မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဩဂုတ် ၈ ရက်မှ ၁၆ ရက်အထိ အခမဲ့ဖူးမြော်ခွင့်ပြုသွားမည်

 

နေပြည်တော်   ဩဂုတ်   ၃


ပြည်ထောင်စုနယ်မြေ   နေပြည်တော်  ဒက္ခိဏ သီရိမြို့နယ်ရှိ  ဗုဒ္ဓဥယျာဉ်  ဝတ္ထုကံတော်တွင် တည်ထားပူဇော်  အောင်မြင်ခဲ့သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ  ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များ အနက်   ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့်   မာရဝိ ဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး    ဗုဒ္ဓါဘိသေက အနေကဇာတင်၍    ဗုဒ္ဓါဘိသိက်သွန်းလောင်း  ပူဇော်ခြင်း၊    ကျောက်စာရုံစေတီတော်များအား  ရွှေထီးတော်တင်လှူပူဇော်ခြင်းနှင့်    ရေစက်ချ အောင်ပွဲ  မင်္ဂလာကုသိုလ်တော်    မဟာမင်္ဂလာ အခမ်းအနားများကို ဩဂုတ် ၁ ရက်    ဒုတိယ  ဝါဆိုလပြည့်နေ့တွင်       အောင်မြင်စွာကျင်းပ ပြုလုပ်ခဲ့ပြီးဖြစ်သည်။


မာရဝိဇယ     ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော်အတွင်း ဘုရား၊ ကျောင်း၊ ကန်၊ သိမ်၊ ဇရပ်၊ တံတား၊ ဥယျာဉ်များ  ပြည့်စုံစွာဖြင့် ထည့်သွင်းတည်ဆောက်ထားရှိပြီး   ဘုရားဖူးလာ ပြည်သူများ    အနားယူနိုင်ရန်နှင့်     ရုပ်ပွားတော် မြတ်ကြီးအား       စိတ်အေးချမ်းသာစွာဖြင့် ဖူးမြော်ကြည်ညိုနိုင်ရန်     ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်များ၊   ရေပန်းရင်ပြင်၊  မာရဝိဇယ ကျောင်းတော်၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်  ကြီးနှင့် ဘုရားဖူးလာမိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ချိန်တွင်   ပိဋကတ်သုံးပုံတော်လာ    အဋ္ဌကထာ ဋီကာကျမ်းစာများကို    တစ်ပါတည်းလေ့လာ  နာယူကြည်ညိုနိုင်ရေး   စကျင်ကျောက်ချပ်များ ပေါ်၌     ခေတ်မီစက်ကိရိယာများ   အသုံးပြုပြီး ပါဠိအက္ခရာ၊  Romanize  Language  တို့ဖြင့် ကျောက်စာတော်များထွင်းထု၍  ကျောက်စာရုံ စေတီ ၇၂၀ ကိုလည်း ထည့်သွင်းတည်ဆောက်ထား ရှိပါသည်။  ယခုအခါ    မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား   ဗုဒ္ဓါဘိသေက   အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းလောင်းပူဇော်ခြင်း၊   ကျောက်စာရုံ စေတီတော်များအား ရွှေထီးတော်တင်လှူပူဇော် ခြင်းနှင့် ရေစက်ချအောင်ပွဲမင်္ဂလာ ကုသိုလ်တော် မဟာမင်္ဂလာအခမ်းအနားများ   ပြုလုပ်ရာတွင် အသုံးပြုခဲ့သည့်မဏ္ဍပ်များနှင့်   အသုံးအဆောင် ပစ္စည်းများကို ပြန်လည်သိမ်းဆည်းခြင်းလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိသည်။


သို့ဖြစ်ပါ၍ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား  ရဟန်း၊ ရှင်လူ အများပြည်သူများ ဖူးမြော် ကြည်ညိုနိုင်ရေးအတွက်  ဩဂုတ်  ၈  ရက်မှစ၍ ၁၆ ရက်အထိ   လုံခြုံရေးအရ   လိုအပ်သည့် စစ်ဆေးမှုများဆောင်ရွက်ကာ    အခမဲ့ဝင်ရောက် ဖူးမြော်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း   နိဗ္ဗာန် အကျိုးမျှော်၍ အသိပေးနှိုးဆော်ထားသည်။


သတင်းစဉ်