ (MCIS – 2023) ကို  ရုရှားနိုင်ငံ  မော်စကို မြို့ရှိ    ရုရှားတပ်မတော်မျိုးချစ် ပန်းခြံတွင်    ဩဂုတ်   ၁၅  ရက် က  ကျင်းပပြုလုပ်ရာ    နိုင်ငံတော် စီမံအုပ်ချုပ်ရေး     ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်   မိန့်ခွန်း   Video Message ပေးပို့၍ ပါဝင်တက်ရောက်သည်။


ညီလာခံကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်ကျင်းပ ပြုလုပ်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်က  Video   Message   ဖြင့် မိန့်ခွန်းပြောကြား၍ ဖွင့်လှစ်ပေး သည်။ ထို့နောက် ဒေသစံတော်ချိန် မွန်းလွဲ ၁၂  နာရီ  မိနစ် ၂၀ မှ  ၂  နာရီအထိ     “အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်ရှိ လုံခြုံရေးဆိုင်ရာ စစ်ဘက်အမြင်များ” ခေါင်းစဉ်ဖြင့် မျက်နှာစုံညီ  အစည်းအဝေး အစီ အစဉ် ပထမပိုင်းကိုလည်းကောင်း၊ မွန်းလွဲ ၃ နာရီ မိနစ် ၂၀ မှ ၄ နာရီ မိနစ်  ၅၀ အထိ   “အာရှ-ပစိဖိတ် ဒေသတွင်းလုံခြုံရေး”    ခေါင်းစဉ် ဖြင့် အစည်းအဝေး ဒုတိယပိုင်းကို လည်းကောင်း၊ ညနေ ၅ နာရီ မိနစ် ၂၀ မှ ၇ နာရီအထိ    “စစ်ဘက် ဆိုင်ရာဌာနများ၏ အပြန်အလှန် ဆက်ဆံရေး-အခြေအနေများနှင့်  မျှော်မှန်းချက်များ” ခေါင်းစဉ်ဖြင့် အစည်းအဝေးတတိယပိုင်းကိုလည်းကောင်း  ကျင်းပ ပြုလုပ်ခဲ့သည်။  အစည်းအဝေးအစီအစဉ် ဒုတိယပိုင်း ပြုလုပ်နေစဉ် မွန်းလွဲ  ၃ နာရီ ၅၂ မိနစ်မှ ၄ နာရီ ၈ မိနစ် အထိ   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏မိန့်ခွန်း Video Message ကို ပြသသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေး   ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းအပြည့် အစုံမှာ   မိမိအနေဖြင့်    ယနေ့ကျင်းပပြုလုပ်သည့် ညီလာခံကို  လူကိုယ်တိုင်   ပါဝင်တက်ရောက်လိုပါ သော်လည်း လုပ်ငန်းတာဝန်များဖြင့် မအားလပ်ခြင်း ကြောင့် ယခုကဲ့သို့ဆွေးနွေးချက် ဗီဒီယိုဖိုင်ဖြင့်သာ ပေးပို့၍ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သောညီလာခံတွင် “အာရှ-ပစိဖိတ် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက် အရေးပါ သော   အာဆီယံအဖွဲ့၏   စည်းလုံးညီညွတ်မှု” နှင့် ပတ်သက်ပြီး  သုံးသပ်ဆွေးနွေးသွားမည်    ဖြစ်ပါ ကြောင်း။


အာရှ-ပစိဖိတ်ဒေသတွင် အာရှကုန်းမြေဒေသ၊ ပစိဖိတ်နှင့်  အိန္ဒိယသမုဒ္ဒရာတို့  အကျုံးဝင်နေပါ ကြောင်း၊ အာရှ-ပစိဖိတ်ဒေသတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော်ဖြစ်သည့် ၄ ဒသမ ၃ ဘီလီယံကျော် နေထိုင်လျက်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံများ ဖြစ်သော တရုတ်နိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့ ပါဝင်တည်ရှိ နေပါကြောင်း။


ဒေါ်လာငွေကြေးကို လက်နက်သဖွယ်အသုံးချ


ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော် နေထိုင်လျက်ရှိသော အာရှ-ပစိဖိတ်ဒေသအတွက် စားနပ်ရိက္ခာလုံခြုံမှုရှိရေးသည်   အခြေခံအကျဆုံး နှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခု ဖြစ်လာပါ ကြောင်း၊ စားနပ်ရိက္ခာလုံခြုံမှုရှိရေးတွင် အဓိကကျ သော စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများအပါအဝင်   အထောက်အကူပြု ပစ္စည်းများရောင်းဝယ်ရာ၌ အချို့နိုင်ငံများသည် ဘဏ္ဍာ ရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီးဖြစ်လာသော ဒေါ်လာငွေကြေး ကို လက်နက်သဖွယ်အသုံးချလျက်ရှိကြောင်း။


၂၀၂၂  ခုနှစ်တွင်   အာရှ - ပစိဖိတ်ဒေသ၏ ရောင်းကုန်   ကုန်သွယ်ခြင်းအနေဖြင့်   အမေရိကန် ဒေါ်လာ ၁၉ ထရီလီယံခန့်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ်ခြင်းအနေဖြင့်   အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံခန့်  ရှိခဲ့ပါကြောင်း၊ ကမ္ဘာ့ပင်လယ်ရေကြောင်းကုန်သွယ်မှုသည် အာရှ-ပစိဖိတ်ဒေသတွင် အများဆုံးဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံများအချင်းချင်း   ကုန်သွယ်မှုပြုရာတွင် အာရှ-ပစိဖိတ်ဒေသ၌ ၅၉ ရာခိုင်နှုန်းခန့် ကုန်ချပြီး ၄၀ ရာခိုင်နှုန်းခန့် ကုန်တင်မှုများရှိပါကြောင်း၊ ထို့ပြင် ကမ္ဘာ့ထိပ်တန်းကွန်တိန်နာဆိပ်ကမ်း  ၃၀  အနက် ၂၀ ခုမှာ အာရှ-ပစိဖိတ်ဒေသတွင်တည်ရှိပြီး ကမ္ဘာ့ ပင်လယ်ရေကြောင်း     ကွန်တိန်နာပို့ဆောင်ရေး လမ်းကြောင်း၏ ၅၆ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထား ပါကြောင်း။


ရေနံနှင့်သဘာဝဓာတ်ငွေ့ဈေးကွက်ကြီးမား


အာရှ - ပစိဖိတ်ဒေသ၏  ရေနံထုတ်လုပ်မှုတွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့ က ဦးဆောင်လျက်ရှိပြီး  တရုတ်နိုင်ငံသည်  ရေနံ ထုတ်လုပ်သည့်    ထိပ်တန်းနိုင်ငံဖြစ်သော်လည်း ပြည်တွင်းသုံးစွဲမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ရေနံများ တင်သွင်းရလျက်ရှိပါကြောင်း၊ အမေရိကန် နိုင်ငံနှင့် တရုတ်နိုင်ငံပြီးလျှင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့ တတိယရေနံသုံးစွဲမှုအများဆုံးနိုင်ငံဖြစ်ပါကြောင်း၊ အာရှ-ပစိဖိတ်ဒေသသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ရေနံ ထုတ်လုပ်မှု၏ ၈ ဒသမ ၃ ရာခိုင်နှုန်းကို ထုတ်လုပ် ထားပြီး ဒေသတွင်းလိုအပ်ချက်အား ပြည့်မီနိုင်ရန် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၃၈ ရာခိုင်နှုန်းကို အာရှ-ပစိဖိတ်ဒေသတွင် သုံးစွဲလျက်ရှိပါကြောင်း၊ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ၏ အချက်အလက်များအရ အာရှ-ပစိဖိတ်ဒေသ၏ ရေနံလိုအပ်ချက်မှာ လက်ရှိကာလ တွင် တစ်ရက်လျှင် ရေနံစည် ၃၀ ဒသမ ၈ သန်းဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင်  တစ်ရက်လျှင်  ရေနံစည်  ၃၈ ဒသမ ၅ သန်းအထိ မြင့်တက်လာနိုင်သည့်အတွက် အာရှ-ပစိဖိတ်ဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ဈေးကွက် ကြီးမားစွာဖြစ်ပေါ်နေပါကြောင်း။


ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်လာ


အာရှ-ပစိဖိတ်ဒေသသည် လူဦးရေများပြားခြင်း နှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် အချက်အချာကျနေခြင်း တို့အပြင် လုံခြုံရေးအပါအဝင်ကဏ္ဍမျိုးစုံ၌ အရေးပါ သည့်ဒေသဖြစ်လာသည့်အတွက် အမေရိကန်နိုင်ငံ အပါအဝင် ဥရောပသမဂ္ဂနှင့် NATO အဖွဲ့ဝင်နိုင်ငံများ ကလည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် အာရှ-ပစိဖိတ်ဒေသအပေါ် စိတ်ဝင်စားမှုမြင့်တက်လာပြီး ဒေသတွင်းနိုင်ငံများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်လာသည်ကို တွေ့ရှိရပါကြောင်း။


သိသာထင်ရှားသည့် သက်ရောက်မှုများဖြစ်ပေါ်


ကပ်ရောဂါဖြစ်ပွားမှု၊  အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ၊  မဖြေရှင်းနိုင်သေးသည့်   နယ်မြေ ပိုင်ဆိုင်ခွင့်  အငြင်းပွားမှုများနှင့်   လတ်တလော ပေါ်ပေါက်နေသော  အရေးအခင်းများ၏  ပေါင်းစပ် သက်ရောက်မှုများကြောင့် မျက်မှောက်ကာလတွင် ကမ္ဘာကြီး၏ အနေအထားသည် ကြီးမားစွာကွဲပြား ကွာဟမှုများနှင့် တွေ့ကြုံနေရပြီး လုံခြုံရေးကဏ္ဍတွင် လည်း အပြိုင်အဆိုင်လွှမ်းမိုးနိုင်ရန် အပြင်းအထန် အားထုတ်မှုများနှင့်အတူ    ကြီးမားသည့်အင်အား ချိန်ခွင်လျှာအပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိပါ ကြောင်း၊ ထိုကဲ့သို့ တည်ငြိမ်လုံခြုံမှုပိုမိုလျော့နည်းလာသည့် ကမ္ဘာ့အနေအထားသည် အာရှ-ပစိဖိတ် ဒေသကြီး၏   လုံခြုံရေးနှင့်စီးပွားရေးကဏ္ဍများ၌ သိသာထင်ရှားသည့် သက်ရောက်မှုများဖြစ်ပေါ်လျက် ရှိပါကြောင်း။


ကမ္ဘာ့အနေအထား မတည်ငြိမ်မှုနှင့် မလုံခြုံမှု တို့မှတစ်ဆင့်  ဖြစ်ပေါ်လာသော   ထိခိုက်မှုများကို လျော့ပါးသွားစေရန် လုပ်ဆောင်ရာ၌ အာဆီယံကဲ့သို့ သော  ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေး   အဖွဲ့ အစည်းများသည် အထူးအရေးကြီးသည့်ကဏ္ဍမှ ပါဝင် လျက်ရှိပါကြောင်း၊ အပြန်အလှန်ဆွေးနွေးမှုများကို မြှင့်တင်ခြင်း၊ ပဋိပက္ခဖြေရှင်းရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ပေးခြင်း၊ စီးပွားရေးပေါင်းစည်းဆောင်ရွက် မှုများကို  တိုးမြှင့်စေခြင်းနှင့်   နိုင်ငံအများပူးပေါင်း ပါဝင်ဆောင်ရွက်မှုကို အားပေးကျင့်သုံးခြင်းများသည် အာရှ - ပစိဖိတ်ဒေသအတွက်   စိန်ခေါ်မှုများအား ရင်ဆိုင်ရာ၌    အထောက်အကူဖြစ်စေသည့်အပြင် မရေရာမတည်ငြိမ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်အနေ အထားအား တည်ငြိမ်အေးချမ်းပြီး သာယာဝပြောမှု တို့ကို ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက်လည်း ကူညီ ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း။


အာဆီယံအဖွဲ့အား ၁၉၆၇ ခုနှစ်တွင် ကနဦး အဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ က အာဆီယံကြေညာချက်ကို လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့ပါကြောင်း၊ ထို့နောက်  ၁၉၈၄  ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင်    ကမ္ဘောဒီးယားနိုင်ငံတို့က    အာဆီယံ အဖွဲ့ဝင်နိုင်ငံများအဖြစ် ဝင်ရောက်လာခဲ့ပါကြောင်း၊ဘာသာရေးအရ ကွဲပြားခြားနားမှုရှိသည့် အာဆီယံ နိုင်ငံများသည်  စတင်ဖွဲ့စည်းခဲ့စဉ်   ချမှတ်ခဲ့သော   အာဆီယံပဋိညာဉ်စာတမ်းပါ အခြေခံမူဝါဒများဖြစ် သည့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏    ပြည်တွင်းရေးကို   မစွက်ဖက်ရေးနှင့်အဖွဲ့ဝင်နိုင်ငံများအကြား  ငြိမ်းချမ်း စွာ  အတူယှဉ်တွဲနေထိုင်ရေးမူများအား   ၎င်း၏ နှစ်ပေါင်း ၅၆ နှစ်တာ သက်တမ်းတစ်လျှောက်လုံး ခိုင်ခိုင်မာမာစွဲကိုင်ရပ်တည်လာခဲ့ပြီး  အဖွဲ့ဝင်နိုင်ငံ များ၏  အကျိုးစီးပွားကို    စည်းလုံးညီညွတ်စွာဖြင့် ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။


ပေါင်းစည်းညီညွတ်မှုကို ဖော်ဆောင်နိုင်


လက်ရှိကာလတွင် လူဦးရေ ၆၈၇ သန်းကျော်ရှိပြီး စီးပွားရေးအရလည်း  GDP  ဒေါ်လာ ၃ ဒသမ ၆၆ ထရီလီယံကျော်ရှိသော အာဆီယံသည် ၎င်း၏ခိုင်မာ တောင့်တင်းသော အင်အားနှင့်စွမ်းပကားကိုအသုံးပြု ၍ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများစွာ၏ အကျိုး စီးပွားအတွက်လည်း  ထမ်းရွက်ပံ့ပိုးပေးနိုင်သည့် အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြေပေါ်၊ မြေအောက် နှင့်  ရေသယံဇာတများထုတ်ယူပြီး   ကမ္ဘာကြီး၏ စွမ်းအင်လိုအပ်ချက်နှင့် စားနပ်ရိက္ခာလိုအပ်ချက်များ အား  တစ်ဖက်တစ်လမ်းမှ   ပံ့ပိုးပေးနေလျက်ရှိပါ ကြောင်း၊ အာရှ-ပစိဖိတ်ဒေသရှိ အာဆီယံအဖွဲ့သည် ဒေသတွင်းပေါင်းစည်းညီညွတ်ရေးနှင့်    ပူးပေါင်း ဆောင်ရွက်ရေးအတွက်   မောင်းနှင်အားတစ်ခုဖြစ် လာခဲ့ပါကြောင်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း၊ နိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း၊ လူမှုရေးနှင့် ယဉ်ကျေးမှုအသိုက်အဝန်းအစရှိသည့့် စုဖွဲ့မှုများနှင့် အာဆီယံအဖွဲ့ဝင်များအကြား စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့်  ယဉ်ကျေးမှုကဏ္ဍများ၌   ပေါင်းစည်း ညီညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။


အာဆီယံအဖွဲ့သည်   စစ်ရေးမဟာမိတ်အုပ်စု မဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ် ရေးပေါင်းစည်းအင်အားမှာ   ကြီးမားလှပါကြောင်း၊ စစ်ရေးအတွေ့အကြုံရှိသည့် ဗီယက်နမ်၊ မြန်မာနှင့် စွမ်းပကားထက်မြက်သောလက်နက်များ ပိုင်ဆိုင် ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အား သည် ကမ္ဘာကြီးအတွက် အသင့်အတင့်အားထားနိုင် သော အခြေအနေတွင်ရှိပါကြောင်း၊ အာဆီယံအဖွဲ့ သည် အာရှ-ပစိဖိတ်ဒေသအတွင်း ပြင်ပအင်အားကြီး နိုင်ငံများနှင့်  ထိတွေ့ဆက်ဆံရာတွင်  အရှေ့အာရှ ထိပ်သီးဆွေးနွေးပွဲ၊ အာဆီယံအပေါင်းသုံး အစရှိသည့် အာဆီယံနှင့် ပြင်ပမိတ်ဖက်နိုင်ငံများအကြား ဆွေးနွေးပွဲ ယန္တရားများတွင် အာဆီယံသည် အဓိကအချက် အချာကျသောအခန်းကဏ္ဍမှ   ပါဝင်လျက်ရှိသည့် အပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအပေါ် ဩဇာသက်ရောက်လျက်ရှိပြီး    ငြိမ်းချမ်းသော ဆက်ဆံရေးလမ်းကြောင်းများကို    အားပေးမြှင့်တင် ကာ  အကျိုးတူကိစ္စရပ်များအတွက် ပူးပေါင်းဆောင်ရွက် မှုများကိုလည်း  အားကောင်းစေလျက်ရှိပါကြောင်း။


အရေးပါသည့်အင်အားအဖြစ် ရှိနေမည်


ထို့ကြောင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး နှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်ရာတွင် မရှိ မဖြစ် အထူးအရေးပါနေသည်ကို တွေ့ရှိရမည်ဖြစ်ပါ ကြောင်း၊ သို့ဖြစ်၍ အာဆီယံ၏ စည်းလုံးညီညွတ်မှု ခိုင်မြဲနေသမျှ အာဆီယံသည် အာရှ-ပစိဖိတ်ဒေသ အတွက်  အရေးပါသည့်အင်အားအဖြစ်   ရှိနေမည် ဖြစ်ပါကြောင်း၊ အာဆီယံအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင် နိုင်ငံများအကြား  စည်းလုံးညီညွတ်မှုကို  အားကြိုး မာန်တက်ဖော်ဆောင်လျက်ရှိချိန်တွင်  တစ်ဖက်တွင် လည်း အဆိုပါစည်းလုံးညီညွတ်မှုကို စိန်ခေါ်နေသောခြိမ်းခြောက်မှုများလည်း ရှိနေပါကြောင်း။


မိမိတို့မြန်မာနိုင်ငံနှင့်ပတ်သက်၍  လက်ရှိကာလ တွင် မြန်မာနိုင်ငံ၏အချို့ဒေသများမှအပ နေရာဒေသ အများစုတွင်  နိုင်ငံရေး၊  စီးပွားရေး၊  လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင်    ဆောင်ရွက်ထားနိုင်ပြီဖြစ်ပါ ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတ သော   ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပပြီး အနိုင်ရရှိသောနိုင်ငံရေးပါတီအား ဒီမိုကရေစီ စံနှုန်းနှင့်အညီ  နိုင်ငံတော်အာဏာကို   ပြန်လည် အပ်နှင်းနိုင်ရေးအတွက်   နိုင်ငံတစ်ဝန်းလုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး နှင့်  နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ်    ဆောင်ရွက်လျက်ရှိသည်ကို ပြောကြားလိုပါကြောင်း။


ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်


အာဆီယံဒေသသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ် သမုဒ္ဒရာတို့ကို   ပေါင်းကူးပေးသည့်နေရာတွင်ရှိပြီး အာရှ-ပစိဖိတ်ဒေသ၏ ဗဟိုချက်အဖြစ် တည်ရှိလျက် ရှိပါကြောင်း၊ အာဆီယံ၏  စည်းလုံးညီညွတ်မှုသည် အာရှ - ပစိဖိတ်ဒေသကြီးတစ်ခုလုံး၏  တည်ငြိမ် အေးချမ်းရေးအတွက် များစွာအရေးပါလျက်ရှိသဖြင့် အနာဂတ်တွင် အာရှ - ပစိဖိတ်ဒေသတွင်း နက်နဲ ရှုပ်ထွေးသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာ တွင် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများအားလုံး ၏ စည်းလုံးညီညွတ်မှု၊  ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာအောင်ဆောင်ရွက်ကာ ကျော်လွှားတုံ့ပြန် သွားကြရမည်ဖြစ်ပါကြောင်း၊ ဒေသတွင်းနိုင်ငံများ အကြား  အငြင်းပွားမှုများနှင့်   ပြဿနာများအား ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေ ရှာသွားရမည်ဖြစ်ပြီး ရရှိလာသော အခွင့်အလမ်းများ ကို အမိအရအသုံးချ၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး အတွက်   ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက်(၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံ ရေးညီလာခံ (MCIS – 2023)ကို ဒေသစံတော်ချိန် ည ၆ နာရီခွဲတွင် ရုပ်သိမ်းလိုက်သည်။


စုစုပေါင်း ၈၀၀ ကျော် ပါဝင်တက်ရောက်

အဆိုပါ (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေး ညီလာခံ (MCIS – 2023)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံ ငါးနိုင်ငံမှ အကြီးအကဲများက Video မှတ်တမ်းပေးပို့ ၍ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း  အပါအဝင် နိုင်ငံပေါင်း ၂၀ မှ  ကာကွယ်ရေးဝန်ကြီးအဆင့်ပုဂ္ဂိုလ်  ၂၀၊ နိုင်ငံ ၁၆  နိုင်ငံမှ   ဒုတိယကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂ နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ် ၁၂ ဦး အပါအဝင် စုစုပေါင်း ၈၀၀ ကျော် ပါဝင် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။ 


သတင်းစဉ်