
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင် တည်ထားပူဇော်ခဲ့သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရဟန်း၊ ရှင်လူပြည်သူအများ ဖူးမြော်ကြည်ညိုနိုင်ရေးအတွက် ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ လုံခြုံရေးအရ လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ကာ အခမဲ့ဝင်ရောက် ဖူးမြော်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အသိပေး နှိုးဆော်ထားခဲ့သည်။
ထို့ကြောင့် ယနေ့ (ဩဂုတ် ၈) ရက် နံနက်ပိုင်းမှစတင်၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား လာရောက်ဖူးမြော်ကြ သည့် အနယ်နယ်အရပ်ရပ်မှ ရဟန်း၊ ရှင်လူ ဘုရားဖူးပြည်သူများ ဖြင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း အထူးစည်ကားလျက်ရှိပြီး အဆိုပါ ဘုရားဖူးပြည်သူများနှင့် တွေ့ဆုံ၍ ကြည်ညိုသပ္ပာယ်လှသည့် မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး အား ကိုယ်တိုင်ကိုယ်ကျ ဖူးမြင်ခဲ့ ရသည့် ရင်တွင်းဝမ်းသာပီတိ စကားသံများကို ရေးသားမျှဝေ လိုက်ရပါသည်။
ဦးဗိုလ်သစ်
(စစ်ကိုင်းတိုင်းဒေသကြီး)
နေပြည်တော် ရောက်တာနဲ့ ဘုရားကြီး ဖူးမြော်ခွင့်ပြုတဲ့ရက် တိုက်ဆိုင်သွားတဲ့အတွက် အခုလို လာရောက်ဖူးမြော်တာပါ။ ဘုရား ကြီးတည်ထားဖို့ စကျင်ကျောက် တော်တွေကို ရေလမ်းကြောင်း၊ ကုန်းလမ်းကြောင်းကနေ အဆင့် ဆင့် သယ်ဆောင်လာပုံတွေကို ရုပ်မြင်သံကြားက ပြသကတည်း က အလွန်ပီတိဖြစ်နေခဲ့တာပါ။ အခုလို အခက်အခဲအမျိုးမျိုးက အောင်မြင်စွာ တည်ထားနိုင်ခဲ့တဲ့ အတွက် ဖော်မပြနိုင်လိုက်အောင် ဝမ်းသာမိပါတယ်။ တကယ့်ကို ထူးခြားပြီး သမိုင်းဝင် ဘုရားကြီး တစ်ဆူလည်း ဖြစ်ပါတယ်။ အပြင် မှာ ကိုယ်တိုင်ကိုယ်ကျ ဖူးမြော် ရတော့ အင်မတန် ခမ်းနား ထည်ဝါသပ္ပာယ်လှတာကို တွေ့မြင် ရပါတယ်။ ဘုရားကြီးတည်ထား ပူဇော်ဖို့ ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေ အားလုံးကို ကျေးဇူးအထူးတင်ပါတယ်။ ရပ်ဝေး ရပ်နီးက ဓမ္မမိတ်ဆွေအပေါင်း လည်း ဘုရားကြီးကို လာရောက် ဖူးမြော်ကြပါလို့ နှိုးဆော်လို ပါတယ်။
ဒေါ်ခင်အုန်းမြင့် (ပျဉ်းမနားမြို့)
ဘုရားကြီးက ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်တွေအနက် ဉာဏ် တော်အမြင့်ဆုံး ဘုရားကြီးလို့ သိရပါတယ်။ မြန်မာနိုင်ငံတင် မကဘူး တခြားနိုင်ငံမှာပါ မရှိတဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။ ကျွန်မ အသက် (၆၇) နှစ်ရှိပါပြီ။ ဒီလို ဉာဏ်တော်မြင့်တဲ့ ဘုရားကြီးကို မဖူးမြော်ဖူးပါဘူး။ အခုဖြစ်ချင်တဲ့ လိုအင်ဆန္ဒတွေ ဖြစ်မြောက် သွားပါပြီ။ အလွန်အားရ ဝမ်းသာ ဖြစ်မိပါတယ်။ ဘုရားကြီးကို တည်ထားပူဇော်တဲ့ တာဝန်ရှိသူ တွေ အားလုံးကိုလည်း ကျေးဇူး အထူးတင်ပါတယ်။ ဝမ်းမြောက် ဝမ်းသာနဲ့ သာဓုခေါ်ပါတယ်။ ဘုရားကို ဖူးမြော်ပြီး ခုနစ်ရက် သားသမီး အပေါင်းကိုလည်း မေတ္တာပို့ခဲ့ပါတယ်။ ဒါကြောင့် ဘုရားကြီးကို မဖူးမြော်ရသေးတဲ့ သူတွေ အရောက်လာကြပါလို့ တိုက်တွန်းလိုပါတယ်။ အဘွား ကိုယ်တိုင်လည်း မကြာခဏ လာရောက် ဖူးမြော်သွားမှာပါ။
ဦးကြည်အောင် (လယ်ဝေးမြို့)
ဒီဘုရားကြီးကို ဖူးမြော်ချင် လွန်းလို့ စောင့်မျှော်နေခဲ့တာ ကြာပါပြီ။ ဖူးမြော်ခွင့်ပေးတဲ့ ဒီနေ့ နံနက် အစောပိုင်းကတည်းက ကျွန်တော်တို့ သူငယ်ချင်းတွေစုပြီး လာရောက် ဖူးမြော်ခြင်းဖြစ်ပါ တယ်။ ဘုရားကြီးကို ရုပ်မြင် သံကြားမှာ ခဏခဏမြင်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာ ထင်မှတ် မထားလောက်အောင် ကြည်ညို သပ္ပာယ်ဖွယ် ကောင်းလွန်းလှပါ တယ်။ ဘုရားကြီးရဲ့ ဘုန်းတန်ခိုး တော်ကြောင့် မနက်အစောပိုင်း ကတည်းက လာရောက်ဖူးမြော်တဲ့ သူတွေ အင်မတန်များပြားလှတာ ကို တွေ့ရပါတယ်။ နောက်ပြီး ကျောက်စာရုံစေတီတွေမှာလည်း ပိဋကတ်သုံးပုံ ကျမ်းစာတွေကို ဘုရားဖူးလာပြည်သူတွေ လေ့လာ နိုင်အောင် ရေးထိုးထားတာကို အံ့မခန်းတွေ့ရပါတယ်။ မုစလိန္ဒ ကန်နဲ့ နဂါးရုံဘုရားကိုလည်း သွားရောက် ဖူးမြော်သွားမှာပါ။ ဘုရားကြီးကို တည်ဆောက် ပူဇော်ပေးတဲ့ နိုင်ငံတော်က တာဝန် ရှိသူတွေအားလုံးကို ကျေးဇူးတင် ပါတယ်။ ဘုရားဖူးပြည်သူတွေ သုံးဆောင်ဖို့ လှူဒါန်းတဲ့ သက်သတ်လွတ် သီးစုံဒံပေါက်ကို လည်း ကုသိုလ်ပြု စားသုံးခဲ့ပါ တယ်။ ဗုဒ္ဓဘာသာ မြန်မာလူမျိုး တွေအနေနဲ့ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်တွေအနက် ဉာဏ် တော်အမြင့်ဆုံးဖြစ်တဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မဖြစ် မနေ လာရောက်ဖူးမြော်ကြစေလို ပါတယ်။
ကိုကျော်သူရထွန်း
(တောင်ကြီးမြို့)
ကျွန်တော်က တောင်ကြီး မြို့ကနေ နေပြည်တော်ကို အလုပ် ကိစ္စနဲ့ ရောက်နေတာ ဖြစ်ပါတယ်။ မာရဝိဇယဘုရားကြီးကို ဒီနေ့မှာ စတင်ဖူးမြော်ခွင့်ပြုမယ်လို့ သိရ တဲ့အတွက် မအားတဲ့ကြားက တကူးတက လာရောက်ဖူးမြော် တာဖြစ်ပါတယ်။ ဘုရားကြီး တည်ဆောက်ပူဇော်ဖို့ စကျင် ကျောက်တော် သယ်ယူတဲ့အခါမှာ လည်း ရေလမ်း၊ ကုန်းလမ်းအပြင် နေ့ရောညပါ သယ်ယူရတဲ့အတွက် နေပြည်တော်ကို ရောက်ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။ ဘုရား ကြီး ပင့်ထောင်တဲ့အခါမှာလည်း ခေတ်မီစက်ယန္တရားတွေ အသုံးပြု ခဲ့ရတယ်လို့ သိရပါတယ်။ ဒီလို အခက်အခဲတွေကြားကနေ တည် ထား ပူဇော်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်။
အခုလိုဘုရားကြီးကို မျက်မြင် လာရောက် ဖူးမြော်ခွင့်ရတဲ့ အတွက်လည်း ဝမ်းသာကျေနပ် ပါတယ်။ နောက်ပြီး ဘုရားကြီးက စကျင်ကျောက်နဲ့ ထုဆစ်တာ အကြီးမားဆုံး ဖြစ်တဲ့အတွက် မှတ်တမ်းတင်ထိုက်စရာ ဘုရား တစ်ဆူလည်းဖြစ်ပါတယ်။ ဘုရား ရဲ့ ပတ်ပတ်လည်စောင်းတန်းတွေ မှာ ၅၅၀ ဇာတ်နိပါတ်တော် နဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းဒေသနာတော် တွေကို ထုဆစ်ထားတဲ့ ဗိသုကာ လက်ရာတွေကိုလည်း တွေ့ရပါ တယ်။ ကျောက်စာရုံကြီးမှာ ပိဋကတ်သုံးပုံကို ရေးထိုးတယ် ဆိုတော့ တကယ်ကို ထူးခြားပါ တယ်။ အနယ်နယ်အရပ်ရပ်က ပြည်သူတွေလည်း မာရဝိဇယ ဘုရားကြီးကို လာရောက်ဖူးမြော် ကြပါ။ ကျွန်တော့်လိုပဲ ဘုရားကြီး ထဲရောက်တာနဲ့ စိတ်အေးချမ်းတဲ့ ခံစားချက်ကို ရရှိမှာဖြစ်ပါတယ်။
ဦးပွကြီး (လယ်ဝေးမြို့နယ်)
ဒီနေ့မှာ မာရဝိဇယဘုရားကြီး ကို ဖူးမြော်လို့ရပြီဆိုလို့ ရွာသူ ရွာသားတွေနဲ့အတူ လာရောက် ဖူးမြော်ကြတာ ဖြစ်ပါတယ်။ ရုပ်မြင်သံကြားမှာ ခဏခဏ တွေ့နေရတော့ ဘုရားကြီးကို ဖူးမြော်ချင်လွန်းလို့ ချက်ချင်းပဲ လာခဲ့တာ ဖြစ်ပါတယ်။ အခုလို ဘုရားကြီးကို မျက်မြင်ဖူးမြော် လိုက်ရတော့ ရင်ထဲမှာ ဝမ်းသာ ပီတိတွေဖြစ်နေတာ အမှန်ပါပဲ။ ဘုရားကြီးကို တည်ထားပူဇော်ပေး တဲ့သူတွေ အားလုံးကို ကျေးဇူးတင် ပါတယ်။ ဘုရားကြီးကို ဖူးမြော် ရတာ စိတ်ချမ်းသာ ကိုယ်ချမ်းသာ ဖြစ်လို့ အနယ်နယ်အရပ်ရပ်က ပြည်သူတွေကိုလည်း လာရောက် ဖူးမြော်ကြပါလို့ ဖိတ်ခေါ်ချင် ပါတယ်။
ဦးကျော်ထူး (ပျဉ်းမနားမြို့)
ဒီနေ့ ကျွန်တော်တို့မိသားစု မာရဝိဇယဘုရားကြီးကို လာ ရောက်ဖူးမြော်ကြတာ ဖြစ်ပါ တယ်။ မထင်ထားလောက်အောင် ကို ဘုရားကြီးကသပ္ပာယ်ကြည်ညို စရာကောင်းလှပါတယ်။ နောက်ပြီး စကျင်ကျောက်တွေနဲ့ ထုဆစ်ထား တဲ့အတွက် ထူးခြားတဲ့ဘုရား တစ်ဆူလည်း ဖြစ်ပါတယ်။ ဘုရား စောင်းတန်းတွေကိုလည်း စကျင် ကျောက်တွေနဲ့ပဲ ဆောက်လုပ် ထားတယ်လို့သိရပါတယ်။ ဘုရား ကြီးဖူးမြော်ပြီးရင် စောင်းတန်း တွေထဲမှာရှိတဲ့ ဇာတ်နိပါတ်တော် တွေနဲ့ ၂၄ ပစ္စည်း ပဋ္ဌာန်းဒေသနာ တော်တွေကို ဆက်လက်လေ့လာ ကြည်ညိုနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ကျောက်စာရုံစေတီတော် မှာလည်း ပိဋကတ်သုံးပုံကျမ်းစာ တွေ ရေးထိုးပူဇော်ထားတာကို သိရှိရတဲ့အတွက် သွားရောက် လေ့လာမှာပါ။ မြန်မာနိုင်ငံအတွင်း မှာရှိတဲ့ ကုသိုလ်ရှင်တွေလည်း ဘုရားကြီးကို လာရောက်ဖူးမြော် ပြီး လှူနိုင်တန်းနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။
ဦးသန်းမြင့် (ပျဉ်းမနားမြို့)
ကျွန်တော် မျက်စိခွဲထားတာ မကြာသေးပါဘူး။ ရေတောင်ထိလို့ မရသေးပါဘူး။ ဒါပေမယ့် ဘုရား ကြီးကို အင်မတန်ဖူးမြော်ချင်လွန်း လို့ မိုးရွာနေတာတောင် မရောက် ရောက်အောင် မိသားစုနဲ့အတူ လာရောက်ဖူးမြော်တာ ဖြစ်ပါ တယ်။ ကျွန်တော့်ဘဝမှာ စကျင် ကျောက်နဲ့ ထုဆစ်ထားတဲ့ အကြီးမားဆုံးဘုရားကို ပထမဆုံး ဖူးမြော်ခွင့်ရတာ ဖြစ်ပါတယ်။ အင်မတန် ကြည်ညိုသပ္ပာယ်ဖွယ် ကောင်းပါတယ်။ အရင်က ရုပ်မြင် သံကြားနဲ့ လူမှုကွန်ရက်စာမျက်နှာ တွေပေါ်မှာပဲ ဖူးမြော်နေခဲ့ရတာပါ။ အခုလို မျက်မြင်ကိုယ်တွေ့ ဖူးမြော်ခွင့်ရတဲ့အတွက် ဝမ်းသာ ပီတိဖြစ်မိပါတယ်။ ဘုရားကြီး ပတ်လည်က စောင်းတန်းထဲမှာ ရှိတဲ့ ဗိသုကာလက်ရာတွေက လည်း ကျွန်တော့်အတွက်တော့ အံ့မခန်းပါပဲ။ ရပ်ဝေးက ပြည်သူ တွေကိုလည်း လာရောက်ဖူးမြော် ရင်း ကုသိုလ်ယူကြပါလို့ တိုက်တွန်း နှိုးဆော်လိုပါတယ်။
တွေ့ဆုံမေးမြန်း - အောင်သန့်
ဓာတ်ပုံ - ဖိုးပြည့်စုံ